News

POST TYPE

RELAX

မြို့ကြီး သုံးမြို့မှာ တစ်ကိုယ်တော် ဖျော်ဖြေပွဲ လုပ်မယ့် R ဇာနည်
03-Sep-2016
ရန်ကုန်၊ စက်တင်ဘာ ၃

နာမည်ကျော် တေးသံရှင် R ဇာနည်က ရန်ကုန်၊ မန္တလေးနဲ့ တောင်ကြီး စတဲ့ မြို့ကြီး သုံးမြို့မှာ တစ်ကိုယ်တော် ဖျော်ဖြေပွဲတွေ ပြုလုပ်သွားဖို့ စီစဉ်ထားပါတယ်လို့ The Voice ကို ပြောကြားပါတယ်။ 

“ကျွန်တော့်ရဲ့ ကမ္ဘာသား စီးရီးသစ် ထွက်ပြီးကတည်းက တစ်ကိုယ်တော် ဖျော်ဖြေပွဲ ပြုလုပ်ဖို့ အစီအစဉ် ရှိတာပါ။ မြို့သုံးမြို့မှာ လုပ်ဖြစ်သွားတာကတော့ ကျွန်တော် ကိုယ်တိုင်ကလည်း ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံပြီး သီချင်းတွေ ဆိုပြချင်တယ်။ ကူညီပံ့ပိုး ပေးကြမယ့် မိတ်ဆွေတွေလည်း ရှိတဲ့အတွက် လုပ်ဖြစ်သွားတာပါ”လို့ မြို့ ကြီးသုံးမြို့မှာ တစ်ကိုယ်တော် ဖျော်ဖြေပွဲ ပြုလုပ်ရတဲ့ အကြောင်းရင်းကို ၎င်းက ထပ်လောင်း ပြောဆိုပါတယ်။

တေးသံရှင် R ဇာနည်ရဲ့ ပထမဆုံး တစ်ကိုယ်တော် ဖျော်ဖြေပွဲကိုတော့ ရန်ကုန်မြို့ရှိ အမျိုးသား ဇာတ်ရုံမှာ စက်တင်ဘာလ ၂၅ ရက်နေ့မှာ ပြုလုပ်သွားမှာ ဖြစ်ပြီး မန္တလေးမြို့မှာတော့ နိုဝင်ဘာလ အတွင်းနဲ့ တောင်ကြီးမြို့မှာတော့ ဇန်နဝါရီလ အတွင်းမှာ ပြုလုပ်သွားဖို့ စီစဉ်ထားပါတယ်။ 

“ရန်ကုန်ပွဲ အတွက်ကတော့ မကြာမီ ရက်ပိုင်းအတွင်း သီချင်းတွေ စတိုက်တော့မှာပါ။ ကျွန်တော် နောက်ဆုံး ထွက်ထားတဲ့ ကမ္ဘာသား စီးရီးထဲက သီချင်းတွေနဲ့ ပရိသတ်တွေ ကြိုက်ခဲ့တဲ့ သီချင်းဟောင်းတွေကို ပွဲမှာ မျှပြီး သီဆို ပေးသွားမှာပါ။ ဒီပွဲက ရလာမယ့် အကျိုးအမြတ် တချို့ကိုတော့ အသည်းဖောင်ဒေးရှင်းကို ပြန်လည် လှူဒါန်းသွားမှာပါ”လို့ R ဇာနည်က ဆိုပါတယ်။ ရန်ကုန်မြို့ အမျိုးသား ဇာတ်ရုံမှာ ပြုလုပ်မယ့် တစ်ကိုယ်တော် ဖျော်ဖြေပွဲအတွက် လက်မှတ် ဈေးနှုန်းကိုတော့ ကျပ် ၅ဝ,ဝဝဝ၊ ကျပ် ၄ဝ,ဝဝဝ၊ ကျပ် ၃ဝ,ဝဝဝ၊ ကျပ် ၂ဝ,ဝဝဝ၊ ကျပ် ၁ဝ,ဝဝဝ သတ်မှတ်ထားပြီး မန်းသီရိတေးသံသွင်း၊ Ko Ko Beauty Salon (ဒဂုံစင်တာ)၊ The Lace ( ဆရာစံလမ်း) တို့မှာ ဝယ်ယူ ရရှိနိုင်ပါတယ်။ 


  • VIA