News

POST TYPE

RELAX

လယ်ရီဂျာဂင်နှင့် တွေ့ဆုံခြင်း
03-Sep-2016
မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှနိုင်ငံများ၏ ပြည်တွင်းရေးအကြောင်း လေ့လာသုံးသပ်သူ ပြည်ပသတင်းစာဆရာ လယ်ရီဂျာဂင်နှင့် တွေ့ဆုံပြီး မြန်မာ့ငြိမ်းချမ်းရေး၊ အစိုးရသစ်နှင့် တပ်မတော်အကြောင်း မေးမြန်းထားသည်များကို ပြန်လည်ဖော်ပြအပ်ပါသည်။

Voice - ၂၁ ရာစု ပင်လုံညီလာခံနဲ့ ပတ်သက်လို့ ထင်မြင်ချက်ကို သိပါရစေ။

Larry - ဒါဟာ ပြပွဲတစ်ခုလို့ ကျွန်တော်ထင်တယ်။ သိပ်အရေးပါတဲ့ ပြပွဲတစ်ခုပေါ့။ အစိုးရတစ်ရပ် အနေနဲ့ သူတို့မှာ ဒီမိုကရေစီ ခေါင်းဆောင်လည်း ရှိနေတာလည်း ပါတာပေါ့ လက်နက်ကိုင်အဖွဲ့ အားလုံးနီးပါးကို စားပွဲဝိုင်းကို ပထမဆုံး ခေါ်လာနိုင်တဲ့ပွဲလေ။ ‘ဝ’ နဲ့ မိုင်းလားအဖွဲ့တောင် ပါလာတယ်။ ဒါဟာ သိပ်အရေးပါတဲ့ အရာတစ်ခုပဲ။ ဒီညီလာခံမှာ ဘယ်လိုဆွေးနွေးငြင်းခုံမှုမှ မရှိဘူး ဆိုတာလည်း ဟုတ်တယ်။ ဒါက စုဆုံတွေ့တဲ့ပွဲ၊ ရင်းနှီးအောင်လုပ်တဲ့ပွဲပဲ။ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ စကားပြောကြည့်ရသလောက်တော့ သူတို့ ကျေနပ်တယ်။ တပ်ခေါင်းဆောင်တွေ၊ ကိုယ်စားလှယ်တွေနဲ့ စကားဝိုင်းထိုင်လို့ ရတယ်။ အခြေအနေတွေက သဘောကျစရာပဲ။ ဒါပေမဲ့ ဒါတွေကို လက်တွေ့အဖြစ် ပြောင်းဖို့ လိုတယ်။ အရေးကြီးဆုံးကတော့ ဒီညီလာခံပြီးရင် ဘာဖြစ်လာမလဲ ဆိုတာပဲ။

Voice - ဒီလိုဆိုတော့ အပစ်ရပ်စာချုပ်မှာ လက်မှတ်မထိုးရသေးတဲ့ လက်နက်ကိုင်အဖွဲ့တွေ သိပ်မကြာခင် လက်မှတ်ထိုးလာနိုင်မယ်လို့ ထင်ပါသလား။

Larry - လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေရဲ့ ခေါင်းဆောင်တွေနဲ့ စကားပြောကြည့်ရသလောက်တော့ အချိန်တစ်ခုရောက်ရင် သူတို့ လက်မှတ်ထိုးမယ်။ သူတို့က သဘောတူညီထားချက်တွေကို ပြန်ညှိချင်တယ်။ ဒေါ်စုကလည်း ရန်ကုန်ဆွေးနွေးပွဲမှာ ဒီလိုညှိဖို့ သဘောတူခဲ့တယ်။ သူတို့ပြောတာတော့ လက်မှတ်ထိုးဖို့ အချိန်သုံးလကနေ ခြောက်လလောက်တော့ ကြာလိမ့်မယ်။ ခြောက်လအတွင်း လက်မှတ်မထိုးရသေးတဲ့ အဖွဲ့အများစု လက်မှတ်ထိုးမယ်လို့ ယုံကြည်ပါတယ်။

Voice - ပြန်ညှိမယ်ဆိုတာ ဘာကိုလဲ။ အပစ်ရပ်စာချုပ်ကိုလား၊ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်တွေကိုလား။

Larry - နှစ်ခုလုံးပဲ။ အပစ်ရပ်စာချုပ်ကိုလည်း ပြန်ညှိချင်တယ်၊ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ကိုလည်း ပြင်ရမယ်။ မူဘောင်တွေကို ပြန်သုံးသပ်ဖို့ လိုတယ်လို့ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေက ပြောတယ်။

Voice - အပစ်ရပ်စာချုပ်ကို ပြန်ညှိလို့ရမယ် ထင်လား။

Larry - ရမှာပါ။ သူတို့လိုချင်တဲ့ ကိစ္စတွေက အပစ်အခတ်ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီကို ခိုင်မာအားကောင်းအောင် လုပ်ဖို့။ အောက်တိုဘာမှာ အပစ်ရပ်စာချုပ် လက်မှတ်ထိုးပြီးတဲ့နောက် ရှမ်းနဲ့ ကချင်မှာ တိုက်ပွဲတွေ မရပ်ခဲ့ဘူးဆိုတာ အထင်အရှားပဲလေ။ ကချင်က စာချုပ်မှာ မပါဘူးလို့တော့ ပြောလို့ရတယ်။ ဒါပေမဲ့ တပ်ကတော့ စစ်ရေးလျှော့ချမှာပဲလို့ သူတို့မျှော်လင့်ခဲ့တယ်။ ဒါပေမဲ့ စစ်ရေးအရှိန်က မလျော့လာဘူး။ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေက လက်နက်ကိုင်အဖွဲ့တွေ လှုပ်ရှားသွားလာမှုတွေ၊ စစ်သားစုဆောင်းတာတွေ စတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ ရှင်းလင်းတိကျတဲ့ လမ်းညွှန်ချက်တွေ လိုတယ်လို့ ပြောတယ်။ ဒါတွေက ညှိလို့ရတဲ့ ကိစ္စတွေပါ။ ဘယ်မှာတစ်ဆို့နေလဲ ဆိုတော့ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေက တပ်မတော်အနေနဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲကြောင်း အရင်ကြေညာပေးစေချင်တယ်။ တပ်က အဲဒီလိုကြေညာရင် လက်နက်ကိုင်တွေကလည်း အပစ်အခတ်ရပ်စဲကြောင်း ကြေညာမယ် ပြောတယ်။

Voice - တပ်မတော်က ဒီလိုကြေညာမယ်လို့ မစ္စတာလယ်ရီ အနေနဲ့ ထင်ပါသလား။

Larry - စစ်တပ်အနေနဲ့ ပုံစံအချို့ကို သဘောတူရုံကလွဲပြီး ဒီကိစ္စနဲ့ ပတ်သက်လို့ ရွေးချယ်စရာမရှိဘူး ထင်တယ်။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုကိုလည်း စမ်းသပ်လိုက်တာပဲ။ သူကသာ စစ်တပ်ရဲ့ စစ်ရေးဖော်ဆောင်မှုတွေ မတားဆီးနိုင်ဘူးဆိုရင် ဥပမာ - အကဲဆတ်တဲ့ ကေအိုင်အိုလို အဖွဲ့တွေ အပေါ်ကိုပေါ့။ ဒါဆိုရင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က ပျက်စီးသွားလိမ့်မယ်။ ငြိမ်းချမ်းရေး ဆိုကတည်းက ပဋိပက္ခ တိုက်ပွဲတွေ မရှိခြင်း အဓိပ္ပာယ်ပဲလေ။ အပစ်ရပ်စာချုပ်ကို လက်မှတ်ထိုးဖို့ဆိုရင် တိုက်ပွဲတွေ ရှိမနေဖို့ လိုတယ်။ လက်နက်ကိုင်တွေကတော့ သူ့နေရာသူ ခိုင်အောင်လုပ်မှာပဲ။ ဒါကလည်း တရားဝင်တယ်လို့ ထင်တယ်။ ငြိမ်းချမ်းရေး မရမချင်း စစ်ပြေးဒုက္ခသည်တွေကို နေရပ်ပြန်ပို့နိုင်မှာ မဟုတ်ဘူး။ သူတို့ရဲ့ ပါဝင်မှုကလည်း အရမ်းအရေးကြီးတယ်။ ဒီနေ့ဒီမှာတော့ စစ်ပြေးဒုက္ခသည်တွေရဲ့ ကိုယ်စားပြုမှုကို မတွေ့ရဘူး။ နောက်ခြောက်လ ဆိုရင်တော့ မျှော်လင့်ရတာပဲ။

Voice - အခု လူတော်တော်များများက ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရသစ်အပေါ် ဝေဖန်မှုတွေ မြင့်လာသလိုပဲ။ အစိုးရက ဒါလုပ်မယ်ပြောပြီး မလုပ်နိုင်တာတွေလည်း အများအပြား ရှိတယ်။ အစိုးရသစ် လက်ထက်မှာ သိသာထင်ရှားတဲ့ ဘယ်လိုအပြောင်းအလဲတွေ မြင်မိသလဲ။

Larry - တစ်ခုသိထားရမှာက NLD အစိုးရက မအောင်မြင်တာ မဟုတ်ဘူး။ ရလဒ်မထွက်သေးတာပဲ ရှိတယ်။ ဒါဟာ ကွာခြားပါတယ်။ အခုက ငြိမ်းချမ်းရေး ကိစ္စတွေပဲ အဓိက နေရာယူနေတယ်။ ငြိမ်းချမ်းရေးက ဒေါ်အောင်ဆန်းစုကြည် အတွက်လည်း ဦးစားပေး ဖြစ်နေတယ်။ ဒါနဲ့ ပတ်သက်လို့ လူထုက ဝေဖန်လို့ ရပါတယ်။ ဒေါ်စုကတော့ ဒါသူ့ဦးစားပေးလို့ ရှင်းရှင်းလင်းလင်း ပြေထားတယ်။ ဒုတိယအချက်က အာဏာအလွှဲအပြောင်းက ကြိုပြီး မဖြစ်ခဲ့ဘူး။ တခြားနိုင်ငံတွေမှာဆို မတ်လမကုန်ခင် ဘတ်ဂျက်ကိစ္စတွေ၊ စာရင်းအင်း လွှဲပြောင်းတာတွေ ကြိုလုပ်ကြတယ်။ ဒီမှာတော့ မတ်လကုန်မှပဲ ဒီအလွှဲအပြောင်းတွေ လုပ်တယ်လို့ သိရတယ်။ ဒီအစိုးရကတော့ အဲဒီလို ကြိုတင်လွှဲပြောင်းမှုတွေ မရှိခဲ့ဘူး။ အစိုးရသစ်ရဲ့ ပထမ ရက် ၁၀၀ ဟာဆိုရင် မူဝါဒတွေ လုပ်ငန်းစဉ်တွေ ပြောင်းလဲဖို့ မဟုတ်ဘဲ အစိုးရ ယန္တရားကြီး ဘယ်လိုလည်ပတ်နေတယ်ဆို နားလည်အောင် လုပ်ရတဲ့ ကာလလို့ ထင်တယ်။ ဒါကြောင့် NLD အစိုးရဆီကနေ ထင်ရှားတဲ့ အပြောင်းအလဲတွေ မျှော်လင့်ဖို့ စောနေပါသေးတယ်။ စက်တင်ဘာလ ကျော်ရင်တော့ အကဲဖြတ်လို့ရပြီ။

Voice - ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးကို ဦးစားပေး လုပ်နေတယ်။ တစ်ဖက်မှာ စီးပွားရေးတွေ မကောင်းဘူးဆိုတဲ့ အသံလည်း ထွက်တယ်။ ငြိမ်းချမ်းရေး၊ စီးပွားရေး ဘယ်ဟာအရင်လာသင့်လဲ။

Larry - ဒါက အတူတူလာသင့်တယ်။ ငြိမ်းချမ်းရေး မရှိဘဲ မတိုးတက်ဘူး။ ဖွံ့ဖြိုးတိုးတက်မှု မရှိဘဲလည်း လူတွေရဲ့ မျှော်လင့်ချက်ကို ဖြည့်ဆည်းနိုင်မှာ မဟုတ်ဘူး။ ငြိမ်းချမ်းရေးကို လိုတာထက် ပိုအာရုံစိုက်နေတာတော့ မှားတယ်လို့ ထင်တယ်။ ငြိမ်းချမ်းရေးကို ဦးစားပေးတာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ စီးပွားရေး မူဝါဒတွေလည်း အကောင်အထည်ဖော်ဖို့ အရေးကြီးတယ်။ တစ်ခုသတိပြုရမှာက အရင်အစိုးရတုန်းကလည်း ပထမတစ်နှစ်အတွင်း ဘာရလဒ်မှ ထင်ထင်ရှားရှား မရှိခဲ့ပါဘူး။ ဒုတိယနှစ်ရောက်မှ အပြောင်းအလဲတွေ တွေ့ရတာ။ ဒီတော့ ၁၉၆၁ နှစ်ပိုင်း ပထမဆုံး ပေါ်လာတဲ့ ဒီမိုကရေစီ အစိုးရကို အခုအချိန်မှာ အကဲဖြတ်ဖို့တော့ သိပ်မတရားဘူး ထင်တယ်။

Voice - လတ်တလောမှာ တပ်မတော်ရဲ့ ထိပ်ပိုင်းခေါင်းဆောင် အများအပြား အပြောင်းအလဲ လုပ်လိုက်တယ်။ ဒါဟာ ဘာဖြစ်နိုင်သလဲ။ 

Larry -  ဒါဟာ သိပ်အရေးပါတဲ့ အပြောင်းအလဲ ဖြစ်တယ်။ ဘယ်လောက်ကြီးမားတဲ့ အပြောင်းအလဲ ဆိုတာတော့ မသိရသေးဘူး။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ့လမ်းကြောင်းအတွက် ပြင်ဆင်နေတယ်လို့ ထင်တယ်။ လမ်းကြောင်းတစ်ခုက ၂ နှစ် သုံးနှစ်အတွင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ကူးပြောင်းပြီးတော့ ၂၀၂၀ ရွေးကောက်ပွဲဝင်ဖို့။ ကျွန်တော် နားလည်သလောက်တော့ စစ်တပ်နဲ့ ဦးသန်းရွှေမှာ လမ်းကြောင်းလေးခုလောက် ပြင်ထားတာ ရှိတယ်။ နောက်ဆုံးရွေးစရာလမ်းက အာဏာသိမ်းဖို့ပေါ့။ အခြားနှစ်ချက်တော့ ကျွန်တော်လည်း မသိဘူး။ တပ်မတော်ရဲ့ ထိပ်ပိုင်းရာထူးအပြောင်းအလဲက ကောင်းတဲ့လက္ခဏာလို့ မြင်တယ်။ ဒါဟာ ဒေါ်စုအနေနဲ့ သင်ယူသင့်တဲ့ ကိစ္စတစ်ခုပဲ။ လူငယ်တွေကို နေရာပေးဖို့၊ တာဝန်တွေပေးဖို့။ တပ်မတော်အကြောင်း ပြောမယ်ဆို ဒီနေရာမှာတော့ သူတို့ ကောင်းကောင်းလုပ်နိုင်တာ တွေ့ရတယ်။ ဒီလိုပြောင်းလဲလို့ ပိုပြီးတင်းမာမှုတွေ၊ ဖိနှိပ်မှုတွေလည်း ရှိလာနိုင်တယ် ဆိုတာ လက်ခံပါတယ်။ ဒါပေမဲ့ ပြောင်းလဲတာတော့ ကောင်းတဲ့လက္ခဏာ ဖြစ်သလို တရားဝင်မှုလည်း ရှိတယ်။

Voice - ကြံ့ခိုင်ရေးပါတီရဲ့ ပုံရိပ်ဟာ အတော်လေး ဆိုးဆိုးရွားရွား ရှိနေတဲ့ သဘောပဲ ။သူတို့အနေနဲ့ ၂၀၂၀ မှာ ပြန်လာနိုင်ပါ့မလား။

Larry - မလာနိုင်ဘူး မလာနိုင်တော့ဘူး။ သူတို့ရဲ့ အစီအစဉ်ဟာ ပျက်စီးသွားပြီ။ အကယ်၍ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အခြားထင်ရှားတဲ့ ခေါင်းဆောင်တွေ အနေနဲ့ နိုင်ငံရေးကို ကူးပြောင်းဖို့ ဆုံးဖြတ်မယ်ဆိုရင် ပါတီသစ်တစ်ခုထောင်ဖို့ လိုမယ်။ ကြံ့ခိုင်ရေးပါတီက ဇာတ်လမ်းပြတ်သွားပါပြီ။ 

နော်ကိုကို


ABOUT AUTHOR

(နော်ကိုကို)