News

POST TYPE

RELAX

ခြောက်ကြိမ်မြောက် ဝဿန်ရုပ်ရှင်ပွဲတော်တွင် အရှေ့တောင်အာရှ အကောင်းဆုံး မှတ်တမ်းရုပ်ရှင်ဆု မြန်မာနိုင်ငံမှ တစ်မိုးအောက် ဇာတ်ကား ရရှိ
12-Sep-2016

ရန်ကုန်၊ စက်တင်ဘာ ၁၂

မြန်မာနိုင်ငံမှာ ခြောက်ကြိမ်မြောက်အဖြစ် ကျင်းပတဲ့ ဝဿန် ရုပ်ရှင်ပွဲတော်မှာ အရှေ့တောင်အာရှ အကောင်းဆုံး မှတ်တမ်း ရုပ်ရှင်ဆုကို ဒါရိုက်တာ မီမီလွင်ရဲ့ တစ်မိုးအောက် ဇာတ်ကားက ရရှိသွားခဲ့ကြောင်း ယင်းရုပ်ရှင်ပွဲတော်ရဲ့ စီစဉ်သူ တစ်ဦးဖြစ်တဲ့ ဦးသိဒ္ဓိက The Voice ကို ပြောကြားပါတယ်။ 

“ဒီနှစ်ကတော့ ဆုအရေအတွက်တွေလည်း ထပ်တိုးပြီးတော့ ကျွန်တော်တို့ ချီးမြှင့်ခဲ့ပါတယ်။ စုစုပေါင်း ဆုက ၆ ဆု ဖြစ်သွားတာပေါ့။ ဒီနှစ်မှာ ဒိုင်တွေက ပင်မ ရေစီးကြောင်းကနေ ခွဲထွက် ရိုက်ကူးထားတဲ့ ဇာတ်ကားတွေကို ဆုရွေးချယ် ချီးမြှင့် ပေးတာကို တွေ့ရပါတယ်။ ပြိုင်ပွဲဝင် ဇာတ်ကားတွေ အားလုံးရဲ့ အရည်အသွေးကိုတော့ ကျွန်တော်တို့ ကျေနပ် အားရပါတယ်”လို့ ယခုနှစ် ဝဿန် ရုပ်ရှင်ပွဲတော်နဲ့ ပတ်သက်ပြီး ၎င်းက ထပ်လောင်း ပြောဆိုပါတယ်။ 

ယခုနှစ် ဝဿန် ရုပ်ရှင်ပွဲတော်မှာတော့ Best Cinematography Award ဆုကို မြစ်လေကို ဆန်၍ ဇာတ်ကားမှ မိုးသွန်း၊ Best Acting Award ဆုကို Book Lover ဇာတ်ကားမှ မွန်သီခိုင်၊ Best Short Film Award ဆုကို Period ဇာတ်ကားမှ ဒါရိုက်တာ နှင်းအိလှိုင်၊ Best Documentary Film Award ဆုကို Move ဇာတ်ကားမှ ခွန်စိုးမိုးအောင်၊  Special Mention ဆုကို Mother ဇာတ်ကားမှ ဒါရိုက်တာ ရွှန်းဝင့်အောင်နဲ့ Best South East Asia Documentary Award ဆုကို တစ်မိုးအောက် ဇာတ်ကားမှ ဒါရိုက်တာ မီမီလွင်တို့က ရရှိခဲ့ပါတယ်။ 

“ဒီဇာတ်ကားနဲ့ ဆုရလိမ့်မယ်လို့ မှန်းမထားခဲ့ပါဘူး။ အခုလို ဆုရခဲ့တဲ့အတွက် အရမ်း ပျော်ပါတယ်။ ဒါရိုက်တာ၊ အယ်ဒီတာ အနေနဲ့ ပထမဆုံး ရိုက်တဲ့ ဇာတ်ကားနဲ့ ဆုရခဲ့တဲ့အတွက်လည်း ရှေ့ဆက်မယ့် ခြေလှမ်းတွေအတွက် အားတွေ ပိုရှိလာပါတယ်။ ဒီဆုက ကျွန်မအတွက် ခွန်အား တစ်ခုပါပဲ”လို့ အရှေ့တောင်အာရှ အကောင်းဆုံး မှတ်တမ်း ရုပ်ရှင်ဆုကို ရရှိခဲ့တဲ့ ဒါရိုက်တာ မီမီလွင်က ပြောကြားပါတယ်။ 

အရှေ့တောင်အာရှ အကောင်းဆုံး မှတ်တမ်း ရုပ်ရှင်ဆုကို ရရှိခဲ့တဲ့ ဒါရိုက်တာ မီမီလွင်ရဲ့ တစ်မိုးအောက် ဇာတ်ကားကတော့ မြန်မာနိုင်ငံ အလယ်ပိုင်းရှိ အပူပိုင်းဒေသမှာ ထန်းလျက်ချက်တဲ့ လုပ်ငန်းနဲ့ အသက်မွေးတဲ့ မိသားစု တစ်စု အတွင်းမှာ စာဖတ် ဝါသနာပါတဲ့ ဖခင်နဲ့ စာဖတ်ခြင်းကို သိပ်ပြီး အားမပေးတဲ့ မိခင်ဖြစ်သူတို့ကြားမှာ ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေနဲ့ စာဖတ်ခြင်းရဲ့ အရေးပါပုံကို မီးမောင်း ထိုးပြထားတဲ့ ဇာတ်ကား ဖြစ်ပါတယ်။ 

ယခုနှစ် ဝဿန် ရုပ်ရှင်ပွဲတော်ကိုတော့ စက်တင်ဘာလ ၇ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ ရန်ကုန်မြို့၊ ဝဇီရာ ရုပ်ရှင်ရုံမှာ ကျင်းပခဲ့တာ ဖြစ်ပြီး ပြည်တွင်း ပြိုင်ပွဲကဏ္ဍအတွက် ဇာတ်လမ်းတိုနဲ့ မှတ်တမ်းရုပ်ရှင် ၁၅ ကား ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး၊ ယခုနှစ်မှာ ပထမဆုံးအကြိမ် ထည့်သွင်းတဲ့ အရှေ့တောင်အာရှ မှတ်တမ်းရုပ်ရှင် ပြိုင်ပွဲ ကဏ္ဍမှာတော့ ပြိုင်ပွဲဝင် ဇာတ်ကား ၉ ကား ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။


  • VIA