News

POST TYPE

RELAX

R ဇာနည် နဲ့ တွေ့ဆုံခြင်း
06-Sep-2016
နာမည်ကျော် တေးသံရှင် R ဇာနည်နဲ့ တွေ့ဆုံပြီး ရန်ကုန်၊ မန္တလေးနဲ့ တောင်ကြီး မြို့တွေမှာ တစ်ကိုယ်တော် ဖျော်ဖြေပွဲတွေ ပြုလုပ်သွားမယ့် အကြောင်းရင်း၊ စက်တင်ဘာလ ၂၅ ရက်နေ့ ရန်ကုန်မြို့မှာ စတင် ပြုလုပ်မယ့်  One Man Show မှာ သီဆိုမယ့် သီချင်းတွေ အကြောင်းနဲ့ ကမ္ဘာသား MTV အကြောင်းတို့ကို The Voice က မေးမြန်း ဖော်ပြ ထားပါတယ်။

Voice : ရန်ကုန်၊ မန္တလေးနဲ့ တောင်ကြီးမှာ တစ်ကိုယ်တော် ဖျော်ဖြေပွဲတွေ လုပ်မယ်လို့ သိထားပါတယ်။ ဘယ်လိုကြောင့်  One Man Show တွေ ဆက်တိုက် လုပ်ဖို့ စီစဉ်ဖြစ်တာလဲ။
RZN : အဓိကကတော့ ကျွန်တော့်ရဲ့ စီးရီးသစ်ဖြစ်တဲ့ ကမ္ဘာသား ထွက်ပြီးလို့ လုပ်ချင်တာလည်း ပါတယ်။ ကျွန်တော့်ရဲ့ One Man Show မလုပ်တာလည်း ကြာနေပြီ ဖြစ်တဲ့အတွက်ကြောင့် ပါတယ်။ ကျွန်တော့် သားလေး ဖစ်ဖစ်တုန်ကလည်း ပါးပါး One Man Show မလုပ်ဘူးလားလို့ တောင်းဆိုတာကြောင့်လည်း ပါတယ်။ ပြောရရင် အကြောင်းတရားတွေ တော်တော်များများ တိုက်ဆိုင်ပြီးတော့မှ ဒီ One Man Show ကို လုပ်ဖို့ စီစဉ်ဖြစ်တာပါ။

Voice : ကိုဇာနည် ပထမဆုံးအကြိမ် လုပ်ခဲ့တဲ့ One Man Show တုန်းကနဲ့ မတူတဲ့ ဘယ်လို တင်ဆက်မှုမျိုးတွေကို ရန်ကုန်ပွဲမှာ တွေ့ရမလဲ။
RZN : အဲ့ဒါကတော့ စက်တင်ဘာလ ၂၅ ရက်နေ့မှာ ရန်ကုန်မြို့၊ အမျိုးသား ကဇာတ်ရုံကို လာကြည့်ဖို့ပဲ ပရိသတ်တွေကို ဖိတ်ခေါ် ချင်ပါတယ်။ အဲ့ဒီတော့မှပဲ ကျွန်တော် ဘယ်လို ဖျော်ဖြေမလဲ ဆိုတာ ပရိသတ်တွေလည်း အသေးစိတ် သိရမှာပေါ့။ ကျွန်တော်တို့တောင် တချို့ကိစ္စတွေ ဘာမှ အတိအကျ မသိသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က ရှိုးပွဲမတိုင်ခင် နှစ်ပတ်လောက် အလိုမှ သီချင်းတွေ စတိုက်ဖို့ စဉ်းစား ထားပါတယ်။

Voice : ပထမဆုံး လုပ်ခဲ့တဲ့ One Man Show တုန်းကကျတော့ ဖျော်ဖြေတင်ဆက်မှု အပိုင်းမှာ အားမရခဲ့တဲ့ အပိုင်းလေးတွေ ရှိလား။
RZN : ပထမဆုံး ပွဲတုန်းကတော့ စစချင်း အတွေ့အကြုံ ဖြစ်တဲ့အတွက် ကျွန်တော့်မှာ စိတ်လှုပ်ရှားပြီး ပွဲအစပိုင်းမှာ ဆိုလို့ သိပ်အားမရခဲ့တာလေးတွေ ရှိတယ်။ အခုဟာကတော့ အဲ့ဒီလိုမျိုး မရှိတော့ပါဘူး။ ရန်ကုန်ပွဲမှာတော့ အစကတည်းကနေ ပွဲပြီးတဲ့ အချိန်အထိ အကောင်းဆုံး ဖျော်ဖြေ နိုင်လိမ့်မယ်လို့ ကိုယ့်ဟာကိုယ် ယုံကြည်ပါတယ်။ ပထမရှိုးနဲ့ ဒီရှိုးနဲ့ ကြားထဲမှာ အပြောင်းအလဲ တစ်ခုကတော့ ပွဲကျင်းပမယ့် နေရာလည်း မတူတဲ့အတွက် ပရိသတ် အားပေးမှု အတိုင်းအတာလည်း ကွာနိုင်ပါတယ်။

Voice : ဒီပွဲအတွက် သီချင်းတွေကိုရော ဘယ်လို စဉ်းစား ရွေးချယ်ဖြစ်မလဲ။ ကိုဇာနည့်မှာက ပေါက်သီချင်းတွေ အများကြီး ရှိတာဆိုတော့လေ။
RZN : အဲ့ဒါကတော့ပွဲမှာ မဆိုမဖြစ် သီချင်းတွေကို ကျွန်တော် ရွေးထုတ်ထားတာ တော်တော်ကို များနေပြီ။ အဲ့ဒီအထဲကမှ အကောင်းဆုံး ဖြစ်မယ် ထင်တာလေးတွေကို ကျွန်တော် ပြန်ပြီး ရွေးမယ်။ ပြောရရင် ကျွန်တော် ရှိုးတွေမှာ ဆိုလေ့ဆိုထ မရှိတဲ့ သီချင်းတွေလည်း ပါမယ်။ ကမ္ဘာသား စီးရီးထဲက သီချင်းတွေလည်း ပါမယ်။ ကျွန်တော် ဆိုနေကျ သီချင်းတွေလည်း ပါမယ်။

Voice : ရန်ကုန် ရှိုးပွဲကရတဲ့ ငွေကြေး အကျိုးအမြတ် တချို့ကို အသည်း ဖောင်ဒေးရှင်းကို လှူဖို့ ဆုံးဖြတ်ဖြစ်တာကရော ဘယ်လိုကြောင့် ဖြစ်မလဲ။ အခုနောက်ပိုင်း ပရဟိတ အလှူလေးတွေလည်း လုပ်ဖြစ်တယ်နော်။
RZN : အဲ့ဒါကတော့ ဒီပွဲကရတဲ့ အကျိုးအမြတ် တချို့ကို အသည်း ဖောင်ဒေးရှင်းကို လှူဒါန်း သွားပါမယ်။ ဒီလို ပရဟိတ အလှူလေးတွေ လုပ်ဖြစ်တာကလည်း ကျွန်တော်တို့ နိုင်ငံမှာက လိုအပ်နေတဲ့နေရာတွေ အများကြီးရှိတယ်ဗျာ။ ဒါတွေက အခုမှ ရှိတာတော့ မဟုတ်ဘူး။ အရင်ကတည်းက ရှိခဲ့တာပေါ့။ အခုလို ပွင့်လင်း မြင်သာတဲ့ ခေတ်ကြီးမှာ လိုအပ်ချက်တွေက ပိုပြီး သိသာ ထင်ရှားလာတော့ ဘယ်သူကမှ မျက်စိ မှိတ်ပြီးတော့ မျက်နှာလွှဲ ခဲပစ် မလုပ်နိုင်တဲ့ သဘောပါပဲ။ ဒါကလည်း ကိုယ်မှ မဟုတ်ပါဘူး။ အားလုံးကလည်း ဒီလိုပဲ ပရဟိတလေးတွေကို နိုင်သလောက် လုပ်နေကြတာပါပဲ။ ဒီလို လုပ်တာကို ဘေးထိုင် ဘုပြောတွေကလည်း အများကြီးပါပဲ။

Voice : ကိုဇာနည်ရဲ့ One Man Show ကို မကြည့်လိုက်ရတဲ့ ပရိသတ်တွေအတွက် ခွေပြန်ထုတ်ဖို့ရော စိတ်ကူး မရှိဘူးလား။
RZN : ဒီပွဲကို ကျွန်တော်တို့ မှတ်တမ်းတော့ ရိုက်ထားမယ်ဗျ။ ခွေအနေနဲ့ ထွက်မထွက်တော့ မဆုံးဖြတ်ရသေးပါဘူး။ ကျွန်တော့်ရဲ့ One Man Show က ရန်ကုန်ပွဲပြီးရင် နိုဝင်ဘာလထဲမှာ မန္တလေး၊ ၂ဝ၁၇၊ ဇန်နဝါရီမှာ တောင်ကြီးမှာ ထပ်လုပ်ဖို့ စီစဉ်ထားပါတယ်။ မန္တလေးနဲ့ တောင်ကြီးမှာတော့ ပွဲလုပ်မယ့် ရက်က အတိအကျ မသတ်မှတ်ရသေးပါဘူး။ ပွဲလုပ်မယ့်ရက် အတိအကျ သတ်မှတ်ပြီးသွားရင် ပရိသတ်တွေကို ပြန်ကြေညာပေးမှာပါ။

Voice : တစ်ကိုယ်တော် ရှိုးတွေ ပြန်လုပ်ဖြစ်တာက ပရိသတ်တွေနဲ့ သေချာ ပြန်ပြီး ထိတွေ့ချင်တာကြောင့် ရောပါမလား။
RZN : ကျွန်တော်ကတော့ ပုံမှန်ဆို တခြား အဆိုတော်တွေနဲ့တော့ ရှိုးတွေ ပုံမှန်ဆို ဖြစ်နေတယ်။ မိုးမတိုင်ခင်မှာ ကျွန်တော်နားပြီးတော့ မိုးအကုန်အပြီး ပွင့်လင်းရာသီမှာ တစ်ကိုယ်တော် ရှိုးတွေနဲ့ ပရိသတ်ကို ပြန်ပြီး ထိတွေ့မှာပေါ့။ တစ်ကိုယ်တော်ရှိုး ဆိုတော့ ပရိသတ်တွေကိုလည်း သီချင်းတွေ အများကြီး ဆိုပြလို့ ရတယ်။ သူတို့ နားမထောင်ရတာ ကြာတဲ့ သီချင်း အဟောင်းလေးတွေလည်း ထည့်ဆိုမှာဆိုတော့ ပရိသတ်တွေ အားလုံးလည်း ကျေနပ် ကြလိမ့်မယ်လို့ ထင်ပါတယ်။

Voice : ကမ္ဘာသား စီးရီးကရော MTV စရိုက်နေပြီလား။ ဘယ်တော့လောက် ပရိသတ်တွေ ကြည့်ခွင့်ရမလဲ။
RZN : ကမ္ဘာသား စီးရီးအတွက် MTV ကတော့ ခြောက်ပုဒ်လောက် ရိုက်ပြီးသွားပါပြီ။ အောက်တိုဘာလအကုန်၊ နိုဝင်ဘာလ ထဲမှာတော့ ထွက်နိုင်အောင် ကျွန်တော် ကြိုးစားမှာပါ။ MTV မှာတော့ ကျွန်တော် ကိုယ်တိုင် ပါဝင် သရုပ်ဆောင်ထားတဲ့ သီချင်းတွေ များပါတယ်။ သရုပ်ဆောင်တာထက် အဆိုကတ်တွေမှာ ပါဝင်ထားတာ ပိုများပါတယ်။

Voice : ကိုဇာနည့်ရဲ့ တစ်ကိုယ်တော် ရှိုးတွေကို မျှော်နေမယ့် ပရိသတ်တွေအတွက် ပြောချင်တာတွေရှိရင် ဖြည့်စွက် ပြောကြားပေးပါဦး။
RZN : ကျွန်တော့်ရဲ့ ရန်ကုန်မှာ လုပ်မယ့် One Man Show ကို လာနိုင်တဲ့ ပရိသတ်တွေလည်း လာအားပေး စေချင်ပါတယ်။ ရန်ကုန်ပွဲကို မလာနိုင်ရင်လည်း နိုဝင်ဘာလထဲမှာ လုပ်မယ့် မန္တလေးရှိုးနဲ့ ၂ဝ၁၇ ခုနှစ်၊ ဇန်နဝါရီလထဲမှာ တောင်ကြီးမြို့မှာ လုပ်မယ့် ရှိုးပွဲတွေကို လာရောက် ကြည့်ရှု အားပေးဖို့ ဖိတ်ခေါ်ချင်ပါတယ်။

သန့်ဇင်ဦး


  • VIA