News

POST TYPE

RELAX

G Fatt နဲ့ တွေ့ဆုံခြင်း
07-Sep-2016
နာမည်ကျော် လူငယ်ဟစ်ပ်ဟော့ပ်အဆိုရှင် G Fatt နဲ့ တွေ့ဆုံပြီး စက်တင်ဘာလ ၁ ရက်နေ့က မန္တလေးမြို့ရှိ၊ ဆီဒိုးနားဟိုတယ်မှာ ပြုလုပ်ခဲ့တဲ့ ပရိသတ်များနဲ့ တွေ့ဆုံပွဲအကြောင်း၊ Frenzo Music Tour အကြောင်း၊ ဂျင် စီးရီးအတွက် MTV ရိုက်ကူးမှု အကြောင်းတွေကို The Voice က မေးမြန်းဖော်ပြ ထားပါတယ်။

Voice : စက်တင်ဘာလ ၁ ရက်နေ့က မန္တလေးမှာ ပရိသတ်တွေနဲ့ တွေ့ဆုံပွဲ ပြုလုပ်ခဲ့တယ်လို့ သိရတယ်။ အဲ့ဒီအကြောင်းကနေ စပြောပြပေးပါဦး။
GF : အဲ့ဒါကတော့ မနှစ်ကတုန်းက ကျွန်တော့်ရဲ့ မွေးနေ့မှာ We Love G Fatt Group ပရိသတ်တွေနဲ့ တွေ့ဆုံပွဲ လုပ်ဖြစ်တယ်။ မန္တလေးက ပရိသတ်တွေကလည်း ဒီနှစ် ကျွန်တော့်မွေးနေ့မှာ သူတို့ဆီကို လာစေချင်တယ်။ ဒါပေမဲ့ ကျွန်တော်က ဒီနှစ် မွေးနေ့ကိုလည်း ရန်ကုန်မှာပဲ ရှိနေဖြစ်ဖို့ ပိုများနေတယ်။ ကြားထဲမှာလည်း ကျွန်တော်က အလုပ်ကိစ္စတွေနဲ့ မအားတာက များတယ်။ ဒီမိုးတွင်းလေးပဲ ကျွန်တော် အားတာပါ။ ပွင့်လင်းရာသီ ရောက်ရင်လည်း ရှိုးပွဲတွေက တောက်လျှောက် ပြန်ထွက်ရမယ်။ စက်တင်ဘာလ ၁ ရက်နေ့ကတော့ ဂျင် စီးရီး ထွက်တာလည်း ခြောက်လ ပြည့်တဲ့အတွက် မှတ်မှတ်ရရ အနေနဲ့ မန္တလေးက ပရိသတ်တွေနဲ့ တွေ့ဆုံပွဲလေး လုပ်ခဲ့တာပါ။

Voice : ကိုယ့်ရဲ့ အမာခံ ပရိသတ်တွေနဲ့ တွေ့တာဆိုတော့ သူတို့ဆီက ကိုယ့်ရဲ့ သီချင်းတွေနဲ့ ပတ်သက်ပြီး ဘယ်လို ဝေဖန် အကြံပြုမှုတွေ ကြားခဲ့ရလဲ။
GF : ပရိသတ်တွေနဲ့ တွေ့တဲ့အခါမှာ ကျွန်တော် ပျော်ရွှင်ရသလို၊ အကြံဉာဏ်ကောင်းတွေလည်း ရပါတယ်။ ကျွန်တော့်ရဲ့ သီချင်းတွေကို နားထောင်သလို၊ လူကိုပါ အရမ်းချစ်ကြတဲ့ ပရိသတ်တွေနဲ့ တွေ့ရတဲ့အတွက် ပီတိဖြစ်မိပါတယ်။ ကျွန်တော့်ရဲ့ သီချင်းတွေနဲ့ ပတ်သက်ပြီးတော့လည်း သူတို့ဆီက ပိုကောင်းစေချင်တဲ့ စိတ်နဲ့ ဝေဖန်သံတွေ ကြားရပါတယ်။ ကျွန်တော် ကိုယ်တိုင်လည်း ဂျင် စီးရီးထွက်ပြီး ခြောက်လ အကြာမှာ ပရိသတ်တွေဆီက ပွင့်ပွင့်လင်းလင်း ဝေဖန်တာတွေ ကြားချင်တဲ့အတွက် စိတ်ထဲ ရှိတာတွေ ပြောပြကြဖို့ တောင်းဆိုခဲ့ပါတယ်။ ဘယ်လိုသီချင်း ဆိုရင်တော့ သူတို့ မကြိုက်ဘူး။ ဘယ်သီချင်းတွေတော့ သူတို့ ကြိုက်တယ်။ ဘယ်လိုသီချင်းတွေ ဆိုရင်တော့ ဆက်မလုပ်စေချင်တော့ဘူး ဆိုတာတွေကို သူတို့က ပြောပြကြပါတယ်။

Voice : ဂျင်စီးရီးအတွက် MTV တွေရော စရိုက်နေပြီလား။ စီဒီထွက်ထားတာလည်း ခြောက်လလောက်ရှိပြီ ဆိုတော့လေ။
GF : ဂျင်စီးရီးထဲက ဒီနေ့ သီချင်းကိုတော့ MTV စရိုက်တော့မှာပါ။ ဒီသီချင်းကို ရိုက်ပြီးတော့ အွန်လိုင်းပေါ်မှာ Free Download အနေနဲ့ တင်ပေးဖို့လည်း စိတ်ကူးထားပါတယ်။ ဂျင်စီးရီး တစ်ခွေလုံးကို MTV ရိုက်ဖို့ထက် စာရင် နောက်ထပ် သီချင်းအသစ်တွေ ရေးပြီး စီးရီးသစ် တစ်ခွေပဲ ထပ်ထုတ်ချင်ပါတယ်။ ဒီနေ့ သီချင်းကတော့ ကျွန်တော့်အတွက် ဂျင် စီးရီးမှာ ကိုယ်တိုင် ထူးထူးခြားခြား ကြိုက်မိတဲ့ သီချင်းတစ်ပုဒ် ဖြစ်တဲ့အတွက် MTV ရိုက်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဒီသီချင်းကို ဇာတ်လမ်း ပုံစံလေး ရိုက်ဖို့လည်း ကျွန်တော် စဉ်းစားထားပြီးသား ရှိတဲ့အတွက် စရိုက်ဖြစ်တာပါ။

Voice : ဒီသီချင်းကို ဘယ်လိုပုံဖော် ရိုက်ကူးဖို့ စဉ်းစားထားတာလဲ။ G Fatt ကိုယ်တိုင်ပါဝင် သရုပ်ဆောင် မှာလား။
GF : ဒီသီချင်းမှာ ကျွန်တော် ကိုယ်တိုင် ပါဝင် သရုပ်ဆောင်မှာပါ။ မင်းသမီး နေရာကတော့ မော်ဒယ်လ် တစ်ယောက်တော့ ထည့်ရမှာပေါ့။ ဒီသီချင်းကို ဘယ်လိုပုံစံ ရိုက်မလဲ ဆိုတာတော့ ဒီအချိန်မှာ ပရိသတ်တွေကို လျှို့ဝှက် ထားချင်ပါသေးတယ်။ MTV ထွက်တော့မှပဲ သူတို့ကို ခံစားစေချင်ပါတယ်။ ဇာတ်လမ်း ပုံစံလေးကိုတော့ ကျွန်တော် သေချာ စဉ်းစား ထားပါတယ်။ ဒီသီချင်းရဲ့ MTV ကို နိုဝင်ဘာလ၊ ဒါမှမဟုတ်ရင် ဒီဇင်ဘာလလောက်မှာ ဖြန့်ပေးမှာပါ။ ကျွန်တော့်ရဲ့ Facebook ပဲ တင်ပေးရင် ကောင်းမလား၊ Legacy Music ကနေပဲ MTV တစ်ပုဒ်တည်း အနေနဲ့ ဖြန့်ရင် ကောင်းမလားလို့ စဉ်းစားနေပါတယ်။

Voice : နောက်ထပ်ရော G Fatt ရဲ့ သီချင်း အသစ်တွေ ဘာတွေ ဆက်ထွက်ဖို့ ရှိဦးမလဲ။ အတွဲခွေတွေမှာတော့ G Fatt ပါတာကို တွေ့ရတယ်။
GF : အဲ့ဒါကတော့ ဘန်နီဖြိုးရဲ့ တစ်ကိုယ်တော် စီးရီးသစ်မှာ ကျွန်တော် Featuring တစ်ပုဒ် ဝင်ဆို ပေးထားတယ်။ နောက်ပြီး Media 7 ရဲ့ နှစ်ပတ်လည် စီးရီးမှာ ကျွန်တော် တစ်ပုဒ် ဝင်ဆိုပေးထားပါတယ်။ ကိုစိုင်းတို့နဲ့ လုပ်ထားတဲ့ Welcome To Frenzo စီးရီးကတော့ လုပ်နေတုန်းပါပဲ။ အဲ့ဒီခွေ မတိုင်ခင်မှာတော့ Snare အခွေ ထွက်မယ်။ ကျန်တဲ့လူတွေရဲ့ အခွေတွေလည်း ထွက်မယ်ထင်တယ်။ တစ်ကိုယ်တော် စီးရီးတွေ အသီးသီး ထွက်ပြီးတော့မှ WTF စီးရီး ထွက်ဖြစ်မယ် ထင်တယ်။ အတိအကျတော့ မဆုံးဖြတ်ရသေးပါဘူး။

Voice : Frenzo Music Tour အနေနဲ့ ရန်ကုန်မှာ ပထမဆုံး လုပ်တဲ့ ရှိုးပွဲကတော့ အောင်မြင်မှု ရခဲ့တယ်နော်။ နောက်ထပ် ဘယ်မြို့တွေကို ဆက်သွားဖို့ ရှိသေးလဲ။
GF : ကျွန်တော်တို့ Frenzo Music Tour ရဲ့ ဒုတိယပွဲ အနေနဲ့ကတော့ အောက်တိုဘာလ ၂၉ ရက်နေ့မှာ မန္တလေးမြို့မှာ လုပ်ပါမယ်။ မန္တလေးပြီးရင်တော့ မကွေးဘက်ကို ဆက်သွားမယ်လို့တော့ ကြားတယ်။ အတိအကျတော့ မသိရသေးပါဘူး။ ရန်ကုန်ပွဲကတော့ ပွဲဦးထွက် ပွဲအနေနဲ့ တာထွက် ကောင်းခဲ့တယ်လို့ ပြောရမှာပေါ့။ ကျွန်တော်တို့တွေ အားလုံး ကိုစိုင်းရဲ့ ဦးဆောင်မှုနဲ့ Frenzo Music Tour ကို စုစုစည်းစည်း၊ ပျော်ပျော်ရွှင်ရွှင်နဲ့ ဆက်သွားကြမှာပါ။ မြို့ တစ်မြို့နဲ့ တစ်မြို့မှာ ကွဲပြား ခြားနားတဲ့ ဖျော်ဖြေ တင်ဆက်မှုတွေကို ပရိသတ်တွေ မြင်တွေ့ကြရမှာပါ။

Voice : ဂျင်စီးရီးမှာက ပရိသတ် ကြိုက်တဲ့ သီချင်းတွေ အများစု ပါဝင်နေတာဆိုတော့ ဒီဗီဒီ အနေနဲ့လည်း ပရိသတ်တွေက ဆက်ထွက်စေချင်မှာပဲလေ။ G Fatt ရဲ့ ဆန္ဒကရော ဘယ်လိုရှိလဲ။
GF : ကျွန်တော့်ဆန္ဒကလည်း အခုချိန်မှာတော့ ဒွိဟ ဖြစ်နေတာပေါ့။ သီချင်းတွေကို MTV ရိုက်ပြီးတော့ ဒီဗီဒီလည်း ထုတ်ချင်နေတယ်။ ဒါပေမဲ့ ဒီဗီဒီထွက်ဖို့က တစ်နှစ်လောက် အချိန် ပေးရတယ်ဗျာ။ အချိန် ပေးရတာတော့ ပြဿနာ မရှိပါဘူး။ ဒါပေမဲ့ ကျွန်တော်က သီချင်း အသစ်တွေ ထွက်ချင်တဲ့ စိတ်က ပိုများနေတယ်။ သီချင်း အသစ်တွေလည်း လေးပုဒ်လောက် ရေးပြီးသား ရှိနေတယ်။ အဲ့ဒီအတွက် ဒုတိယ စီးရီး ထွက်ပြီးတော့မှ နှစ်ခွေပေါင်းပြီး ကိုယ် အရမ်း ရိုက်ချင်တဲ့ သီချင်းလေးတွေကိုပဲ MTV ရိုက်ရင် ကောင်းမလားလို့ စဉ်းစားနေပါတယ်။

သန့်ဇင်ဦး



  • VIA