News

POST TYPE

RELAX

အင်ကြင်းထူးနဲ့တွေ့ဆုံခြင်း
06-Sep-2016
ရန်ကုန်မြို့ရှိ Melia Hotel မှာ စက်တင်ဘာလ ၄ ရက်နေ့က ကျင်းပခဲ့တဲ့ Miss Myanmar International 2016 ပြိုင်ပွဲမှာ Winner ဆုနဲ့ Miss Popularity ဆု နှစ်ဆုကို ရရှိခဲ့တဲ့ အလှမယ် အင်ကြင်းထူးနဲ့ တွေ့ဆုံပြီး ပြိုင်ပွဲမှာ ဆုရရှိခဲ့တဲ့အပေါ် ခံစားမှု၊ ပြိုင်ပွဲမှာ ကြုံတွေ့ရတဲ့ အတွေ့အကြုံများနဲ့ အခက်အခဲများ အကြောင်းကို The Voice က မေးမြန်းဖော်ပြ ထားပါတယ်။

Voice : Miss Myanmar International 2016 ပြိုင်ပွဲမှာ Winner ဆုကို ရရှိခဲ့တဲ့အတွက် ခံစားမှုကို ပြောပြပေးပါဦး။
IGH : ဒီဆုကို ရတဲ့အတွက် ညီမအရမ်းကို ပျော်ပါတယ်။ ကိုယ်ဖြစ်ချင်တဲ့ အိပ်မက်တစ်ခု တကယ် ဖြစ်လာခဲ့ပြီပေါ့နော်။ ပြိုင်ပွဲကာလမှာတုန်းကဆို သူများတွေ အိပ်ချိန်မှာ ညီမ မအိပ်ဘူး။ အင်တာနက်ကနေ ပြိုင်ပွဲအတွက် အထောက်အကူ ဖြစ်စေမယ့် အကြောင်းအရာတွေကို လေ့လာခဲ့ပါတယ်။ ပြိုင်ပွဲ မတိုင်ခင် တစ်ရက်မှာဆို ညီမ နေမကောင်း ဖြစ်ခဲ့တဲ့အတွက် အကြောဆေးတောင် သွင်းယူရတယ်။ အဲ့ဒီလောက်အထိ ကြိုးစားခဲ့တဲ့အတွက် အခုလို Winnter ဆု ရလာတဲ့အပေါ် ညီမ အရမ်းကို ပျော်ပါတယ်။

Voice : ညီမကို အရင်က Miss ပြိုင်ပွဲ တချို့မှာ တွေ့ဖူးတယ်နော်။ ဘယ်ပြိုင်ပွဲတွေ ဝင်ပြိုင်ခဲ့ဖူးလဲ။
IGH : ညီမ ပြိုင်ပွဲတွေ ဝင်ပြိုင်ဖူးပါတယ်။ Miss Myanmar International ပြိုင်ပွဲ စလုပ်တဲ့ ၂ဝ၁၂ ခုနှစ်တုန်းကလည်း ဒီပြိုင်ပွဲကို ညီမ ဝင်ပြိုင် ခဲ့ဖူးပါတယ်။ အဲ့ဒီနှစ်ကတော့ Winner ဆုကို နန်းခင်ဇေယျာက ရခဲ့ပါတယ်။ အဲ့ဒီတုန်းကတော့ Title Award ရတယ်။ ဆန်ခါတင် ဆယ်ယောက် စာရင်းမှာလည်း ပါခဲ့ပါတယ်။ နောက်ပြီး ညီမ Miss Myanmar World ပြိုင်ပွဲလည်း ဝင်ပြိုင်ခဲ့ဖူးပါတယ်။

Voice : ရှေ့မှာ ပြိုင်ခဲ့တဲ့ ပြိုင်ပွဲတွေတုန်းကရော ကိုယ့်အတွက် ဘယ်လို အတွေ့အကြုံ ကောင်းတွေ ရခဲ့လဲ။
IGH : ပြိုင်ပွဲ တစ်ခုမှာ အနိုင်ရဖို့က အရေးပါတာ မှန်ပေမယ့် အရှုံးကနေလည်း သင်ခန်းစာ ယူတတ်ရင် ကိုယ့်အတွက် အတွေ့အကြုံ ကောင်းတွေ အများကြီး ရနိုင်ပါတယ်။ ပြိုင်ပွဲ တစ်ခုကို ဝင်ပြိုင်ကြည့်မှသာ ကိုယ့်ရဲ့ အားနည်းချက်တွေကို သိလာမယ်။ အားနည်းချက်တွေကို အားသာချက်တွေအဖြစ် ပြောင်းနိုင်ရင်တော့ ကိုယ့်အတွက် တစ်နေ့မှာ အောင်မြင်မှု ဆိုတာ ရလာမှာပါ။

Voice : ကိုယ်က နိုင်ငံ့ဂုဏ်ဆောင် Miss တစ်ယောက် ဖြစ်ခွင့်ရပြီဆိုတော့ ရှေ့ဆက်ပြီးတော့ရော ဘာတွေ ဆက်လုပ်သွားဖို့ စဉ်းစားထားလဲ။
IGH : အစကတော့ ညီမ စဉ်းစားထားတာက ဒီပွဲပြီးရင် ဘာအလုပ်မှ မလုပ်တော့ဘူးလို့ စဉ်းစားထားတာပါ။ ပြိုင်ပွဲမှာ ကိုယ်မှန်းထားတဲ့ ရလဒ်နဲ့ လွဲချော်ခဲ့ရင်ပေါ့။ အခုတော့ ညီမ ဖြစ်ချင်တဲ့ နိုင်ငံ့ဂုဏ်ဆောင် Miss တစ်ယောက် ဖြစ်ခွင့်ရပြီဆိုတော့ ကိုယ့်နိုင်ငံအတွက် ဂုဏ်ယူရတဲ့သူ တစ်ယောက် ဖြစ်အောင် ညီမ ဆက်လက် ကြိုးစားသွားမှာပါ။

Voice : ဒီပြိုင်ပွဲမှာ အမေးအဖြေ ကဏ္ဍအတွက်ကိုရော ကိုယ့်ဘက်က ဘယ်လို ကြိုတင် ပြင်ဆင်ခဲ့ရလဲ။
IGH : ပြိုင်ပွဲနဲ့ ပတ်သက်လို့ကတော့ အရင်နှစ်တွေက ပြိုင်ပွဲတွေ အကြောင်းတွေကို ညီမ လေ့လာတယ်။ ပြိုင်ပွဲမှာ မေးနိုင်တဲ့ မေးခွန်းတွေကို ညီမထုတ်တယ်။ ညဆိုရင်လည်း အင်တာနက်ကနေ ရှာပြီး လေ့လာတယ်။ ခရီးသွားနဲ့ ပတ်သက်တဲ့ စာအုပ်တွေ ညီမ ဖတ်တယ်။ ညီမတို့ နိုင်ငံမှာ ခရီးသွားတွေ စိတ်ဝင်စားတဲ့ နေရာဒေသတွေ အကြောင်းကို ညီမ ရှာဖတ်ပါတယ်။

Voice : အင်္ဂလိပ်လို အမေးအဖြေ လုပ်ရတဲ့ ကဏ္ဍမှာတော့ စိတ်လှုပ်ရှားမှုလေးတွေ ရှိနေတယ် ထင်တယ်နော်။
IGH : အင်္ဂလိပ် ဘာသာစကားပိုင်းကတော့ ညီမလည်း လေ့လာ သင့်သလောက်တော့ လေ့လာ ထားပါတယ်။ ဒါပေမဲ့ ပြိုင်ပွဲမှာကျတော့ မေးခွန်း အမေးအဖြေ ကဏ္ဍက လူအများရှေ့မှာ လုပ်ရတာ ဖြစ်တဲ့အတွက် ကြိုတင် ပြင်ဆင်မှုတွေ ရှိခဲ့ပေမယ့်လည်း စိတ်လှုပ်ရှားရတဲ့ အပိုင်းလေးတွေတော့ ရှိပါတယ်။ ဒါပေမဲ့ ညီမ တတ်နိုင်သလောက် ကြိုးစား ဖြေဆိုခဲ့ပါတယ်။

Voice : ပြိုင်ပွဲမှာရော ပရိသတ်တွေ မသိတဲ့ ဘယ်လို အခက်အခဲလေးတွေ ကြုံခဲ့ရလဲ။
IGH : ညီမ ပြိုင်ပွဲရဲ့ ရှေ့ပိုင်းမှာတော့ စိတ်တွေ အရမ်း လှုပ်ရှားနေတယ်။ ပရိသတ်တွေနဲ့ ဒိုင်တွေ မမြင်အောင်သာ ကိုယ်က ကြိုးစားပြီး ပြုံးနေရတာပေါ့။ အမေးအဖြေ ကဏ္ဍမှာ ဆိုလည်း မေးခွန်းကို ကြားလိုက်တာနဲ့ မဖြေနိုင်ဘူးလို့ ကိုယ့်ကိုယ်ကိုယ် ထင်နေတယ်။ မေးခွန်းကို ကြောက်နေတာပေါ့နော်။ အဲ့ဒီအတွက်ကြောင့် ညီမ ကိုယ့်ကိုယ်ကိုယ်လည်း အားမရဘူး။ စိတ်လည်း အရမ်း တိုတယ်။ ငါ ဘာလို့ ဒီလိုဖြစ်နေရတာလဲပေါ့။ Evening Gown နဲ့ ပြိုင်ရတဲ့ အလှည့်ကျမှ ကိုယ့်ရဲ့ စိတ်ကို တည်ငြိမ်အောင် ပြန်ပြင်လိုက်တယ်။ ဒီလို စိတ်လှုပ်ရှားနေလို့ မရဘူး။ ဒီဆုကို ငါရချင်ရင် ကြိုးစားမှ ဖြစ်မယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အားပေးခဲ့တာပါ။

Voice : ဂျပန်နိုင်ငံမှာ သွားပြိုင်ရမယ့် Miss International 2016 ပြိုင်ပွဲအတွက်ရော ကိုယ့်ဘက်က ဘယ်လို အကောင်းဆုံး ပြင်ဆင်မှုတွေ ပြုလုပ်သွားမလဲ။
IGH : အဲ့ဒီ ပြိုင်ပွဲအတွက်ကတော့ Talent ပိုင်းတွေလည်း ညီမ သေချာ ပြန်လေ့ကျင့်မယ်။ Body ကအစ သေချာ ပြန်ကစားမယ်။ ပြိုင်ပွဲကို နိုင်ငံပေါင်းစုံက အလှမယ်တွေ လာပြိုင်ကြမှာ ဖြစ်တဲ့အတွက် ပြည်တွင်း ပြိုင်ပွဲထက်တော့ ခက်ခဲမှာ သေချာပါတယ်။ ဒါပေမဲ့ ညီမဘက်က ကိုယ်စွမ်း၊ ဉာဏ်စွမ်း ရှိသမျှ အကောင်းဆုံး ယှဉ်ပြိုင်သွားမယ်။ ပြိုင်ပွဲမှာ အနိုင် အရှုံးဆိုတာထက်၊ မြန်မာလူမျိုးတွေရဲ့ ကြိုးစား အားထုတ်မှုနဲ့ ဇွဲကို ကမ္ဘာက သိအောင် ညီမ အကောင်းဆုံး ယှဉ်ပြိုင်သွားမှာပါ။

Voice : ကိုယ့်ကိုယ်ကိုယ်ရော ဘယ်အပိုင်းလေးတွေကို အားမလို အားမရ ဖြစ်နေသေးလဲ။
IGH : ညီမကိုယ်ညီမတော့ Body ပိုင်းတွေကို သိပ်အားမရသေးဘူး၊ အင်္ဂလိပ်ဘာသာ စကားပိုင်းကိုလည်း ညီမ ပြန်လေ့လာပါဦးမယ်။ ခရီးသွား လုပ်ငန်းနဲ့ ပတ်သက်တဲ့ ဗဟုသုတွေလည်း ဒီ့ထက် ပိုကြွယ်ဝအောင် ညီမ လေ့လာပါမယ်။ ဒီပြိုင်ပွဲမှာ ပရိသတ်တွေက အားပေး ခဲ့ကြသလို ဂျပန်မှာ သွားပြိုင်မယ့်  Miss International 2016 ပြိုင်ပွဲမှာလည်း ဆက်လက် အားပေးကြဖို့ ညီမ တောင်းဆိုချင်ပါတယ်။ ပရိသတ်တွေရဲ့ အားပေးမှုက ညီမအတွက် အားဆေး တစ်ခွက်ဖြစ်မှာပါ။

သန့်ဇင်ဦး


  • VIA