News

POST TYPE

RELAX

အလုံပိတ်ဆိုင်ခန်းဖွင့်သူများကို အလုပ်နှင့် ထောင်ခြောက်လချ
17-Jan-2018
မန္တလေး၊ ဇန်နဝါရီ ၁၆

မန္တလေးမြို့တွင်း၌ သမီးရည်းစားစုံတွဲများကို အချိန်ပိုင်းဖြင့် ငှားရမ်းနိုင်ရန် ဖွင့်လှစ်ထားသည့် အလုံပိတ်တဲဖွင့်သူကိုးဦးကို ဇန်နဝါရီလ ၁၅ ရက်နေ့တွင် စည်ပင်သာယာအထူးတရားရုံးက အလုပ်နှင့် ထောင်ဒဏ်ခြောက်လ ကျခံရန် အမိန့်ချခဲ့ကြောင်း စည်ပင်သာယာရေး ရဲတပ်ဖွဲ့ထံမှ သိရသည်။

မန္တလေးမြို့ ကန်တော်ကြီးပတ်လမ်းရှိ စားသောက်ဆိုင်များအပါအဝင် အအေးဆိုင် ၁၃ ဆိုင်ကို ဇန်နဝါရီလ ၁၃ ရက်နေ့က စစ်ဆေးခဲ့ရာ အလုံပိတ်တဲဖွင့်ထားသည့် ကိုးနေရာမှ ဆိုင်ပိုင်ရှင်များကို ဖမ်းဆီးခဲ့ပြီးနောက် စည်ပင်သာယာရေးတရားရုံးသို့တင်ကာ စည်ပင်ဥပဒေဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခဲ့သည့် အလုံပိတ်တဲများသည် စည်ပင်သာယာ၏ ခွင့်ပြုမိန့်ဖြင့် ဆောက်လုပ်ထားခြင်းမဟုတ်သည့်အတွက် ဇန်နဝါရီလ ၂၀ ရက်နေ့ နောက်ဆုံးထားဖျက်သိမ်းရန် မန္တလေးမြို့တော် စည်ပင်သာယာအဆောက်အအုံဌာနက သတိပေးစာများ ဖြန့်ဝေခဲ့ကာ သတ်မှတ်ရက်အတွင်း မဖျက်သိမ်းပါက အဆောက်အအုံဌာန၏ အစီအစဉ်ဖြင့် ဖျက်သိမ်းသွားမည်ဖြစ်ပြီး ကုန်ကျစရိတ်ကို ဆိုင်ရှင်များက ကျခံရမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်ထံမှ သိရသည်။

M-04