POST TYPE

RELAX

ဤမြေကမ္ဘာရဲ့ သူရဲကောင်း
ကျွန်မတို့လို သဘာဝပတ်ဝန်းကျင်အပေါ် ချစ်မြတ်နိုးသူတွေဟာ အဖွဲ့အစည်းလေးတွေ ဖွဲ့ပြီး မိုးရာသီမှာ သစ်ပင်လေးတွေ စိုက်ကြပါတယ်။ သဘာဝပတ်ဝန်းကျင်ကို ချစ်ဖို့၊ စောင့်ရှောက်ဖို့ စာတွေရေးကြ၊ ဟောကြ၊ ပြောကြ၊ လှုံ့ဆော်ကြ၊ စာတမ်းတွေ ဖတ်ကြပါတယ်။ တချို့အဖွဲ့တွေဆိုရင်  မိုးရာသီမှာ သစ်ပင်ပေါင်း ဘယ်နှသောင်း၊ ဘယ်နှသိန်းဆိုပြီးကို သတ်မှတ်ချက်ထားပြီး ဖြစ်မြောက်အောင် စိုက်ပျိုးကြပါတယ်။ ကျွန်မတို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေ စိုက်ခဲ့တဲ့ သစ်ပင်များစွာထဲက အပင်ဘယ်လောက်ရာခိုင်နှုန်း အသက်ရှင်ခဲ့သလဲ၊ ဘယ်လောက်ရာခိုင်နှုန်း ကြီးထွားလာခဲ့သလဲ၊ အပင်ပေါက် ဘယ်နှပင်ကို ရေလိုက်လောင်းတာ အပါအဝင် ရာသီဥတုဒဏ်ကနေ ကယ်ဆယ်နိုင်ခဲ့သလဲ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကို ဘယ်လောက်ရာခိုင်နှုန်း ကာကွယ်မှုနှင့် ဖာထေးမှု ပေးနိုင်ခဲ့သလဲ စတဲ့ မေးခွန်းတွေကို မေးလိုက်မယ်ဆိုရင် ရရှိလာမယ့် အဖြေတွေကလည်း လောက်လောက်လားလား အားရကျေနပ်စရာ ရလဒ်ရှိမယ်လို့ မထင်မိပါဘူး။

အလျင်အမြန် ပျက်စီးယိုယွင်းလာနေတဲ့ သဘာဝပတ်ဝန်းကျင်ကို ထိရောက်စွာ ကာကွယ်ဖို့ လိုအပ်နေတာကတော့ နိုင်ငံသားအားလုံး ပိုင်ဆိုင်တဲ့ အမွေဆိုင်ပစ္စည်းတွေအဖြစ် တည်ရှိနေကြတဲ့၊ နှစ်ပေါင်းရာချီ သက်တမ်းရှိတဲ့ သစ်ပင်ကြီးပေါင်း မြောက်မြားစွာကို လူတစ်စု/အဖွဲ့အစည်းတစ်ခုရဲ့ အကျိုးစီးပွားအတွက် စည်းကမ်းမဲ့ ခုတ်ယူခြင်းများ၊ တစ်တောလုံး တစ်တောင်လုံးကို အပြောင်ရှင်း ခုတ်ယူမှုများကို တရားဝင်/တရားမဝင် ပြုလုပ်နေကြတဲ့ ကုမ္ပဏီများ၊ ပုဂ္ဂလိကပိုင် လုပ်ငန်းကြီးငယ်များ၊ ဒေသခံ ခရိုနီငယ်များ စသည်တို့ကို တားဆီးရဲ၊ အရေးဆိုရဲပြီး သဘာဝပတ်ဝန်းကျင်ကို သူရဲကောင်းလို ကာကွယ်စောင့်ရှောက်သူ လူမျိုးတွေပါပဲ။ ဒီလိုမျိုးတွေ ကျွန်မတို့နိုင်ငံမှာ ရှိပါသလား၊ ရှိရင်ရော ဘယ်နှယောက်လောက် ရှိပါသလဲ။

ဒေသခံ အာဏာပိုင်များနှင့် လက်ဝါးချင်းရိုက် အပေးအယူလုပ်ပြီး ချိန်းဆောများ အသုံးပြုကာ တောပြောင်ရှင်း ခုတ်ယူနေတဲ့ သစ်ခုတ်သမား လောဘသားများကို တားဆီးဖို့ ဆိုတာဟာ တော်တော်နှင့် မလွယ်ဘဲ ကြောက်စရာကောင်းတဲ့ ကိစ္စတစ်ခုပါ။ ဥပဒေကြောင်းကနေ တားဆီးဖို့ရာအတွက် သက်ဆိုင်ရာ ဌာနတွေဆီကို တိုင်ကြားရာမှာလည်း ... ဌာနတစ်ခုက နောက်ဌာန တစ်ခုဆီကို လွှတ်လိုက်၊ နောက်ဌာနတစ်ခုက မသိယောင်ဆောင်လိုက်၊ တခြားဌာနတစ်ခုဆီကို ဘောလီဘောပုတ်ထုတ်လိုက်နဲ့  လုပ်ကြပြီး အချိန်တွေ ဆွဲကြပါတယ်။ အဲလိုအချိန်ဆွဲခံနေရတဲ့ ကာလမှာ အဲဒီတိုင်ကြားသူဟာ သစ်ခုတ်လုပ်ငန်းရှင်များ၏ ခြိမ်းခြောက်မှု၊ ရန်ပြုမှုတွေကို ခံရသလို ကျင်လည်နေထိုင်ရာ လူ့အဖွဲ့အစည်းထဲမှာ သွေးခွဲခံရပြီး ပြဿနာရှာသူ သင်းကွဲတစ်ယောက်အဖြစ် ရှုမြင်ဖယ်ကြဉ်ခံရမှုတွေကိုပါ တစ်ပြိုင်နက် ရင်ဆိုင်ရပါတယ်။

ဒီလိုလူရမ်းကား လူ့အတ္တတွေရဲ့ အန္တရာယ် အသွယ်သွယ်ကို ရင်ဆိုင်ရင်းနဲ့ပဲ ဒေသခံလူထုကို ကိုယ့်ဘက်ပါလာအောင် စည်းရုံးသိမ်းသွင်းရင်း ဒေသခံတွေရဲ့ တစ်အိမ်ထောင်စာ အမှန်လိုအပ်တဲ့ သစ်၊ ဝါး၊ ထင်း ခုတ်ယူမှုတွေကို စည်းကမ်းတကျ ထုတ်လုပ်ခွင့်ပေးဖို့ပါ။ စီမံခန့်ခွဲရပြီး စီးပွားဖြစ် တောပြောင်ရှင်း ခုတ်ယူသူတွေကို တောကြီးမျက်မည်းထဲအထိ ဝင်ရောက်တားဆီးပြီး ပညာပေး ဟောပြောစည်းရုံးရတယ် ဆိုတဲ့ လုပ်ငန်းမျိုးဟာ သိပ်ကို ခက်ခဲပင်ပန်းလှသလို အန္တရာယ်လည်း ကြီးမားလှပါတယ်။ ဒီလုပ်ငန်းစဉ်ကြီးကို လုပ်နိုင်တဲ့သူ လုပ်ဝံ့တဲ့သူမျိုးတွေ ဆိုတာဟာ တော်ရုံတန်ရုံ လက်ရုံးရည် နှလုံးရည်ရှိ ရုံလောက်နှင့်တော့ မဖြစ်နိုင်ဘူး ဆိုတာကို ခန့်မှန်းလို့ ရပါလိမ့်မယ်။

ဒီလိုကြမ်းတမ်းခက်ခဲ အန္တရာယ်များလှပြီး ပညာရှိရှိနဲ့ လုပ်ရတဲ့ အလုပ်မျိုးကို လက်ရုံးရည် နှလုံးရည် အပြည့်နဲ့ လုပ်ဆောင်နေတဲ့ သဘာဝပတ်ဝန်းကျင် မြတ်နိုးထိန်းသိမ်းသူ တက္ကသိုလ် ဆရာမတစ်ဦး ကျွန်မတို့နိုင်ငံမှာ ရှိနေတယ်ဆိုတဲ့ သတင်းကောင်းလေးကို ကျွန်မက စာဖတ်သူတွေဆီကို ဖြန့်ဝေပေးချင်ပါတယ်။ သူမကတော့ မိုးညှင်းဒီဂရီကောလိပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဒေါက်တာနုနုအောင်ပဲ ဖြစ်ပါတယ်။

သူမ ကာကွယ်ပေးဖို့ ကြိုးစားလုပ်ဆောင်နေတဲ့ သစ်တောကြီးကတော့ ဧက နှစ်သောင်းကျော်ရှိတဲ့ လွိုင်မော်သစ်တော ကြိုးဝိုင်းကြီး ဖြစ်ပါတယ်။ လွိုင်မော်ကြိုးဝိုင်း သစ်တောဆိုတာဟာ မိုးညှင်းမြို့နှင့် အနီးတစ်ဝိုက်မှာရှိတဲ့ လယ်ဧက နှစ်သောင်းကျော်ကို ရေထောက်ပံ့နေတဲ့ ရေဝေတောရှိရာ ရေအရင်းအမြစ်အားကောင်းတဲ့ နေရာကြီး  တစ်ခုလည်း ဖြစ်ပါတယ်။ မိုးညှင်းဒေသ ဆိုတာဟာ ကချင်ပြည်နယ်ရဲ့ စပါးကျီ ဖြစ်သလို တစ်နိုင်ငံလုံးရဲ့ ဆန်ထွက်ရာ စတုတ္ထမြောက် စပါးကျီလည်း ဖြစ်ပါတယ်။ ဒါ့အပြင် လွိုင်မော်ရဲ့ ကြိုးပြင်သစ်တော ဧရိယာမှာ ရှိတဲ့ ရှေးနှစ်ပေါင်း တစ်ရာကျော် ကတည်းက ဒေသခံတောင်သူများ တည်ဆောက်ခဲ့ကြတဲ့ လက်လုပ်ကျောက်ပုံဆည်ကိုလည်း သူမနှင့်အဖွဲ့က ဦးဆောင်ပြီး လောဘသားများလက်ကနေ ကြိုးစား ကာကွယ်စောင့်ရှောက်ခဲ့ကြပါတယ်။

သူမတို့ဟာ ကျေးရွာပေါင်း တစ်ဆယ့်ခုနစ်ရွာက ဒေသခံ တာဝန်သိသူတွေကို အဓိကထားပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးမှု စည်းရုံးမှုတို့ကို လုပ်ဆောင်ခဲ့ကြကာ တရားမဝင် သစ်ထုတ်လုပ်မှုများ၊ ချိန်းဆောနှင့် ခုတ်လှဲမှုများကို တားဆီးခဲ့ကြပါတယ်။ သစ်ခုတ်သူများကိုပါ သစ်တောသစ်ပင်တွေရဲ့ အကျိုးပြုပုံတွေ၊ ဒီသစ်တောတွေ ပြုန်းတီးကုန်ရင် ဖြစ်ပေါ်လာမယ့် ဆိုးကျိုးတွေနှင့်တကွ ဒုက္ခပင်လယ်ဝေမယ့် အကြောင်းတွေကိုပါ ရှင်းပြပြီး ပညာပေး အများကြီး လုပ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ထိရောက်တဲ့ အောင်မြင်မှု မရရှိခဲ့ကြပါဘူးတဲ့။ တောထဲကို သစ်ခုတ်သမားတွေ ရောက်နေကြပြီဆိုတဲ့ သတင်းရတာနဲ့ တစ်ပြိုင်နက် နေ့ရော၊ ညပါမရှောင် ဒေသခံ တာဝန်သိသူတွေပါ ခေါ်ပြီး မိန်းမသားတစ်ဦး တန်မဲ့ တောနက်ထဲထိ မကြောက်မရွံ့ သွားရောက်တားဆီးကြ၊ စစ်မေးကြ၊ ဟောပြောကြ၊ ပညာပေးကြတွေ လုပ်ခဲ့ကြပါတယ်။ သစ်ခုတ်သူတွေက သစ်တောဌာနကို သတ်မှတ်ချက် ငွေပေးပြီးမှ ခွင့်ပြုလို့ လာခုတ်တာပါလို့ ဖြေဆိုလေ့ ရှိကြပါတယ်တဲ့။ သစ်တောဌာနကို သွားရောက်မေးမြန်းပြီး အကျိုးအကြောင်း တင်ပြပြောဆိုတဲ့ အခါမှာတော့ သစ်တောဌာနက သူတို့ မသိရှိသလို ငွေလည်းမယူပါဘူးလို့ ငြင်းဆိုကြလေ့ ရှိပါတယ်တဲ့။

၂၀၁၂ ခုနှစ်မှာတော့ ဒေသခံတွေနှင့်အတူ ဘီလူးမြို့ဟောင်းအဖွဲ့ကို ဖွဲ့စည်းပြီး လွိုင်မော်ကြိုးဝိုင်းထဲမှာပဲ Community Forest ကို ဖွဲ့စည်းလုပ်ကိုင်ခွင့် ရယူကာ ဧကပေါင်း ခြောက်ရာသုံးဆယ့် ရှစ်ဧကကို ရယူထိန်းသိမ်းနိုင်ခဲ့ပါတယ်။ ဒီလိုဒေသခံတွေရဲ့ Community Forest  ထဲမှ သစ်ပင်တစ်ပင်မှ ခုတ်ယူလို့ မရအောင် နေ့ရောညပါ ကင်းပုန်းဝပ်ပြီး စောင့်ဖမ်းခြင်း အပါအဝင် နည်းမျိုးစုံနှင့် စောင့်ရှောက်ကာကွယ်မှုတွေဟာ အောင်မြင်ခဲ့ကြပါတယ်။ Community Forest ဧရိယာထဲက သစ်ပင်တွေ ခိုးခုတ်လို့ မရတော့တဲ့အခါမှာ တောမီးယောင်ဆောင်ပြီး Community Forest ကို  မကြာခဏ လာရောက်မီးရှို့ဖျက်ဆီးမှုတွေကို သုံးနှစ်ဆက်တိုက် ခံခဲ့ကြရပါတယ်တဲ့။

၂၀၁၄ ခုနှစ်မှာတော့ ကချင်ပြည်နယ်  ထိပ်တန်းအာဏာပိုင် ပုဂ္ဂိုလ်ကြီးတစ်ဦးရဲ့  ဆွေမျိုးများ ပိုင်ဆိုင်သော ကုမ္ပဏီကြီး အပါဝင် တခြားသော ကုမ္ပဏီခြောက်ခုလောက်ဟာ လွိုင်မော် သစ်တောကြိုးဝိုင်းထဲ ဝင်ရောက်ကာ သစ်ထုတ်ခြင်းနှင့် လမ်းခင်းကျောက် ထုတ်ခြင်းများကို စည်းကမ်းမဲ့ ထုတ်ယူခဲ့ကြပြီး ထိန်းမနိုင်သိမ်းမရတဲ့ အခြေအနေတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဒါ့ကြောင့် သက်ဆိုင်ရာ ဌာနအဆင့်ဆင့်ကို တိုင်ကြားကန့်ကွက်စာတွေ ပို့ခဲ့ကြပေမယ့် ဘယ်လိုထိရောက်တဲ့ အရေးယူမှုမှ မပြုနိုင်ခဲ့ကြပါ ဘူး။ တိုင်ကြားတဲ့ Community Forest အဖွဲ့တွေကို အသိမပေး မခေါ်ယူဘဲ ရပ်/ကျေး အုပ်ချုပ်ရေးမှူးလောက်ကိုသာ ခေါ်ယူပြီး ကြိတ်ရှင်းသွားခဲ့ပါတယ်။ ဒါပေမဲ့လည်း ကုမ္ပဏီတွေရဲ့ စည်းကမ်းမဲ့ လုပ်ငန်းတွေဟာ ရပ်တန့်မသွားခဲ့ပါဘူး။

သစ်တောကြိုးဝိုင်းထဲမှာ လူပေါင်းရာချီ စုဝေးဝင်ရောက်နေထိုင်ပြီး တဲများ၊ အိမ်များဆောက်လုပ်ကာ တရားမဝင် နေထိုင်ခြင်းအတွက် သစ်တောဌာနကို တိုင်ကြားရာမှာလည်း ဘာမှအရာမရောက်ခဲ့ပါဘူးတဲ့။ မြို့ရှောင်လမ်းဖောက်လုပ်ရန်အတွက် နမ့်ဟိုက်ချောင်းထဲက ကျောက်များထုတ်ယူဖို့ လေလံပစ်ရာမှာလည်း နှစ်ပေါင်းတစ်ရာကျော် သက်တမ်းရှိနေတဲ့ ဒေသခံ တောင်သူများရဲ့ လက်လုပ်ဆည်လေး ဖြစ်တဲ့ ကျောက်ပုံဆည်ကိုပါ ဖျက်ဆီးထုတ်ယူဖို့ လေလံဧရိယာထဲ ထည့်သွင်းပစ်ခဲ့ပါတယ်။ ကျောက်တွေ စထုတ်ကတည်းက ဒေသခံတွေ၊ လယ်သမားတွေနှင့် ဘီလူးမြို့ဟောင်းအသင်း Community Forest အဖွဲ့များက စုဝေးတားမြစ်ကြပေမယ့် ဘယ်လိုမှ တားဆီးလို့ မရခဲ့ပါဘူး။ ကျောက်ပုံဆည် တစ်ဝိုက်မှာတင် ခွင့်ပြုချက်မဲ့ ကျောက်ခွဲစက်ကြီး ဆယ့်ငါးခုလောက် အထိုင်ချပြီး ကျောက်ထုတ်လုပ်ငန်းကို အကြီးအကျယ် လုပ်ကိုင်ခဲ့ကြပါတယ်။

လေလံအောင်မြင်သူက ဒေသခံတစ်ဦးဖြစ်ပြီး ကိုယ်တိုင်မလုပ်ဘဲ သူကမှတစ်ဆင့် တခြားသော ကုမ္ပဏီကြီးများထံ ပါမစ်ကို အဆင့်ဆင့် ရောင်းချထားကြတဲ့ ရှုပ်ထွေးမှုတွေကလည်း ရှိနေပါတယ်။  ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒေါက်တာနုနုအောင်က “ခရိုနီဆိုရင် လူတွေက နာမည်ကြီး  ကုမ္ပဏီ အကြီးကြီးတွေကိုသာ ပြေးမြင်ကြပါတယ်။ တကယ်တမ်းကတော့ အဲဒီကုမ္ပဏီကြီးတွေ ဆိုတာထက် ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ ဒေသခံ အလုပ်သမားတွေကို စည်းရုံးထားတဲ့ ဒေသခံ ခရိုနီ ပေါက်စတွေဟာ အန္တရာယ်ပိုကြီးပြီး ကြောက်စရာ ကောင်းပါတယ်” လို့ ပြောပြပါတယ်။

ဒေသဆိုင်ရာ အာဏာပိုင်တွေဟာ တိုင်ကြားသူ Community Forest အဖွဲ့နှင့်တကွ တခြားသော အဖွဲ့အစည်းများနှင့် တိုက်ရိုက်တွေ့ဆုံမှုတွေ မဖြစ်မနေ ပြုလုပ်ဖြေရှင်းပေးရတဲ့ အခါမှာလည်း သနားစရာကောင်းပြီး ဆင်းရဲလှတဲ့ ပျံကျကျောက်ထုတ် လုပ်သားများနှင့် ထိပ်တိုက်တွေ့ဆုံပေးပြီး ဒီဆင်းရဲသား အလုပ်သမားများ၏ စားဝတ်နေရေးကို စာနာသနားကာ ဆက်လက်လုပ်ကိုင် ခွင့်ပြုဖို့တွေကို တင်ပြလာခဲ့ကြပါတယ်။ ဒီအခါမှာလည်း သူမက လူတွေ အမုန်းခံပြီး လုံးဝစာနာမှုဖြင့် ထုတ်ယူခွင့် မပေးနိုင်ကြောင်း ပြတ်ပြတ်သားသား ငြင်းဆန်ဆန့်ကျင်ပေးခဲ့ပါတယ်။

၂၀၁၅ ခုနှစ် မတ်လ ၈ ရက်နေ့မှာတော့ လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးစစ်မြိုင်၊ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း၊ နေပြည်တော် သစ်တောရေးရာ ဝန်ကြီး ဌာနတွေနှင့်တကွ ခယက၊ မယကတွေဆီကို တိုင်ကြားစာများ အဆင့်ဆင့်ပို့ပြီး တိုင်ကြားမှုတွေကို ထပ်မံအရှိန် အဟုန်မြှင့် လုပ်ဆောင်ခဲ့ကြပါတယ်။ ထို့ကြောင့် မြစ်ကြီးနားမြို့ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းထွန်းကိုယ်တိုင် လာရောက်စစ်ဆေးပေးခဲ့ပါတယ်။ အဲဒီလို စစ်ဆေးရေးဝင်တဲ့ အခါမှာ သူမတို့အဖွဲ့ဟာ သက်ဆိုင်ရာ ဌာနတွေက ဖုံးကွယ်ပေးထားတဲ့ အရာတွေကိုပါ ရအောင်ဖော်ထုတ်ပြီး မိအောင် ဖမ်းပေးခဲ့ကြပါတယ်။ သစ်တောကြိုးဝိုင်းထဲတွင် တရားမဝင် စုဖွဲ့နေထိုင်မှုများ မရှိပါဘူးဆိုတဲ့ ငြင်းဆိုမှုတွေအတွက် စစ်ဆေးရေး ဝင်ချိန်မှာ တောနက်ထဲဝင်ပြီး ရှောင်ပုန်းနေတဲ့ နေရာတွေထိ သက်သေအခိုင်အမာတွေနှင့် တွေ့အောင်ရှာပြီး မိအောင် ဖမ်းပေးခဲ့ကြပါတယ်။

တောနက်ထဲက လွိုင်ပေါ်တောင်ရဲ့ ဘေးတွင် ခွင့်ပြုချက်မရှိဘဲ ခိုးတည်ထားတဲ့ တရားမဝင် ကျောက်ခွဲစက်တွေကိုပါ သူမတို့နှင့် ဒေသခံတွေက ဖော်ထုတ်ဖမ်းဆီးပေးခဲ့ပါတယ်။ ဒီလို သက်စွန့်ကြိုးပမ်း အားထုတ်လုပ်ဆောင်မှုတွေကြောင့် သက်ဆိုင်ရာ လူကြီးများက စိစစ်အရေးယူနိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ လွိုင်မော်ကြိုးဝိုင်း သစ်တောထဲမှ သစ်ခိုးထုတ်ခြင်းများ သိသိသာသာ လျော့ကျသွားခဲ့ပြီး ကျောက်ခိုးထုတ်လုပ်မှုတွေကတော့ လုံးဝရပ်ဆိုင်းသွားခဲ့ပါတယ်။ ဒေသခံတွေရဲ့ Community Forest ထဲမှာတော့ သစ်ခိုးထုတ်ခြင်း လုံးဝမရှိတော့ပါဘူး။ ပျက်စီးခဲ့ရတဲ့ ကျောက်ပုံဆည်ကိုလည်း ဖျက်ဆီးခဲ့တဲ့ ကုမ္ပဏီတွေက ပြန်လည်ပြုပြင်ဆည်ဖို့ ပေးခဲ့ပေမယ့် စေတနာမပါတဲ့ ဟန်ပြသက်သက်ကြောင့် တစ်မိုးကျတာနှင့် ပြန်ပျက်စီးသွားခဲ့ပါတယ်တဲ့။ ဒါပေမဲ့ တောင်သူတွေနှင့် ဒေသခံတွေဟာ ကိုယ့်ရိုးရာနည်းအတိုင်း ရှေးမူမပျက် ပြန်လည်ပြင်ဆင်ဆည်ဖို့မှုတွေကို ဖြည်းဖြည်းမှန်မှန် ပြန်လည်လုပ်ဆောင်နေကြပါပြီလို့ ရှင်းပြသွားပါတယ်။

သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသူတွေနှင့် စာဖတ်သူတွေကို ဘာများပြောချင်တာ ရှိပါသလဲလို့ မေးမြန်းရာမှာ ဒေါက်တာနုနုအောင်က - “ကျွန်မတို့က ကျေးလက်ဒေသခံတွေရဲ့ လူမှုဝန်းကျင်အတွက် အမှန်တကယ် လိုအပ်တဲ့ တစ်အိမ်ထောင်စာ သစ်တောထွက် ပစ္စည်းတွေကို ထုတ်ယူခွင့် ပေးရသလို၊ အလွန်အကျွံ မထုတ်ဖို့၊ စီးပွားဖြစ် မထုတ်ဖို့တွေကိုပါ ဂရုစိုက် ထိန်းသိမ်းစီမံပေးရပါတယ်။ သစ်တောသယံဇာတ မပျက်စီးအောင်လည်း ကာကွယ်စောင့်ရှောက်ရပါတယ်။ တချို့လူတွေရဲ့ မလိုတမာ ပြောဆိုမှု၊ ခြိမ်းခြောက်မှု စတာတွေကိုလည်း ခံရပါတယ်။ ကျွန်မတို့မှာ ဘာအာဏာမှ မရှိသလို အမိန့်ပေးခွင့်လည်း မရှိပါဘဲ စိတ်ဓာတ်လေး တစ်ခုနဲ့ အန္တရာယ်တွေကြားမှာ အလုပ်လုပ်နေကြရတာပါ။ ဒီတော့ သဘာဝပတ်ဝန်းကျင် ဝါဒီတွေ၊ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသူတွေ၊ စောင့်ရှောက်သူတွေ ဆိုတာဟာ ရှုံးနေတဲ့ စစ်ပွဲကြီးကို ရှုံးမှန်းသိသိကြီးနဲ့ တိုက်နေရတဲ့ သူတွေပဲ ဖြစ်ပါတယ်” လို့ ပြောသွားပါတယ်ရှင့်။

ဘယ်သူမှ မသိကြသလို ဘယ်သူကမှ အသိအမှတ်မပြု ကျေးဇူးမတင်ကြပေမယ့်လည်း ကိုယ့်ယုံကြည်ချက်ကို စွဲကိုင်ပြီး ကိုယ်နေထိုင်ရာ ကမ္ဘာမြေကို သတ္တိရှိရှိနဲ့ ကာကွယ်စောင့်ရှောက်နေကြတဲ့ အညတရ သူရဲကောင်းတွေ ရှိနေတယ် ဆိုတာဟာ ကျွန်မတို့နိုင်ငံရဲ့ ကံကောင်းခြင်းတွေထဲက တစ်ခုပါပဲ။ 

နေထက်ထက်အောင်