News

POST TYPE

RELAX

နယ်သာလန်နိုင်ငံ၏ ထူးဆန်းသော အလေ့အထများ
10-Feb-2018

နယ်သာလန်နိုင်ငံကို သွားလည်ပတ်လိုသူများအနေနှင့် အောက်ဖော်ပြမည့်အချက်များကို ဦးစွာ လေ့လာထားသင့်ပါသည်။ 



သူတို့နိုင်ငံထုတ် ဘီယာသာနှစ်သက်သည်

နယ်သာလန်နိုင်ငံတွင် လူတစ်ဦးလျှင် တစ်နှစ် အနည်းဆုံး ဘီယာ ၇၄ လီတာ (ဂါလန် ၂၀ ခန့်) သောက်သုံးကြောင်း သိရသည်။ မက္ကဆီကိုနိုင်ငံသို့ ဘီယာတင်ပို့မှုတွင်လည်း ဒုတိယနေရာတွင် ရှိနေသည့် နိုင်ငံဖြစ်သည်။ ကမ္ဘာကျော် Heineken ဘီယာထုတ်လုပ်သည့် နိုင်ငံဖြစ်ပြီး အမ်စတာဒမ်မြို့တွင် စက်ရုံတည်ထားသည်။ ဒတ်ခ်ျလူမျိုးများသည် သူတို့နိုင်ငံထွက် ဘီယာကိုသာ ဂုဏ်ယူသောက်သုံးလေ့ရှိသည်။ 

သူတို့သည် ဆောင်းရာသီတွင် Herfstbok ဘီယာကို သောက်ကြသည်။ Alcohol ရာနှုန်းများများ ပါသည့်အတွက် နွေးထွေးစေရန် သောက်ကြခြင်းဖြစ်သည်။ နွေဦးရာသီရောက်လျှင် Lentebok ဘီယာကို သောက်ကြသည်။ အမ်စတာဒမ်ကိုရောက်လျှင် ဘီယာကို သောက်သုံးနေကြသူတိုင်း၏ တံဆိပ်လေးတွေကို ကြည့်လိုက်လျှင် ပြည်တွင်းဖြစ်ကိုသာ အားပေးနေကြကြောင်း တွေ့ရမည်ဖြစ်သည်။



ပြည့်တန်ဆာခန်းသည် အဆန်းမဟုတ်

နယ်သာလန်ကို ပျော်ပါးလိုသူများ ပိုက်ဆံလာဖြုန်းလေ့ရှိကြသည်။ အမ်စတာဒန်တွင် ပျော်စရာတွေ အပြည့်ရှိသည်။ ထိုနိုင်ငံတွင် ပြည့်တန်ဆာလုပ်ငန်းကို တရားဝင်ခွင့်ပြုထားသည်။ ဒတ်ခ်ျတွေက ပြည့်တန်ဆာခန်းတွေကို အလွန်သန့်ရှင်းသည့် လိင်ဖျော်ဖြေခန်းများဟု သဘောထားကြသည်က များသည်။ ထို့ကြောင့် ကိုယ့် ပြည့်တန်ဆာခန်းကို ကိုယ်ဖွင့်ပြီး လွတ်လပ်စွာ အပေးအယူလုပ်နိုင်သည်။ 

လိင်ဖျော်ဖြေမှုလုပ်ငန်းကို လုပ်ဆောင်မည့်သူများကို ခမ်းနားစွာ ပြင်ဆင်ထားသည်။ သူတို့၏ အနီရောင်မီးအိမ်ရပ်ကွက်သည် ပျော်ရွှင်ကြည်နူးစရာ ကောင်းသည်။ ပြည့်တန်ဆာခန်းများအထဲတွင် အလွန် စိတ်ချမ်းသာစရာကောင်းလောက်အောင် ဝန်ဆောင်မှုပေးသည့် နေရာများဟု နာမည်ကျော်သည်။

ဆေးဝါးသုံးခွင့်ပြုထားသည်

ဒတ်ခ်ျတို့သည် အလွန်လစ်ဘရယ်ကျသည့် စိတ်ထားရှိသူများအဖြစ် နာမည်ကျော်သည်။ သို့သော် ဆေးဝါးသုံးစွဲရာတွင် ကျန်းမာမှုအတွက်ဆိုကာ ခွင့်ပြုထားသည်များ ရှိသည်။ အရွယ်ရောက်သူများသည် ဆေးဝါးသုံးသင့် မသုံးသင့် ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ရှိသည်။ သူတို့ ကလပ်တွေသွားကြသည်။ Esatasy ဆိုသည့် ဆေးပြားတွေသောက်ကြသည်။ သီချင်းတွေနှင့် ကကြသည်။ ကိုယ့်စိတ်ကြိုက် ကိုယ့်သဘော သောက်ခွင့် မသောက်ခွင့် လွတ်လပ်စွာ ဆုံးဖြတ်နိုင်ကြသည်။ 

ဘီဘီစီနှင့် အင်တာဗျူးတစ်ခုတွင် ဒတ်ခ်ျတစ်ဦး က ပါတီပွဲများတွင် မူးယစ်ဆေးသုံးသည်များရှိကြောင်း၊ သို့သော် လိင်ကိစ္စများကိုလည်း လွတ်လပ်စွာ ရယူနိုင်ကြောင်း၊ ထို့ကြောင့် ဘဝတွင် လက်တွေ့ကျသည့် အရသာကိုသာ ခံစားမည်ဖြစ်ကြောင်း၊ မူးယစ်ဆေးမလိုကြောင်း ပြောကြားသည်။ ယင်းမှာ ဒတ်ခ်ျများ၏ စရိုက်ဖြစ်သည်။ အစိုးရက ဆေးပြားများဆောင်ပြီး သောက်သုံးလျှင် ဖမ်းဆီးမည်မဟုတ်ပေ။ 

အာလူးချောင်းကြော် ကြိုက်သည့်သမိုင်း

၁၆၇၂ ခုနှစ်ခန့်က နယ်သာလန်နိုင်ငံတွင် နာမည်ကြီးခေါင်းဆောင်တစ်ဦး အသတ်ခံရသည်။ ဂျိုဟန်ဒီဝစ်ဆိုသည့် သူဌေးကြီးတစ်ဦးသည် နယ်စားမင်းလည်းဖြစ်ပြီး နာမည်ကျော်သည်။ ပြင်သစ်တို့ နယ်သာလန်နိုင်ငံကို သိမ်းပိုက်လိုက်သည့်အခါတွင် လူထုကြီးက ထိုနယ်စားမင်းအိမ်တော်ကို ဝင်ရောက်သိမ်းပိုက်ကြသည်။ ဂျိုဟန်ကို ညီဖြစ်သူ ကော်နဲလိစ်နှင့်အတူ အိမ်ထဲက ဆွဲထုတ်လာပြီး သေသည်အထိ ဝိုင်းရိုက်ကြသည်။ သူတို့အလောင်းများကို တိုင်တစ်တိုင်တွင် ချိတ်ဆွဲထားပြီး နောက်ပိုင်းတွင် တစ်စစီ အမဲဖျက်သလို ဝိုင်းပြီး ခုတ်ဖြတ် ဖျက်ဆီးလိုက်ကြသည်။

အလောင်းကိုဖျက်ပြီး ရရှိလာသည့်အသားများကို လူတွေက ချက်ပြုတ်စားကြသည်ဟုလည်း ဆိုသည်။ လမ်းပေါ်တွင် လူသားစားအောင်ပွဲကြီးကို ကျင်းပခဲ့ကြရာမှ အမ်စတာဒမ်တွင် ထိုခေတ်ကတည်းက လမ်းဘေးဆိုင်များတွင် အာလူးကြော်များကို ရောင်းချခြင်း ခေတ်စားလာသည်ဟုလည်း ဆိုကြသည်။ 

အမ်စတာဒမ်တွင် အာလူးကြော်ဆိုင်တွေကို လမ်းဘေးနေရာအနှံ့ တွေ့ရမည်ဖြစ်သည်။ အသင့်စားသောက်ဆိုင်များထက်ပင် အားလူးကြော်စားသောက်ဆိုင်တွေက ပိုများသည်။ အာလူးကြော်နှင့် တို့စားသည့် အချဉ်ကလည်း နာမည်ကျော်သည်။ 



လိင်တူချင်း ပေါင်းသင်းမှုအခွင့်အရေး အပြည့်ပေးသည်

၂၀၀၁ ခုနှစ်ကတည်းက လိင်တူချင်း လက်ထပ်ပေါင်းသင့်ခွင့်ကို ဥပဒေအရ ခွင့်ပြုပေးခဲ့သည်။ နိုင်ငံ၏ လူဦးရေ ၉၀ ရာခိုင်နှုန်းခန့်သည် လိင်တူချင်း ပေါင်းသင်းမှုကို ထောက်ခံကြောင်း စစ်တမ်းတစ်ခုတွင် တွေ့ရသည်။ ဒတ်ခ်ျတို့၏ လွတ်လပ်သည့်စိတ်ထားနှင့် ခံယူချက်များဖြစ်သည်။ ဒတ်ခ်ျ စိတ်ပညာရှင် တစ်ဦးဖြစ်သူ အယ်လင်ဒီဘရွန်းက 

“ဒါက လူပုဂ္ဂိုလ်တစ်ဦးချင်းရဲ့ လွတ်လပ်ခွင့်ပဲ။ လူတိုင်း ရွေးချယ်ပိုင်ခွင့်ရှိရမယ်။ နယ်သာလန်မှ ပြည်သူတွေဟာ သူတို့ပေါင်းသင်းချင်တဲ့သူကို ပေါင်းသင်းခွင့်ရှိသလို၊ ဘာသာရေး၊ လိင်ကိစ္စအားလုံး ရွေးချယ်ပိုင်ခွင့်ရှိတယ်။ ဒီနိုင်ငံမှာ သိပ်ပြီးတော့ မပြင်းတဲ့ဆေးလည်း သုံးခွင့်ရှိတယ်။ ကြိုက်တာပြောလို့ လည်းရတယ်။ နယ်သာလန်ဆိုတာ သိပ်ပြီးတော့ လွတ်လပ်တဲ့နိုင်ငံပါ”ဟု ဆိုသည်။



ကြည်နူးသာယာ လည်ပတ်စရာ

နယ်သာလန်နိုင်ငံသည် အေးဆေး၊ တိတ်ဆိတ်၊ နွေးထွေး၊ ငြိမ်းချမ်းသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ သူတို့နိုင်ငံရှိ ဆိုင်တိုင်းလိုလိုတွင် ပျော်ရွှင်စွာ ပြောဆိုပြီး ကြည်နူးနေကြသူပေါင်းများစွာကို တွေ့မြင်နိုင်ပါသည်။ လမ်းပေါ်တွင်လည်း အေးဆေးစွာ လျှောက်သွားနေသူတွေက များသည်။ တိတ်ဆိတ်ငြိမ်ချမ်းမှုကို နှစ်သက်ပြီး အပန်းဖြေနားနေလိုသူများအတွက် အကောင်းဆုံး မြို့တစ်မြို့ဖြစ်သည်။

Star Fort ဆိုသည့် ခံတပ်ကြီးသည် ကြယ်ပုံစံ အထပ်ထပ်ဖြင့် ဆန်းကြယ်စွာ တည်ဆောက်ထားသည်။ ကမ္ဘာပေါ်တွင် ဆန်းကြယ်စွာ တည်ဆောက်ထားသည့် ဂြိုဟ်ပုံစံတစ်ခုကဲ့သို့ ဖြစ်နေသည်။ ၁၅၉၃ ခုနှစ်ကတည်းက ဝီလျှံလိုဒီဝင့်ဗန် နက်ဆောဆိုသူက တည်ဆောက်ခဲ့သည်။ Bourtange အရပ်တွင်ရှိပြီး ၁၅၉၃ မှ ၁၈၅၁ ခုနှစ်အတွင်း ဂျာမနီနယ်စပ်ရှိ ယင်းခံတပ်ကြီးမှာ အလွန်အရေးပါသော နေရာတစ်နေရာ ဖြစ်ခဲ့သည်။ ထူးခြားသည် ကြယ်ပုံစံအဆောက်အအုံကြီး ဖြစ်သောကြောင့် သွားရောက်လေ့လာသူ များသည်။

အမ်စတာဒမ်မြို့သည် စက်ဘီးမြို့ဟု ဆိုနိုင်သည်။ စက်ဘီးအစင်းပေါင်း ၈၈၁,၀၀၀ စင်းခန့် ရှိသည်။ မြို့ပေါ်တွင် နေထိုင်သူ လူဦးရေမှာ ၇၉၉,၄၀၀ သာရှိပြီး စက်ဘီးတွေ အလွန်ပေါသည်။ နှစ်စဉ် အခိုးခံနေရသည့် စက်ဘီးစင်းရေကလည်း ၁၀၀,၀၀၀ ခန့် ရှိသည်။ နေရာအနှံ့ စက်ဘီးတွေ ထောင်ထားသည်ကို တွေ့နိုင်သည်။ အချို့စက်ဘီးတွေကလည်း စီးလာပြီး မေ့ထားသွားကြသည်က များသည်။ 

မြို့ပေါ်နေရာအနှံ့ စက်ဘီးရပ်ရန်နေရာတွေ လုပ်ပေးထားသည်။ လမ်းပေါ်တွင် စက်ဘီးသီးသန့် စီးနိုင်သည့် လမ်းတွေလည်း လုပ်ပေးထားသည်။ စက်ဘီးလမ်းပေါ်တွင် လမ်းမလျှောက်မိစေရန် သတိပြုသင့်သည်။ အချိန်မရွေး စက်ဘီးဝင်တိုက်ခံရနိုင်သည်။ 

အမ်စတာဒမ်တွင် တူးမြောင်းကြီးတစ်ခုရှိပြီး ထိုတူးမြောင်းထဲက နှစ်စဉ် ဆယ်ယူနေရသည့် စက်ဘီးအစင်းပေါင်း ၈၀၀၀ ခန့် ရှိသည်။ တူးမြောင်းပတ်လည်တွင် ရပ်ထားသည့် စက်ဘီးပေါင်း ၂၅၀၀၀ ခန့်ရှိသည်ဟု ဆိုသည်။ စက်ဘီးတွေ ကျသွားလည်း ပစ်ထားလိုက်ကြသည်က များသည်။ 

မိုးစက်
(Ref: Fascinating Facts About The Netherlands)

  • VIA