News

POST TYPE

RELAX

အရုဏ်ဦး ပွင့်သိင်္ဂီဇော်နဲ့ တွေ့ဆုံခြင်း
04-Sep-2016
နာမည်ကျော် ဒါရိုက်တာ တစ်ယောက်ဖြစ်တဲ့ ကိုဇော်( အရုဏ်ဦး)ရဲ့ သမီးဖြစ်သူ လူငယ် အမျိုးသမီး ဒါရိုက်တာ အရုဏ်ဦး ပွင့်သိင်္ဂီဇော်နဲ့ တွေ့ဆုံပြီး လက်ရှိ ရိုက်ကူးနေတဲ့ သူငယ်ရုပ်ရှင် ဇာတ်ကားအကြောင်း၊ ရိုက်ကူးပြီးစီးခဲ့တဲ့ ဇာတ်ကားတွေအပေါ် ပရိသတ် ဝေဖန်မှုနဲ့ အနုပညာနဲ့ ပတ်သက်တဲ့ ရည်မှန်းချက်များအကြောင်းတို့ကို The Voice က မေးမြန်းဖော်ပြ ထားပါတယ်။

Voice : သူငယ် ရုပ်ရှင်ဇာတ်ကားမှာ ကျော်ထက်ကို ပရိသတ် လက်ခံတဲ့ မင်းသား တစ်ယောက်ဖြစ်ဖို့ ဘယ်လို ပံ့ပိုးရိုက်ကူး ပေးသွားမလဲ။
PTZ : ကိုကျော်ထက်ကိုကျတော့ Myanmar Idol က Presenter တစ်ယောက်အနေနဲ့ အကုန်လုံးက သိထားကြတယ်။ လူ တော်တော်များများကလည်း သူ့ကို Presenter တစ်ယောက် အနေနဲ့ အမြင်ကျိုးနေတာပေါ့။ သူ့ကို ပုံစံပြောင်းမယ်ဆိုရင် ဆံပင်ပုံစံတို့၊ စကားပြောတဲ့ လေသံတို့ကအစ ပြောင်းရမယ်လို့ ပွင့်တို့ ပြောထားတယ်။ သူ့ကို ပုံစံပြောင်းပေးဖို့ Stylist တွေလည်း ခေါ်တယ်။ အောင်ခေတ်မင်း ထုတ်လုပ်ရေးကလည်း သူ့ကို တကယ့်ကို ပံ့ပိုးပေးတယ်။ Stylist တွေကို အိမ်ခေါ်ပြီး သူ့ကို အရင်ပုံစံပြောင်း ကြည့်တယ်။ နောက်နေ့ကျတော့ ဓာတ်ပုံတွေ ရိုက်ကြတယ်။ သူကတော့ Presenter ဆိုတော့ သူစကားပြောတဲ့ လေသံက တစ်တန်းတည်း ဖြစ်နေတယ်။ သူကလည်း ပွင့်တို့ ထောက်ပြတာတွေကို နာခံပြီး လိုက်လုပ်ပါတယ်။ အဲ့ဒီအတွက် သူနဲ့ ရိုက်ရတာ အဆင်ပြေပါတယ်။

Voice : ကိုယ်ရိုက်တဲ့ ရုပ်ရှင် ကားကြီးတွေကတော့ ရုံမတင်ရသေးဘူးပေါ့။ ရှေ့မှာ ထွက်ခဲ့တဲ့ ဗီဒီယိုဇာတ် ကားတွေနဲ့ ပတ်သက်ပြီးတော့ရော ပရိသတ်တွေဆီက ဘယ်လို ဝေဖန်သံတွေ ကြားရလဲ။
PTZ : အဲ့ဒါကတော့ ပွင့်ရိုက်တဲ့ကားတွေကို ကြည့်ပြီး Facebook မှာ Feedback တွေ အမြဲ တမ်းပေးတဲ့ ပရိသတ်တွေ ရှိတယ်။ အဲ့ဒီ လူတွေကကျတော့ အမာခံ ပရိသတ်တွေလို့ ပြောရမှာပေါ့နော်။ ကိုယ်ရိုက်တဲ့ ကားတွေကို အမြဲ ကြည့်ပြီးတော့ အားပေးတဲ့ ပရိသတ်တွေပေါ့။ ပွင့်ကို သူတို့ သတိ ထားမိသွားတာက လူငယ်ဆန်တဲ့ ဇာတ်လမ်းလေးတွေ၊ Romance ဇာတ်ကားလေးတွေကြောင့်လို့ ပြောတယ်။ ပွင့်ကလည်း နောက်ပိုင်း ရိုက်မယ့် ဇာတ်ကားတွေက အဲ့ဒီလို ပုံစံလေးတွေပဲ များမယ်။ ပွင့်တို့ မြန်မာ ရုပ်ရှင်လောကမှာဆို ဟာသဇာတ်ကားတွေ ရိုက်တာ ပိုများတယ်။ ဒါရိုက်တာတွေကတော့ ကိုယ့်လိုင်းနဲ့ ကိုယ်ပေါ့။ ကိုဝိုင်းတို့ဆို တစ်လိုင်း၊ အဖေတို့ဆိုလည်း တစ်လိုင်း၊ ကိုဂျိုးတို့ဆိုလည်း အက်ရှင်လိုင်းပေါ့။ ပွင့်ကလည်း လူငယ်ဆန်တဲ့ အချစ်ဇာတ်ကားလေးတွေပဲ ရိုက်ဖို့ စဉ်းစားထားတယ်။

Voice : နေမင်း၊ အေးမြတ်သူတို့နဲ့ ရိုက်ခဲ့တဲ့ ရွာသူ မကြွေ ဇာတ်ကားကတော့ ကိုယ့်ပုံစံထဲကနေ ခွဲထွက် ရိုက်ကူးခဲ့တဲ့ ကားလို့ ပြောရမှာပေါ့။
PTZ : တကယ်တော့ မကြွေ ဇာတ်ကားက ပွင့် ရိုက်နေကျ ပုံစံမျိုး မဟုတ်ဘူး။ ပွင့်က သရဲတွေ ဘာတွေလည်း အရမ်း ကြောက်တတ်တယ်။ ဒီဇာတ်လေးကို ရိုက်ပါလား၊ ကောင်းတယ် ဆိုပြီး အမေက ပြတာ။ ပွင့်က ကိုယ်တိုင်လည်း သရဲ ကြောက်တတ်တော့ မရိုက်ရဲဘူးလို့ ငြင်းသေးတယ်။ ဘာဖြစ်တာလဲ၊ ဗီဒီယို ရိုက်တာပဲဆိုပြီး အမေ တိုက်တွန်းလို့ ရိုက်ဖြစ်သွားတာပါ။ ရိုက်ကွင်းအဖြစ် တည်ပြီး ရိုက်တဲ့အိမ်က အိမ်သာကိုတောင် မသွားရဲဘူး။ အိမ်သာကလည်း ခြံရဲ့ထောင့်ဆုံးမှာ ရှိတာဆိုတော့လေ။ အိမ်သာသွားရင် အဖော် ခေါ်သွားရတယ်။ ကိုယ်က သရဲကားတွေ မရိုက်ဖူးတော့ ပရိသတ် လက်ခံပါ့မလားလို့လည်း စိုးရိမ်တယ်။ ဒါပေမဲ့ ကားထွက်လာတော့ ပရိသတ် အများစုက သဘောကျကြတယ်လို့ ကြားရတဲ့အတွက် ကျေနပ်ပါတယ်။

Voice : အဖေကိုယ်တိုင်က နာမည်ကြီး တစ်ယောက် ဖြစ်နေတော့ သူ့ရဲ့ လောင်းရိပ်အောက်ကနေ ထွက်ပြီး ကိုယ်ပိုင်ဟန်နဲ့ ရပ်တည်နိုင်အောင် ဘယ်လို ကြိုးစားရလဲ။
PTZ : ပွင့်အခုလို ဒါရိုက်တာ တစ်ယောက် ဖြစ်လာအောင် အဖေ၊ အမေနဲ့ အဘိုး၊ အဘွားတွေက ကူညီပံ့ပိုး ပေးခဲ့တာပါ။ အဖေက ပွင့်ကို ထိုင်ပြီးတော့ သေချာ သင်တယ်ဆိုတာ ရှားတယ်။ သူစိတ်ပါရင်တော့ ပြောပြတယ်။ သူပြောပြတာလေးတွေကို ပွင့်က လိုက်မှတ် လိုက်ကြည့် ရတာပေါ့။ အဖေက သူပြောတဲ့ အတိုင်းလည်း လုပ်စရာ မလိုဘူးပေါ့နော်။ ပွင့်ကို သူ့ပုံစံအတိုင်း ဖြစ်သွားမှာကို အဖေက စိုးရိမ်တယ်။ အဲ့ဒါကြောင့် ပွင့်ကလည်း သီအိုရီပိုင်းတွေ ဘာတွေကို အဖေ ပြောပြရင်တော့ အကုန် မှတ်တယ်။ တခြားဟာတွေကတော့ ပွင့် စိတ်ကူးနဲ့ ပွင့် လုပ်တယ်။ အဲ့ဒါကြောင့်မို့ ပထမဆုံး ရိုက်တဲ့ဇာတ်ကား အချစ်ဆုံးမှာ ဆိုရင် ဖေကြီးက ဘယ်လို ရိုက်ဆိုပြီး ပြောပြတယ်။ ဒါပေမဲ့ ပွင့်က သူပြောတဲ့အတိုင်း မရိုက်တော့ ပြောခံရတာတွေ ရှိတယ်။ ဘာပဲဖြစ်ဖြစ် အဖေ့ဆီက အခုထက်ထိ ပွင့် သင်ရတုန်းပဲ။ ပွင့် မသိတာတွေလည်း အများကြီး ရှိသေးတယ်။ ကိုယ်က အခုမှ ဒါရိုက်တာ စလုပ်တာဆိုတော့လေ။

Voice : မြန်မာနိုင်ငံမှာ အောင်မြင်တဲ့ အမျိုးသမီး ဒါရိုက်တာတွေက လက်ချိုးရေလို့ ရတယ်လေ။ ကိုယ်တိုင်ကရော  ဘယ်အနေအထားလောက်အထိ အောင်မြင်အောင် ကြိုးစားသွားမလဲ။
PTZ : ပွင့်က အခုချိန်မှာဆို ဇာတ်ကားတွေ ဆက်တိုက် ရိုက်ဖြစ်နေတယ်။ နောက်ပိုင်း ကျရင်တော့ ဗီဒီယိုဆိုလည်း တစ်လကို နှစ်ကားလောက်ပဲ ရိုက်မယ်လို့ ပွင့် စဉ်းစားထားတယ်။ ကားတွေ အများကြီး ကျတော့လည်း ပွင့် မရိုက်နိုင်ဘူး။ ဇာတ်တွေ ဘာတွေဆိုလည်း ပစ်စလတ်ခတ် မလုပ်ချင်ဘူး။ ဗီဒီယိုအတွက် ဆိုရင်တောင် ပွင့်က နှစ်လလောက် ကြိုပြီး ဇာတ်တွေ ဘာတွေ အရင် ရှာတယ်။ ဇာတ်ညွှန်း အပ်တာတွေ ဘာတွေ လုပ်တယ်။ နောက်နှစ်လောက် ကျရင်တော့ ပွင့် ကျောင်းသွားတက်မယ်။ သုံးလ၊ လေးလလောက်ပေါ့။ ဇာတ်ကားတွေကို ပိုကောင်းအောင် ရိုက်ချင်တာပေါ့။ အသက် ကြီးလာရင်တော့ ရုပ်ရှင်ရုံတွေ ဘာတွေ လုပ်ဖို့အထိ စဉ်းစားထားတယ်။ ဇာတ်ကားတွေဆိုလည်း အများကြီး မရိုက်ဘဲ ကိုယ်ပိုင် ထုတ်လုပ်ရေး ထောင်ပြီး စိတ်ကြိုက်ဖြစ်တဲ့ ဇာတ်လေးတွေပဲ ရိုက်ဖို့အထိ စဉ်းစားထားတယ်။

Voice : အဖေက ဒါရိုက်တာ ဖြစ်နေတဲ့အတွက် ကိုယ်လည်း လိုက်လုပ်ဖြစ်တာလား။ ဒါမှမဟုတ်ရင် ကိုယ်တိုင်က ဒါရိုက်တာ အလုပ်မှာ ဘယ်လို စိတ်ဝင်စားစရာ အချက်တွေ တွေ့လို့လဲ။
PTZ : အဲ့ဒါကတော့ ငယ်ငယ်လေးကတည်းက ပွင့် ညီမတွေကို အက်တင်တွေ လုပ်ခိုင်းတယ်။ သူတို့ကို သင်တယ်။ ဖုန်းတွေ ဘာတွေနဲ့ ရိုက်တယ်ပေါ့။ ဖေကြီး ဇာတ်ညွှန်းတွေ ယူပြီးတော့ သူတို့ကို ဒိုင်ယာလော့ခ် ချပေးပြီး ရုပ်ရှင်ရိုက်တမ်း ကစားကြတယ်။ အသက် ကြီးလာတဲ့ အချိန်အထိလည်း သူငယ်ချင်းတွေနဲ့ စုပြီး MTV တွေ ရိုက်ကြတာတွေ ရှိတယ်။ အရင်တုန်းက ပွင့်က အင်ဂျင်နီယာ တက်တာပါ။ ကိုယ့်ဘဝအတွက် လမ်းကြောင်း တစ်ခု သေချာရွေးဖို့ စဉ်းစားတဲ့အခါမှာ အင်ဂျင်နီယာ အလုပ်ကိုလည်း သိပ်ပြီး ဝါသနာ မပါဘူး ဆိုတာ သိလာတယ်။ အဖေ့ အလုပ်နဲ့လည်း ကိုယ်က ငယ်ငယ်ကတည်းက ရင်းနှီးနေတယ်။ အဖေကလည်း သူ့နောက် လိုက်ကြည့်ဖို့ ခေါ်တယ်။ အဲ့ဒီမှာ တည်းဖြတ်တာတွေ စလုပ်တယ်။ အဖေ့ရဲ့ လူးရတနာသိုက်ဆိုရင် တည်းဖြတ်သမား သုံးယောက်လောက် ပြောင်းတယ်။ နောက်ဆုံး ပွင့် ကိုယ်တိုင် ဆက်မယ်ဆိုပြီး တည်းဖြတ်ဆရာ ဟံသာမြေ ဦးဇော်မင်းကို နောက်ကနေ သင်ပြပေးခိုင်းပြီး ပွင့် ကိုယ်တိုင် ဆက်တာ။ အဲ့ဒီနောက်ပိုင်း ၂ နှစ်လောက်က ဖေကြီး ရိုက်တဲ့ ကားတွေကို ပွင့် ကိုယ်တိုင် တည်းဖြတ်ခဲ့တာပါ။ နောက်ပိုင်းမှာ ကိုယ်တိုင် ဒါရိုက်တာအဖြစ် MTV တွေ အရင်ရိုက်တယ်။ MTV ကနေ ဗီဒီယို ရိုက်တယ်။ ပြီးတော့မှ ရုပ်ရှင် ရိုက်တာပေါ့။ အဲ့ဒီလိုနဲ့ တစ်ဆင့်ပြီးတစ်ဆင့် တက်လာတာပါ။

သန့်ဇင်ဦး


  • VIA