News

POST TYPE

RELAX

From Bangkok To Mandalay ကို ပရိသတ်တွေ လက်မလွတ်စတမ်း ကြည့်ရှု စေချင်ပါတယ် ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင်
06-Sep-2016
ရန်ကုန်၊ စက်တင်ဘာ ၆

မြန်မာ-ထိုင်း နှစ်နိုင်ငံ အနုပညာရှင်တွေ ပူးပေါင်း ရိုက်ကူးထားတဲ့ From Bangkok To Mandalay ရုပ်ရှင် ဇာတ်ကားကို အောက်တိုဘာလအတွင်း မြန်မာနိုင်ငံမှာ ရုံတင် ပြသတဲ့အခါမှာ ပရိသတ်တွေ လက်မလွတ်စတမ်း ကြည့်ရှု စေချင်ပါတယ်လို့ ယင်းဇာတ်ကားမှာ ပါဝင်ထားတဲ့ တေးသံရှင်၊ သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်က The Voice ကို ပြောကြားပါတယ်။

“ဒီကားမှာ နှစ်နိုင်ငံ အနုပညာရှင်တွေ ပူးပေါင်း ပါဝင်ထားတယ်။ သေချာ အကုန်အကျ ခံပြီးလည်း ရိုက်ကူး ထားတယ်။ မြန်မာနိုင်ငံရဲ့ အထင်ကရ နေရာတွေ ဖြစ်တဲ့ မင်းကွန်း၊ ပုဂံ၊ မေမြို့၊ မန္တလေး စတဲ့ နေရာတွေမှာ သွားရောက်ပြီး ဝေဝေဆာဆာ ရိုက်ကူးထားတာ ဖြစ်တဲ့အတွက် ကျွန်တော့် ပရိသတ်များ လက်မလွတ်စတမ်း လာရောက်ကြည့်ရှု အားပေးဖို့ ဖိတ်ခေါ်ချင်ပါတယ်”လို့ ယင်းရုပ်ရှင် ဇာတ်ကားနဲ့ ပတ်သက်ပြီး ၎င်းက ထပ်လောင်း ပြောဆိုပါတယ်။

ထိုင်းနိုင်ငံမှ Magenta Media Creation နဲ့ မြန်မာနိုင်ငံမှ မိုးကောင်းကင် ရုပ်ရှင် ထုတ်လုပ်ရေးတို့ ပူးပေါင်း စီစဉ်တဲ့ From Bangkok To Mandalay ရုပ်ရှင်ဇာတ်ကားကိုတော့ ထိုင်း ဒါရိုက်တာ Charichai Ketnust က ရိုက်ကူးပြီး နာမည်ကျော် သရုပ်ဆောင် နေတိုး၊ စိုင်းစိုင်းခမ်းလှိုင်၊ ဝတ်မှုန်ရွှေရည်နဲ့ ထိုင်းမင်းသမီး Nan Whan တို့ ပါဝင် သရုပ်ဆောင်ထားပါတယ်။

“ဒီကားက ကျွန်တော့် ဘဝမှာ ထူးခြားမှုရှိတဲ့ ကားတစ်ကား ဖြစ်ပါတယ်။ ထိုင်းနိုင်ငံက အနုပညာရှင်တွေ၊ ရိုက်ကူးရေး အဖွဲ့တွေနဲ့ လက်တွဲပြီး အလုပ် လုပ်ရတဲ့ ပထမဆုံး အတွေ့အကြုံ ဖြစ်ပါတယ်။ ဒီကားမှာဆို ကျွန်တော့် အနေနဲ့ တစ်ကားလုံး နီးပါး အင်္ဂလိပ်လို ပြောပြီး သရုပ်ဆောင်ရတဲ့အတွက် ဖိအားလည်း များတယ်။ ခက်လည်း ခက်ခဲပါတယ်။ အဲ့ဒါကလည်း ကျွန်တော့်အတွက် အမှတ်တရ တစ်ခုပါပဲ”လို့ စိုင်းစိုင်းခမ်းလှိုင်က ဆိုပါတယ်။


  • VIA