News

POST TYPE

RELAX

ပြင်ဦးလွင်တွင် ညဈေးကို တက်ကြွလှုပ်ရှားသူများ ကန့်ကွက်
22-Jan-2018


မန္တလေး၊ ဇန်နဝါရီ ၂၁

ပြင်ဦးလွင်မြို့ပေါ်ရှိ လွတ်လပ်ရေး ကျောက်တိုင်ကွင်းတွင် ညဈေးဖွင့်ပါက အစာငတ်ခံဆန္ဒပြသည်အထိ ပြုလုပ်ရန်ရှိကြောင်း ပြင်ဦးလွင်မြို့ခံ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများက ပြောကြားသည်။

“ပထမအဆင့်အနေနဲ့ ကန့်ကွက်ကြောင်း ဆန္ဒပြုလက်မှတ်တွေကောက်မယ်။ ကောက်လည်းကောက်နေတယ်။ တိုင်းအစိုးရအဖွဲ့ထံ ကန့်ကွက်ကြောင်း စာတင်မယ်။ မထူးခြားရင် ဆန္ဒပြမယ်။ ထပ်ပြီးမထူးခြားရင် အစာငတ်ခံ ဆန္ဒထုတ်ဖော်မယ်”ဟု ပြင်ဦးလွင်မြို့ခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးဒီပက ပြောကြားသည်။

လွတ်လပ်ရေး ကျောက်တိုင်ကွင်းတွင် ညဈေးဖော်ဆောင်ခြင်းဖြင့် ကျောက်တိုင်ကွင်း၏ပုံရိပ်ကို မထိခိုက်ကြောင်း၊ နိုင်ငံတော်အဆင့် အခမ်းအနားကျင်းပရန်ရှိပါက ညဈေးပိတ်ထားရမည် ဖြစ်ကြောင်း ပြင်ဦးလွင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းဝင်းက ပြောဆိုသည်။

အဆိုပါ ညဈေးဖွင့်လှစ်ရန် မန္တလေးတိုင်းအစိုးရအဖွဲ့ထံမှ မူအားဖြင့် သဘောတူခွင့်ပြုပြီးဖြစ်ကာ ညဈေးအကောင်အထည်ဖော်မည့် ကုမ္ပဏီနှင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့အကြား ချုပ်ဆိုမည့် စာချုပ်မူကြမ်းကို ယခုလအတွင်း မန္တလေးတိုင်း စည်ပင်သာယာရေးဝန်ကြီး ဌာနမှတစ်ဆင့် တိုင်းအစိုးရအဖွဲ့ထံ တင်ပြမည်ဖြစ်ကြောင်း၊ ယင်းညဈေးတွင် ရှစ်ပေပတ်လည် ဆိုင်ခန်း ၂၀၀ ဝန်းကျင် ထားရှိမည်ဖြစ်ကာ ပြင်ဦးလွင်ဈေးကြီးရှိ ညဈေးသည်များနှင့် ဈေးလေးရှိ ညဈေးရောင်းချသူများကို ဦးစားပေး ချထားပေးမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ပြင်ဦးလွင်မြို့ခံများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရေး၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးနှင့် မြို့နယ်ဖွံ့ဖြိုးတိုးတက်စေရေး ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကာ ယင်းညဈေးကို ကျပ်သိန်း ၃၃၀၀ ခန့် အကုန်အကျခံကာ အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ညဈေး အကောင်အထည်ဖော်မည့် Maymyo Develop-ment Group Co.,Ltd. ဒါရိုက်တာ ဦးကျော်မောင်မောင်ခင်က ပြောကြားသည်။

ညဈေးတည်ဆောက်ရာတွင် လွတ်လပ်ရေးကျောက်တိုင်ရင်ပြင်ကို မူလအတိုင်းထားရှိမည်ဖြစ်ပြီး ကျောက်တိုင်၏အနောက်ဘက် မြေနေရာတွင် ရေမြောင်းစနစ်၊ သန့်ရှင်းရေးစနစ်၊ လုံခြုံရေးစနစ်များဖြင့် အကောင်အထည်ဖော်ရန် စီစဉ်ထားကြောင်း၊ ယင်းညဈေးကို ရွက်ဖျင်တဲများဖြင့်သာ တည်ဆောက်မည်ဖြစ်ပြီး မွန်းလွဲ ၃ နာရီမှ ည ၁၁ နာရီအထိ ရောင်းချခွင့်ပြုမည့် ည အပြီးသိမ်းဈေးဖြစ်ကြောင်း၊ သန့်ရှင်းရေးပိုင်းကိုလည်း ကုမ္ပဏီရှိ သန့်ရှင်းရေးဝန်ထမ်းများဖြင့် ညတွင်းချင်းအပြီး ဆောင်ရွက်မည်ဖြစ်ကြောင်း Maymyo Development Group Co., Ltd. ထံမှ သိရသည်။  

M-01


  • VIA