News

POST TYPE

RELAX

ဒိုင်ယာနာ မင်းသမီးအကြောင်း လူသိနည်းတဲ့ အချက်တချို့
06-Sep-2016
ဗြိတိန်ပြည်သူတွေရဲ့ မြတ်နိုးမှုသာမက တစ်ကမ္ဘာလုံးက ပြည်သူတွေရဲ့ ချစ်ခင်မှုကိုပါ ရရှိခဲ့တဲ့ ဝေလမင်းသမီး ဒိုင်ယာနာမှာ ခုထိလူတွေ သိပ်မသိသေးတဲ့ အကြောင်းအရာတချို့ ရှိနေပါတယ်။

သူပထမဆုံး ချစ်မြတ်နိုးခဲ့တဲ့ ဝါသနာတစ်ခုက ဘဲလေးအက ဖြစ်ပါတယ်။ ဒိုင်ယာနာ စပင်ဆာအဖြစ်နဲ့ ငယ်ရွယ်စဉ် ကလေးဘဝက သူဟာ ဘဲလေးအကကို သင်ယူခဲ့ပြီး နာမည်ကျော် ဘဲလေးအကအဖွဲ့ Royal Ballet မှာ ပါဝင်ရဖို့က သူ့ရဲ့အိပ်မက် ဖြစ်ခဲ့ပါတယ်။

အဲဒီအချိန်က အရပ်မမီတဲ့အတွက် သူပါဝင်ခွင့် မရခဲ့ပါဘူး။ နောက်ပိုင်းမှာတော့ အရပ် ၅ ပေ ၁၁ လက်မနီးပါး ရှည်လာခဲ့ပါတယ်။ ချားလ်စ်မင်းသားနဲ့ လက်ထပ်ပြီးတဲ့ ၁၉၈၁ အထိ သူ့မှာ ဘဲလေးအက အိပ်မက်ရှိနေခဲ့ပြီး ၁၉၈၅ မှာ Royal Opera House ပြဇာတ်ရုံမှာ သုံးမိနစ်စာ ကပြခဲ့တဲ့အခါ အားလုံးက အံ့အားသင့်ခဲ့ကြပါတယ်။ သူကွယ်လွန်သွားတဲ့အခါ သူ့နာမည်နဲ့ ဘဲလေးအကတစ်မျိုး ထွက်ပေါ်လာခဲ့ပါတယ်။

နောက်တစ်ချက်ကတော့ တော်ဝင်မင်္ဂလာပွဲတွေမှာ အဲလစ်ဇဘက် (၂) ဘုရင်မကြီး၊ မင်းသမီး မာဂရက်နဲ့ မင်းသမီး အန်နီ အပါအဝင် သတို့သမီးတွေ အားလုံး ရွတ်ဆိုခဲ့ကြတဲ့ သစ္စာစကားတစ်ခုက “သူ့ကို ချစ်မြတ်နိုး တန်ဖိုးထား ပြုစုနာခံပြီး ဖျားနာသည်ဖြစ်စေ ကျန်းမာသည်ဖြစ်စေ သူ့ကိုမစွန့်ခွာဘဲ” ဆိုတာ ဖြစ်ပါတယ်။

ဒိုင်ယာနာကတော့ အဲဒီသစ္စာစကားမှာ “နာခံ” ဆိုတဲ့ စကားလုံးကို ချန်လှပ်ထားခဲ့ပါတယ်။ သူ့ရဲ့ ချွေးမတော် ကိတ်မစ်ဒယ်လ်တန် အလှည့်မှာလည်း ကွယ်လွန်သွားရဲ့ ယောက္ခမတော်ရဲ့ ခြေရာကိုနင်းပြီး အလားတူ ချန်လှပ်ရွတ်ဆိုခဲ့ပါတယ်။

ဒိုင်ယာနာဟာ ကမ္ဘာပေါ်က နာမည်ကျော် မဂ္ဂဇင်းစာစောင် အားလုံးနီးပါးရဲ့ မျက်နှာဖုံးရှင်ဖြစ်ပြီး လူသန်းပေါင်းရာချီပြီး ချစ်ခင်မြတ်နိုးခြင်းကို ခံရသူ တစ်ယောက်ဖြစ်ပေမယ့် ယောက္ခမတော်ဖြစ်တဲ့ ဘုရင်မကြီးကတော့ သူ့ကို သိပ်မနှစ်သက်ခဲ့ပါဘူး။

“သူက ကျန်တဲ့ငါတို့တွေလို မဟုတ်ဘူး” လို့ သတင်းအယ်ဒီတာတွေကို ဘုရင်မကြီးက ဖြေကြားခဲ့ဖူးသလို “သိပ်ငယ်သေးတယ်” လို့လည်း ဆိုခဲ့ပါသေးတယ်။ ဒိုင်ယာနာက နောက်ပိုင်းမှာ အိတ်ချ်အိုင်ဗီ အေအိုင်ဒီအက်စ် ဝေဒနာသည်တွေ အတွက် ရန်ပုံငွေ စုဆောင်းပေးတာတွေနဲ့ တခြားလှုပ်ရှားမှုတွေ လုပ်ခဲ့တဲ့အခါမှာလည်း ပိုပြီးစိတ်ချမ်းမြေ့စရာကောင်းတဲ့ တခြားတစ်ခုခုကို မလုပ်တတ်တော့ဘူးလားလို့ ဒိုင်ယာနာကို မေးခဲ့ပါတယ်။

Ref: rd.com