News

POST TYPE

RELAX

ရုရှားရွာတစ်ရွာမှာ ရေပိုက်ခေါင်းထဲက ရေနံတွေထွက်
06-Sep-2016
ရုရှားနိုင်ငံ အရှေ့ပိုင်းဒေသက ကျေးရွာသားတွေအတွက် ထူးဆန်းတဲ့ အဖြစ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အဲဒါကတော့ ရေပူရေပိုက်ခေါင်းတွေကို ဖွင့်လိုက်တိုင်း ရေနံတွေ ထွက်လာတာပါပဲ။ ဗဟိုအပူပေးရေးစနစ်ထဲမှာ သုံးတန်လောက်ရှိတဲ့ ရေနံတွေ ရေပေးဝေရေး စနစ်ထဲကို ယိုဆင်းသွားတဲ့အတွက် အဆိုပါ ရေပိုက်ခေါင်းတွေထဲက ရေနံတွေထွက်နေတဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ရတာပါ။ ရေနံတွေဟာ အနီးအနား မြစ်ထဲကိုလည်း ရောက်သွားခဲ့ပြီး ရေနဲ့မြေဆီကို ညစ်နွမ်းမှုများ ဖြစ်စေခဲ့ပါတယ်။

ရွာသားတစ်ဦးက အိမ်တွင်းရေပိုက်ခေါင်းထဲကနေ ရေနံတွေ ဘာလီပုံးနဲ့အပြည့်ရထားတဲ့ပုံကို ဒေသဆိုင်ရာ မီဒီယာတွေက ဖော်ပြနေကြပါတယ်။

“ရေက ဆေးကြောသုတ်သင်မှုတောင် လုပ်လို့မရပါဘူး။ ရေထဲမှာ ရေနံတွေ ပါနေပြီးတော့ အနံ့ကလည်း ရေနံအနံ့ ဖြစ်ပါတယ်” လို့ ချာစကီးကျေးရွာသား အီဗန်က Life သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ရေထဲကနေ ရေနံတွေကို ဖယ်ရှားဖို့အတွက် အရာရှိတွေက ကြိုးစားဆောင်ရွက်နေကြပါတယ်။ ရေအေးပိုက်လိုင်းက သန့်စင်ပြီးတော့ ရေနွေးပိုက်ကသာ ရေနံတွေ ပါနေတာမို့ ရေအေးကိုပဲ ကြိုချက်သုံးကြဖို့ အရာရှိတွေက ညွှန်ကြားထားပါသတဲ့။

အဆိုပါ မတော်တဆမှုအတွက် ဒေသဆိုင်ရာ အရာရှိတွေနဲ့ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးဌာန အရာရှိတွေက လေ့လာစုံစမ်းလျက် ရှိပါတယ်။ ရွာသားတွေကို စာနာမိကြောင်း၊ ဒီဖြစ်ရပ်အတွက် တစ်ယောက်ယောက်က ထောင်ထဲသွားသင့်ကြောင်း ရုရှားလူမှုကွန်ရက် မီဒီယာပေါ်မျာ ဝေဖန်ထားသူ ရှိသလို ကိုယ့်အိမ်ထဲက ရေပိုက်ခေါင်းကနေ တန်ဖိုးရှိတာတွေ ထွက်လာတာ ကောင်းတယ်လို့ ဟာသလုပ်ကြသူတွေလည်း ရှိပါတယ်တဲ့။

Ref: UPI