News

POST TYPE

RELAX

တေးသံရှင် ဟဲလေး၊ အိမ့်ချစ်တို့နဲ့ တွေ့ဆုံခြင်း
11-Feb-2018 tagged as အနုပညာ

“အိမ့်ချစ်နဲ့ မှတ်တိုင်လေးတစ်ခု အတူစိုက်ခွင့်ရတဲ့အတွက်လည်း အရမ်းကို ဝမ်းသာပါတယ်” (ဟဲလေး)

“သီချင်းကတော့ ဒီနှစ်သင်္ကြန်မှာ အရမ်းပေါက်တဲ့ သီချင်းတစ်ပုဒ်ဖြစ်မယ်လို့ အိမ့်ချစ်ကတော့ ထင်ပါတယ်” (အိမ့်ချစ်)

တေးသံရှင် ဟဲလေး၊ အိမ့်ချစ်တို့နဲ့ တွေ့ဆုံပြီး ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ထွက်ရှိမယ့် “ချောကလက်မှိုတက် ညိုပြာညက်” စီးရီးကို နှစ်ယောက်တွဲလုပ်ဖြစ်တဲ့ အကြောင်းရင်း၊ ပါဝင်မယ့် သီချင်းတွေအကြောင်း၊ သီချင်းဟောင်းတွေ ပြန်လည်သီဆိုဖြစ်တဲ့ အကြောင်းတွေကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : “ချောကလက်မှိုတက် ညိုပြာညက်” စီးရီးကို နှစ်ယောက်ပေါင်းပြီး လုပ်ဖြစ်သွားတဲ့ အကြောင်းကနေစပြီး ပြောပြပေးပါဦး။
HL : အိမ့်ချစ်နဲ့က လုပ်ဖော်ကိုင်ဖက်တွေတင် မဟုတ်ပါဘူး။ အပြင်မှာလည်း တကယ့် သူငယ်ချင်းတွေလို၊ မောင်နှမတွေလို ရင်းရင်းနှီးနှီး ပေါင်းခဲ့ကြတာပါ။ အပြင်မှာတွေ့ ဖြစ်ကြရင်းနဲ့  နှစ်ယောက်တွဲ စီးရီးလေးလုပ်ဖို့ တိုင်ပင်ဖြစ်ကြပါတယ်။ အိမ့်ချစ်နဲ့ မှတ်တိုင်လေးတစ်ခု အတူစိုက်ခွင့်ရတဲ့အတွက်လည်း အရမ်းကို ဝမ်းသာမိပါတယ်။

EC : အိမ့်ချစ်တို့  ဒီအခွေလေးလုပ်နေတာ တစ်နှစ်ကျော်လောက်တော့ ရှိပါပြီ။ အခုချိန်မှာ ဒီစီးရီးလေး ထွက်နိုင်တော့မယ်ဆိုတော့ အများကြီးလည်း ဝမ်းသာမိပါတယ်။ ဒီခွေထဲမှာ ပရိသတ်တွေ ကြိုက်ခဲ့တဲ့ သီချင်းဟောင်း လေးတွေကို ပြန်ဆိုထားပါတယ်။ သီချင်းအသစ်လေးတွေလည်း ပါဝင်ပါတယ်။

Voice : ဒီခွေမှာ ဘယ်လိုသီချင်းမျိုးတွေ ပါဝင်မလဲ။ စုံတွဲသီချင်းကရော ဘယ်နှပုဒ်ပါမလဲ။
HL : ဒီခွေမှာ သီချင်းအားလုံးပေါင်း ၁၀ ပုဒ် ပါဝင်ပါမယ်။ သီချင်းအဟောင်းကတော့ တစ်ယောက်သုံးပုဒ်စီ ဆိုထားတယ်။ ကျန်တဲ့ သီချင်းလေးပုဒ်ကတော့ အသစ်တွေပါ။ ချောကလက်မှိုတက် ညိုပြာညက်၊ ခွင့်လွှတ်ချစ်၊ ထာဝရအတွက် ချစ်သွားမှာ၊ မှဲ့ဆိုတဲ့ သီချင်းတွေကတော့ အသစ်တွေပါ။ 

Voice : သီချင်းအဟောင်းတွေကကျတော့ရော ဘယ်သီချင်းတွေ ပြန်ဆိုထားတာလဲ။
EC : သီချင်းအဟောင်းတွေကတော့ ပရိသတ်တွေ ကြားလိုက်တာနဲ့  မြူးမြူးကြွကြွလေး ခံစားရစေမယ့် သီချင်းမျိုးလေးတွေကိုပဲ အိမ့်ချစ်တို့ ရွေးချယ်ထားပါတယ်။ ပရိသတ်တွေရဲ့ ရင်ထဲမှာရှိခဲ့တဲ့ သီချင်းဟောင်းလေးတွေပါ။ အားလုံးကြားလိုက်တာနဲ့  ပျော်သွားမယ့် သီချင်းတွေပါ။ ဥပမာ- အရင်ကနာမည်ကြီးခဲ့တဲ့ ဒါလေးများသီချင်းကို ဒီခွေထဲမှာ ပြန်ဆိုထားပါတယ်။

Voice : ဖေ့စ်ဘွတ်ခ်မှာ ဟဲလေးရဲ့ မူပိုင်စကားလုံးဖြစ်တဲ့ “မှဲ့” ကလည်း သီချင်းဖြစ်သွားပြီပေါ့။
HL : “မှဲ့” ကတော့ ထိုင်း Cha Cha သီချင်းပုံစံမျိုးလေး ရေးထားတာပါ။ အဲ့ဒီတီးလုံးမျိုးနဲ့ ယိုးဒယားမလေးတွေ အရမ်းကလေ့ ရှိကြတယ်။ “မှဲ့” တယ်ဆိုတဲ့ စကားလုံးကလည်း ကောင်းတယ်၊ မိုက်တယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ပြောတာပါ။ ပျော်စရာကောင်းတဲ့ သီချင်းလေးတစ်ပုဒ်ဖြစ်မှာပါ။ ပရိသတ်တွေအားလုံး လိုက်ကလို့ကောင်းမယ့် သီချင်းလေးတစ်ပုဒ်ပေါ့။

EC : “မှဲ့” သီချင်းကတော့ ဒီနှစ်သင်္ကြန်မှာ အရမ်းပေါက်တဲ့ သီချင်းတစ်ပုဒ် ဖြစ်မယ်လို့ အိမ့်ချစ်ကတော့ ထင်ပါတယ်။ သီချင်းကို ကြားလိုက်တာနဲ့ မြူးပြီးကချင်စိတ် ပေါ်လာမှာပါ။ အိမ့်ချစ်တို့ခွေက ချစ်သူများနေ့နဲ့ကပ်ပြီး ထွက်ပေမယ့် သင်္ကြန်မှာလည်း ကဲလို့ကောင်းမယ့် သီချင်းမျိုးတွေလည်း အများကြီးပါပါတယ်။ 

Voice : ဒီစီးရီးအတွက် Promotion အစီအစဉ်တွေကိုလည်း ပြောပြပေးပါဦး။
EC : ကိုဟဲလေးနဲ့ အိမ့်ချစ်ရဲ့ “ချောကလက်မှိုတက် ညိုပြာညက်” စီးရီးက ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ထွက်ပါမယ်။ ညနေ ၅ နာရီကနေ ၇ နာရီအထိကို မြန်မာပလာဇာမှာ လက်မှတ်ရေးထိုး ရောင်းချပွဲရှိပါတယ်။ ပရိသတ်တွေအတွက် အမှတ်တရ လက်ဆောင်လေးတွေ စီစဉ်ထားသလို၊ သီချင်းတွေနဲ့လည်း ဖျော်ဖြေသွားမှာပါ။ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာတော့ မန္တလေးမှာရှိတဲ့ Amazing World မှာ လက်မှတ်ရေးထိုး ရောင်းချပွဲရှိပါတယ်။

HL : မန္တလေးနဲ့ရန်ကုန်က ပရိသတ်တွေကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့နဲ့ ၁၈ ရက်နေ့တွေမှာ တွေ့ဆုံဖို့ မျှော်လင့်ထားပါတယ်။ အားလုံးကိုလာခဲ့ကြဖို့လည်း ဖိတ်ခေါ်ပါတယ်။ စီးရီးခွေ ပရိုမိုးရှင်းဆိုတာထက်ကို ကျွန်တော်တို့ ပရိသတ်တွေနဲ့တွေ့ချင်တယ်။ ပျော်ချင်တယ်။ ခုန်ပေါက်ချင်တယ်။ သီချင်းတွေအတူတူ ဆိုချင်ပါတယ်။ အားလုံးကိုလာခဲ့ကြဖို့ဖိတ်ခေါ်ချင်ပါတယ်။