News

POST TYPE

RELAX

ပုဇွန်တောင်ညဈေး ယနေ့ ရောင်းချခွင့်ပြုမည်
28-Dec-2017
ရန်ကုန်၊ ဒီဇင်ဘာ ၂၈

ရန်ကုန်မြို့တော်၏ ဒုတိယမြောက် ညဈေးတန်းဖြစ်လာမည့် ပုဇွန်တောင် မြို့နယ် ၅၂ လမ်း ညဈေးတန်းကို ဒီဇင်ဘာလ ၂၉ ရက် (ယနေ့) ကစ၍ ရောင်းချခွင့်ပေးမည်ဖြစ်သည်။

အဆိုပါညဈေးကို နေ့ဈေးတန်းနှင့်  ညဈေးတန်းအဖြစ် ဖွင့်လှစ်မည်ဖြစ်ပြီး ဆိုင်ခန်းပေါင်း ၂၀ဝ ကျော် ပါဝင်မည်ဖြစ်ကာ ရောင်းချခွင့်ရမည့် ဈေးသည်များကို ဒီဇင်ဘာလ ၂၈ ရက်နေ့က ရောင်းချခွင့် စမတ်ကတ်များ ထုတ်ပေးခဲ့ကြောင်း၊ စမတ်ကတ် ရရှိထားသည့်ဈေးသည်များအနေနှင့် ဇန်နဝါရီလ ၃ ရက်နေ့ နောက်ဆုံးထား၍ ဆိုင်ဖွင့်ရမည်ဖြစ်ကြောင်း ပုဇွန်တောင်မြို့နယ် မဲဆန္ဒနယ်မှ ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင်က ပြောကြားသည်။

“ဈေးသည်တွေကို တရားဝင် ရောင်းချခွင့်ရအောင် နေ့ဈေးတန်းနဲ့ ညဈေးတန်းဆိုပြီး ဖွင့်ပေးမှာပါ။ အခုထုတ်ပေးတဲ့ စမတ်ကတ်တွေကို လက်ပြောင်းလက်လွှဲ ရောင်းချတာ အငှားချတာတွေ ခွင့်မပြုဘူး။ ရောင်းခွင့်ရှိသူတွေရဲ့ မှတ်ပုံတင်တွေကို ကွန်ပျူတာစနစ်နဲ့ မှတ်တမ်းယူထားတယ်။ သိတာနဲ့ ဆိုင်ခန်းနေရာ ပြန်သိမ်းမယ်”ဟု ၎င်းက ရှင်းပြသည်။

နေ့ဈေးသည် တစ်ဦးလျှင် ၁၅,ဝဝ၀ ကျပ်နှုန်းဖြင့် စမတ်ကတ် ထုတ်ပေးထားပြီး ညဈေးသည်တစ်ဦးလျှင် ကျပ် ၂၀,ဝဝဝ နှုန်း ကောက်ခံကြောင်း ပုဇွန်တောင်မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးရုံးထံမှ သိရသည်။

“နေ့ဈေးတန်းနဲ့ ညဈေးတန်း အပြောင်းအလဲက ကြားထဲမှာ သုံးနာရီလောက်ပဲ ကွာတော့ သန့်ရှင်းရေးပိုင်းကို နေ့တိုင်း အချိန်လုရှင်းရမယ့်သဘောရှိတယ်။ စမတ်ကတ်ကြေး ကောက်တယ်ဆိုတာက ကျွန်တော်တို့ဌာနမှာ အသုံးစရိတ်တွေ ရှိတယ်။ ဈေးလုံခြုံရေး ဝန်ထမ်းထားဖို့ လုံခြုံရေးကုမ္ပဏီ ငှားရတဲ့စရိတ်တွေ လစဉ် ပေးရမယ်။ စမတ်ကတ်ကြေးက တစ်ကြိမ်ပဲ  ကောက်တာပါ”ဟု ပုဇွန်တောင် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးရုံးမှ အရာရှိတစ်ဦးက ပြောဆိုသည်။

လက်ရှိအချိန်၌ နေ့ဈေးတန်းတွင် ရောင်းချလိုသော ဈေးသည် ၉၂ ဦးရှိပြီး ညဈေးတန်းတွင် ရောင်းချရန် လျှောက်ထားသည့် ဈေးသည် ၁၁၉ ဦးရှိကြောင်း၊ နံနက် ၆ နာရီမှ ၁၂ နာရီအထိကို နေ့ဈေးတန်းအဖြစ် ဖွင့်ပေးမည်ဖြစ်ကာ မွန်းလွဲ ၃ နာရီမှ ည ၁၂ နာရီအထိကို ညဈေးအဖြစ် ရောင်းချခွင့်ရမည်ဖြစ်ကြောင်း စမတ်ကတ် လာရောက် ထုတ်ယူနေသည့် ဈေးသည်များထံမှ သိရသည်။

“ရေမီးအစုံနဲ့ လွတ်လွတ်လပ်လပ် ရောင်းခွင့်ပေးမယ်ပြောတာပဲ။ ကျွန်မတို့က ၉ ရပ်ကွက် ဈေးလေးမှာ ရောင်းနေတာ။ နေ့ဈေးတန်း ရောင်းမှာဆိုတော့ စမတ်ကတ်ကြေး (ကျပ်) တစ်သောင်းခွဲ ပေးရတယ်။ အမည်တူ ဈေးသည်တွေ စုပြုံနေရင် အရောင်းထိုင်းမှာတော့ စိုးရိမ်တယ်”ဟု အသား/ ငါးရောင်းချမည့် ဈေးသည်တစ်ဦးက ပြောကြားသည်။

နေ့ဈေးတန်းတွင် သား၊ ငါး၊ ဟင်းသီးဟင်းရွက်နှင့် လက်ဖက်ရည်ဆိုင်များ ပါဝင်မည်ဖြစ်ပြီး ညဈေးတန်းတွင် အစားအသောက်နှင့် ပတ်သက်သော ဈေးသည်များကိုသာ ရောင်းချခွင့်ပေးမည်ဖြစ်ကြောင်း ပုဇွန်တောင် စည်ပင်အုပ်ချုပ်ရေးရုံးထံမှ ထပ်မံသိရသည်။

“ညဈေးတန်းတွေကို မြို့နယ်တွေ အလိုက် လုပ်ပေးဖို့ အစီအစဉ်ရှိပါတယ်၊ ဒါပေမဲ့ ဈေးလုပ်ပေးဖို့ နေရာလိုတယ်။ ကျွန်တော်တို့ မြို့တော်စည်ပင်အနေနဲ့ ညဈေးတန်းတွေနဲ့ ဖြစ်လာဖို့ မြို့နယ်အလိုက် ညဈေးတန်းနဲ့ အချိန်ပိုင်း ဈေးတန်းတွေ ဖွင့်နိုင်ဖို့ အစီအစဉ်ရှိပါတယ်”ဟု ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ဩဂုတ်လ ၃၁ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ်မြောက် ရန်ကုန်တိုင်းလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (ပထမနေ့)တွင် ထည့်သွင်း ပြောကြားထားသည်။

လက်ရှိအစိုးရသစ်လက်ထက်တွင် ကမ်းနားလမ်းညဈေးကို ယခုနှစ်ဆန်းပိုင်းက ဖွင့်လှစ်ပေးခဲ့ပြီးနောက် ပုဇွန်တောင် ညဈေးကို ထပ်မံ ဖွင့်လှစ်ခြင်းဖြစ်သည်။   

J-17


  • VIA