News

POST TYPE

RELAX

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ စီမံခန့်ခွဲရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးစိုင်းကျော်ဇော်နှင့် တွေ့ဆုံခြင်း
03-Sep-2016
ငလျင်ဒဏ် ခံလိုက်ရသည့် ပုဂံဒေသ စေတီပုထိုးများ ပြုပြင် ထိန်းသိမ်းရေးအတွက် ဆက်လက် လုပ်ဆောင်မည့် လုပ်ငန်းစဉ်များကို သိရှိနိုင်ရန်အတွက် ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ စီမံခန့်ခွဲရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ရှမ်းတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး ဦးစိုင်းကျော်ဇော်နှင့် The Voice တို့ သြဂုတ်လ ၂၉ ရက်နေ့က တွေ့ဆုံ မေးမြန်းခဲ့မှုများကို ကောက်နုတ် ဖော်ပြအပ်ပါသည်။

Voice : အရင်ဆုံး သြဂုတ်လ ၂၄ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ပုဂံဒေသ အပါအဝင် မန္တလေးတိုင်းဒေသကြီးအတွင်းမှာ ပျက်စီး ဆုံးရှုံးမှုတွေ ဘယ်လောက် ရှိခဲ့သလဲဆိုတာ အရင်ဆုံး သိချင်ပါတယ်။ ရှေးဟောင်း ဘုရားစေတီ ဘယ်လောက် ပျက်စီးသွားတယ်ဆိုတာကိုပေါ့။
USKZ : ၂၄ ရက်နေ့က ချောက်မြို့အနီး ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ငလျင်က မန္တလေးတိုင်း တော်တော်များများမှာ ထိတွေ့မှု ရှိခဲ့ပါတယ်။ ပုဂံ အပါအဝင် တိုင်းဒေသကြီးအတွင်းက ယဉ်ကျေးမှု ဒေသတွေ ဘယ်လောက်ထိ ပျက်စီးဆုံးရှုံးတယ် ဆိုတာကတော့ ကျွန်တော်တို့ဆီ အသေးစိတ် မရောက်သေးတော့ ပြောရခက်ပါသေးတယ်။ ပုဂံရဲ့ လက်ရှိ ပျက်စီး ဆုံးရှုံးမှု အနေအထားကိုပဲ သိရှိနိုင်ပါသေးတယ်။ ၂၆ ရက်နေ့ ညအထိ စာရင်း ကောက်ယူမှုအရ ၃၉၇ ဆူရှိပါပြီ။

Voice : လက်ရှိမှာ ငလျင်ဒဏ် ထိခိုက်ခဲ့တဲ့ နေရာတွေကို ဘယ်လို ဆောင်ရွက်ပေးနေပါသလဲခင်ဗျာ။
USKZ : အပိုင်း သုံးပိုင်း ခွဲလိုက်တာပေါ့။ ပျက်စီးဆုံးရှုံး ထိခိုက်မှု အများဆုံး ဘုရား ခြောက်ဆူပေါ့။ ဒုတိယ ထိခိုက်မှု အများဆုံးရယ်၊ တတိယ ထိခိုက်မှု အများဆုံး ဆိုပြီးတော့ အဆင့် သုံးဆင့် ခွဲပြီးတော့ ထိန်းသိမ်း စောင့်ရှောက်ဖို့ ကြိုးစားနေပါတယ်။ ထိခိုက်မှု အများဆုံး ဖြစ်ခဲ့တဲ့ စူဠာမဏိ ဘုရားကိုလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာရောက် စစ်ဆေးတဲ့အခါမှာ ရှင်းပြခဲ့ပါတယ်။ သူ့ရဲ့ ပျက်စီးမှု အတိုင်းအတာ ကြီးမားမှုက ဘာကြောင့်လဲဆိုတော့ အပေါ်မှာရှိတဲ့ ကျောက်ထီးတော်က အရင်ကာလ ပြင်ဆင်ခဲ့စဉ်က ခေတ်သစ် သံချီသံကွေးတွေနဲ့ ကွန်ကရစ်တွေ လောင်းပြီးတော့မှ အုတ်တွေ စီခဲ့တဲ့အတွက် ဒါက ခေတ်ဟောင်းလို့ ခေါ်လို့ မရတော့ပါဘူး။ ကျောက်ထီးတော်ကြီးက အနည်းဆုံး ရှစ်တန်လောက် လေးပါတယ်။ ရှစ်တန်လောက်လေးတဲ့ ဝိတ်တစ်ခုက ငလျင်ခါလိုက်လို့ အပေါ်က ပြုတ်ကျလာတဲ့အခါမှာ၊ တတိယ ပစ္စယံကို ပြုတ်ကျလိုက်တဲ့အခါမှာ သူ့ရဲ့ အလေးချိန်နဲ့ အပေါက်ကြီး ဖြစ်သွားတယ်။ ပေနှစ်ဆယ်လောက် ရှိတယ်။

ပြီးမှာ အောက်ဆုံးကို လှိမ့်သွားပြီးတော့ စောင်းမှာ ငြိသွားတယ်။ သံဖရိန်နဲ့၊ ပေနှစ်ဆယ် အပေါက်က ဒဏ်ကြောင့် ဖြည်းဖြည်းချင်း အုတ်တွေ ကြွေပြီးတော့ အခုဆို ပေသုံးဆယ်လောက် ကျယ်သွားတယ်။ ကျယ်တော့ ဘာဖြစ်လဲဆိုတော့ ကျွန်တော်တို့ ရှိတဲ့အချိန် ၂၆ ရက်နေ့မှာပဲ မိုး သည်းထန်စွာ ရွာလိုက်တယ်။ ရေဝင်သွားခဲ့ရင် တောင်ဘက် ပစ္စယံကြီး တစ်ခုလုံးက ပြိုကျသွားနိုင်တဲ့ အနေအထား ရှိပါတယ်။ အဲလို မဖြစ်ရအောင်လို့ ဒီအပေါက်ကို ဘေးမှာရှိတဲ့ အမှိုက်သရိုက်တွေ ဖယ်ရှားပြီးတော့မှ ဝါးလေးတွေ ငြမ်းဆင်ပြီး အမိုးမိုးဖို့ လုပ်ခဲ့ပါတယ်။ အခုလည်း အမိုးမိုးပြီးသွားပါပြီ။

Voice : ပုဂံဒေသရဲ့ ဘုရားစေတီ ဘယ်နှရာခိုင်နှုန်း ပျက်စီးခဲ့ပါသလဲ။ အဲဒီပျက်စီးမှုကြောင့် ရှေးဟောင်း အမွေအနှစ် ယဉ်ကျေးမှုတွေ ဘယ်လောက်ထိ ဆုံးရှုံးခဲ့ပါသလဲ။
USKZ : ကျွန်တော်တို့ သိသလောက်က အခုပျက်စီတဲ့နှုန်းထားတွေ ကြည့်မယ်ဆိုရင်တော့ အားလုံး ၁ဝ ရာခိုင်နှုန်းလောက် ပျက်စီးခဲ့ပါတယ်။ ပုဂံမှာရှိတဲ့ စေတီပေါင်း သုံးထောင်ကျော်ထဲက ၃၉၇ ဆူ ထိခိုက်ခဲ့တဲ့အတွက်ကြောင့်၊ ဒါပေမဲ့လို့ ထိခိုက်တယ် ဆိုတဲ့နေရာမှာ ကျွန်တော်တို့က ၇၅ ရာခိုင်နှုန်း ပျက်စီးတာတို့၊ ၅ဝ ရာခိုင်နှုန်း ပျက်စီးတာတို့၊ ၂၅ ရာခိုင်နှုန်း ပျက်စီးတာတို့ ခွဲလိုက်တဲ့အခါမှာတော့ စုစုပေါင်း ပျက်စီးမှုကို အချိုးနဲ့ ချကြည့်မယ်ဆိုရင်တော့ ၂ဝ ရာခိုင်နှုန်းလောက်တော့ ပျက်စီးတယ်လို့ ယူဆရပါတယ်။

ရှေးဟောင်း အမွေအနှစ်တွေ ဘယ်လောက်ထိ ဆုံးရှုံးတယ်လို့ ပြောရမှာက လောလောဆယ် ပြောရခက်ပါသေးတယ်။ ဘာလို့လဲဆို စူဠာမဏိ စေတီပြင်စဉ် ကာလမှာ ကျရောက်နေတဲ့ ပျက်စီးစအချို့ကို ယူနက် စကိုနဲ့ ပေါင်းပြီးတော့ ရှင်းလင်းရပါတယ်။ ရှေးဟောင်းကနေပြီးတော့ ရှေးဟောင်း သမိုင်းအမွေအနှစ် ပျောက်မှာစိုးလို့ သန့်ရှင်းရေး လုပ်တဲ့ဟာတွေ မလုပ်စေချင်ဘူးပေါ့။ ဒါလည်း မှန်ပါတယ်။ သူတို့ဘက်ကလည်း ရှေးဟောင်း အမွေအနှစ်တွေ ပျောက်ဆုံးသွားမှာ ကြောက်လို့ပေါ့။

ဘာဖြစ်လို့လဲဆိုတော့ စဉ့်ခွက်လေး တစ်ခွက်၊ စဉ့်ချပ်လေး တစ်ချပ် တစ်စိတ်တစ်ဒေသကို အမှတ်မထင် အမှိုက်လို့ သတ်မှတ်ပြီး ပစ်လိုက်လို့ ရှိရင်လည်း ရှေးဟောင်းအမွေ တစ်ခု ဆုံးရှုံးသွားတာ။ ယူနက်စကို ပြောတာက ဒါတွေ စုပြီးတော့ လေးချပ် တစ်ချပ် စုစည်း ထားနိုင်ရင် ဒါလည်း ရှေးဟောင်း အမွေအနှစ် တစ်ခု ဖြစ်ပါတယ်။ ဒါကိုလည်း ဂရုစိုက်ဖို့ လိုပါတယ်။ အုတ်နဲ့ အမှုန်အမွှားတွေကို သပ်သပ်ပုံပါတယ်။ စဉ့်တို့ ဘာတို့ကို တစ်နေရာ၊ ရှေးဟောင်းအုတ်ကို တစ်နေရာ ထားပါတယ်။ ဒါတွေ လုံခြုံရေးအတွက် စီစီတီဗီ ကင်မရာတွေ တပ်ဖို့ ကြိုးစားနေပါတယ်။

Voice : ပုဂံမှာ ပျက်စီးခဲ့တဲ့ ရှေးဟောင်း စေတီပုထိုးတွေကို ယူနက်စကိုရဲ့ နည်းပညာနဲ့ ပြင်ဆင် ထိန်းသိမ်းဖို့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကလည်း မှာထားတယ်။ တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ယူနက်စကိုတို့ ဘယ်လို ဆောင်ရွက်နေတယ်ဆိုတာ ပြောပြပေးပါ။
USKZ : ပုဂံဒေသဟာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့အောက်မှာ ရှိတဲ့အတွက်ကြောင့် တိုင်းအစိုးရအနေနဲ့ ယူနက်စကိုနဲ့ ပူးပေါင်းထားတာ ရှိပါတယ်။ သူတို့သည် နည်းပညာပိုင်းကို ကျွန်တော်တို့ကို ပေးပြီး ကျွန်တော်တို့က ပြင်ဆင်မှု အပိုင်းကို ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ နည်းပညာပိုင်း ပေးတဲ့အခါမှာ ကျွန်တော်တို့ မသိနိုင်တဲ့ နည်းပညာတွေ ရှိပါတယ်။ ပြင်ဆင်ပြီဆိုရင် လက်သမားတွေနဲ့ သာမန် ပြင်တာမျိုးတော့ မဖြစ်နိုင်ပါဘူး။ ရှေးဟောင်း အမွေအနှစ် တစ်ခုကို ပြင်ဆင်တယ် ဆိုတာ တကယ့် အနုပညာဆန်ဆန်၊ အနုပညာ လက်ရာမြောက်ဖို့ ပြင်ဆင် ထိန်းသိမ်း ရပါတယ်။ ဒါကလည်း ယူနက်စကိုက သူတို့ရဲ့ အတွေ့အကြုံသည် ကမ္ဘောဒီးယားမှာရှိတဲ့ အန်ကောဝပ်ဘုရား ပြင်ဆင်တာ၊ နောက်တစ်ခါ နီပေါ ငလျင်ကြောင့် ပြိုသွားတဲ့ဘုရားတွေ ပြန်လည် ပြင်ဆင်တာတွေ ဆောင်ရွက်ထားပါတယ်။ ချက်ချင်း မပြင်ဆင်ဘူးဆိုတာက ယူနက်စကိုနဲ့ တိုင်ပင်ပြီးမှသာလျှင် သူတို့ရဲ့ အကြံဉာဏ်ကို ရယူရပါမယ်။ နောက်တစ်ခါ နည်းပညာပိုင်းကိုလည်း ရယူရပါမယ်။ ဒါမှသာ ရှေးဟောင်း အမွေအနှစ် တစ်ခု မပျောက်ပျက်ဖို့ ဖြစ်ပါတယ်။

Voice : ဟိုတစ်လောကပဲ ပုဂံဒေသကို ကမ္ဘာ့ အမွေအနှစ် စာရင်း ဝင်နိုင်ဖို့ မန္တလေးမှာ ဆွေးနွေးခဲ့တာ ရှိတယ်။ အခု လှုပ်ခဲ့တဲ့ ငလျင်ကြောင့် ကမ္ဘာ့အမွေအနှစ် ဝင် မဝင် ပြောဆိုဖို့ အချိန် စောသေးတယ်လို့ ယူနက်စကိုက ပြောထားတယ်။ အကယ်၍များ ကမ္ဘာ့ အမွေအနှစ် စာရင်းမှာ မဝင်ရောက်နိုင်တော့မယ့် အခြေအနေ ဖြစ်လာခဲ့ရင် ဆရာတို့ အဖွဲ့အနေနဲ့ ဘယ်လို ဆောင်ရွက်သွားဖို့ ရှိမလဲဗျ။
USKZ : ကမ္ဘာ့ အမွေအနှစ် တစ်ခုနဲ့ မြန်မာ့သမိုင်းကို ကမ္ဘာက သိအောင်လို့၊ ပုဂံဒေသရဲ့ ယဉ်ကျေးမှု အမွေအနှစ်ကို သိအောင်လို့ ပြုလုပ်ချင်ပါတယ်။ ကမ္ဘာ အရပ်ရပ်က အကုန်လုံး ပုဂံကို စိတ်ဝင်စားသလိုပဲ မြန်မာနိုင်ငံသားတွေ၊ ပုဂံသူ ပုဂံသားတွေရဲ့ အသည်းနှလုံးပါ ပုဂံဟာ၊ ဒါကြောင့်မို့ ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် ဖြစ်အောင် ကြိုးစားသွားမှာပါ။ အားလုံး မဝင်ရင်တောင်မှ တစ်စိတ်တစ်ပိုင်း တစ်စိတ်တစ်ဒေသ ဝင်ဖို့ ကျွန်တော်တို့ လုပ်ပါမယ်။ လောလောဆယ်မှာတော့ လွန်ခဲ့တဲ့ တစ်လလောက်က ဖွင့်ပွဲ လုပ်ခဲ့တဲ့ မြစေတီ ကျောက်စာကို ကမ္ဘာ့ အမွေအနှစ်အဖြစ် သတ်မှတ်ပြီး လက်ခံထားပါတယ်။

Voice : နောက်တစ်ခုက အခုဆိုရင် ပျက်စီးသွားတဲ့ စေတီပုထိုး အချို့ကို မိုးရေ မဝင်နိုင်ဖို့ မိုးကာတွေ အုပ်တာတွေ လုပ်နေပြီ။ အပျက်အစီးတွေကိုလည်း ရှင်းလင်းနေကြတယ်။ ရှေးဟောင်း အမွေအနှစ်တွေ မပျောက်ပျက်ဖို့နဲ့ ဘုရားတွေ ထပ်မံ မပျက်စီးဖို့ ဘယ်လို အစီအမံတွေ လုပ်ထားတာ ရှိသေးလဲဗျ။
USKZ : မိုးရေ မဝင်အောင်လို့တော့ အက်သွားတဲ့ နေရာတွေ၊ ပေါက်သွားတဲ့ နေရာတွေကို မိုးကာ အုပ်ဖို့ ကြိုးစားပါတယ်။ ဒါကလည်း ရှေးဟောင်း အမွေအနှစ် ထိခိုက်မှု မရှိအောင် လုပ်တာပါ။ ဒီလို အုပ်တဲ့အခါ အပျက်အစီးတွေ ရှိတယ်။ အဓိက အပျက်အစီးတွေက ပစ္စယံတွေမှာ တင်နေတာတွေ ရှိတယ်။ အဲဒီထဲမှာ ရှေးဟောင်း အမွေအနှစ်တွေကလည်း ပါတယ်။ အမှိုက်လို့ထင်ပြီး ပစ်မိမှာ စိုးလို့ ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေး အဖွဲ့တွေနဲ့ ပူးပေါင်းပြီး လုပ်ဆောင်နေပါတယ်။ ကျောက်ထီးတော်ကြီးတွေ ပြိုကျ ပျက်စီးတဲ့ဟာကိုလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လာတုန်းက ဒါက ရှေးဟောင်း အမွေအနှစ်လားလို့ မေးတော့ မဟုတ်ပါဘူး။ နောက်မှ ပြုပြင်စဉ်ကာလက ပြုလုပ်ထားတာ ဖြစ်တယ်။

နောက် မဖြစ်အောင်လို့ ကျွန်တော်တို့က ဘာပြန် စဉ်းစားလဲဆိုတော့ ကမ္ဘောဒီးယားမှာရှိတဲ့ အန်ကောဝပ် စေတီကလည်း တော်တော်ကို ဆွေးမြေ့ပြီ။ သူကလည်း  နှစ်ကို ထောင်ချီတဲ့ဟာ ဖြစ်တဲ့အတွက် အပျက်အစီး နည်းသွားအောင်လို့ အထဲအောက်မှာ ငြမ်းနဲ့ ဒေါက်ထောက် ထားတာတွေ ရှိတယ်။ ဒီဒေါက်က ကျွန်တော်တို့မှာ မရှိဘူး။ သူတို့က ဂျပန် အကူအညီနဲ့ လုပ်ထားတော့ ကျွန်တော်တို့ တိုင်ပင် ဆွေးနွေးပြီး ဂျပန် အကူအညီ ရအောင်လုပ်မယ်။ အခုဟာက ဒဏ်ဖြစ်သွားပြီ။ ရှစ်တန်လောက် လေးတဲ့အလေးချိန်က ဒီပေါ် ပြုတ်ကျထားတဲ့ ဟာကြောင့် ဒဏ်ဖြစ်တော့ အချိန်မရွေး အက်ကြောင်းတွေက အထဲမှာ ရောက်နေပြီးပြီ။ ဒီအက်ကြောင်းတွေ ရေမဝင်ဖို့ ပထမ ထိန်းသိမ်းရတယ်။

ဒုတိယက ဒီအက်ကြောင်းတွေ ခိုင်ခံ့ဖို့အတွက် သူတို့ရဲ့ နည်းပညာ တစ်ခုရှိပါတယ်။ ကော်တစ်မျိုးကို အက်ကြောင်းတွေထဲ လောင်းထည့်လိုက်ခြင်း အားဖြင့် ပြန်စေ့သွားမယ်။ ဒါကို ဒေါက်ထောက်ဖို့က ကျွန်တော်တို့မှာ နည်းပညာ မရှိဘူး။ ဂျပန်မှာ အန်ကောဝပ် လုပ်တဲ့ဟာ တွေကို သူတို့က ဥပမာပြတယ်။ အန်ကောဝပ်မှာထောက်တဲ့ ဒေါက်လေးတွေ ရှိခဲ့ရင် အဆင်ပြေမယ်။ သူတို့ကလည်း ကြိုးစားမယ်။ ကျွန်တော်တို့ အစိုးရကလည်း  တိုင်ပင် ကြည့်ရမှာပါ။ နောက်ဆုံး အသေးစိတ် သူတို့ရဲ့ ဒီဇိုင်း ဆွဲပြီးရင်တော့ ဒါတွေကို ဘယ်လို လုပ်သင့်တယ်ဆိုတာ နိုင်ငံ့ အကြီးအကဲများကို တင်ပြပြီးတော့မှ ဆုံးဖြတ်ရမှာပါ။

အရင်တစ်ခေါက် ငလျင်တုန်းက လူတွေက အားချင်းပြင်လိုက်ကြတော့ ရှေးဟောင်း အမွေအနှစ်တွေ ပျောက်ပြီးတော့မှ ခေတ်သစ် ပုဂံကြီး ဖြစ်သွားတယ်။ အဲဒါမျိုးလည်း မဖြစ်စေချင်ပါဘူး။

Voice : လူမှုအဖွဲ့အစည်း အချို့က ပျက်စီးခဲ့တဲ့ စေတီ ပုထိုးအချို့ကို ပြန်လည်ပြုပြင် လိုပါတယ်လို့ နိုင်ငံတော် သမ္မတကို တင်တာတွေ ရှိပါတယ်။ ဒါကို ဘယ်လို ဆောင်ရွက်သွားမယ်လို့ ထင်ပါသလဲ။ အပျက်အစီးတွေကို ဒီအတိုင်းပဲ မပြင်ဆင်ဘဲ ထားမယ်လို့လည်း သတင်းတွေ ကြားထားလို့ပါ။
USKZ : ပြင်တယ်ဆိုတာ အရင်တုန်းက အလော သုံးဆယ် ပြင်ခဲ့လို့ ပုဂံဘုရားတွေဟာ ရှေးဟောင်း အမွေအနှစ်တွေ တော်တော်များများ ပျောက်ပျက် သွားကြတယ်။ ပျောက်ကွယ်သွားကြတယ်။ အမြင်မှာလည်း ပျောက်ဆုံးသွားတယ်။ ရှေးဟောင်းနဲ့ မတူတော့ဘူး ဖြစ်သွားတာပေါ့။ အရင်က အုတ်နဲ့ အခုခေတ် အုတ်တွေရဲ့ ကွာခြားချက်က ဘုရားကို ကြည့်လိုက်တာနဲ့ ပေါ်ပါတယ်။ အန်ကောဝပ်တို့၊ နီပေါတို့က ဘုရားတွေကို ပြင်တဲ့အခါမှာ ယူနက်စကိုက အုတ်တောင်မှ ရှေးဟောင်း အုတ်ပုံစံမျိုးဖြစ်အောင် ဖုတ်တယ်။ ပြန်သုံးတဲ့အခါမှာ ခိုင်ခံ့မှု ရှိတယ်။ ဘာကြောင့်လည်းဆိုတော့ နောက်ပိုင်း အုတ်ဖုတ်တဲ့ နည်းပညာက ကျွန်တော်တို့က ပိုသာတဲ့အတွက် အရင်ခေတ်ထက် ပိုခိုင်ခံ့နိုင်တယ်လို့ ယူဆတယ်။ အရင်တုန်းက ဒီဇိုင်း ပုံစံမျိုးတွေကို ပြန်လေ့လာဦးမယ်လို့ ယူနက်စကိုက ပြောပါတယ်။

Voice : ငလျင်ဒဏ်ကြောင့် ထိခိုက် ပျက်စီးခဲ့တဲ့ အကျိုးအပဲ့တွေ၊ အပျက်အစီးတွေကို ပြတိုက်သဘောမျိုး စုစည်းထားဖို့ ရှိမလား။ ဒါမှမဟုတ် ဘယ်လိုပုံစံနဲ့ ထိန်းသိမ်းသွားမလဲ။
USKZ : ရှေးဟောင်းနဲ့ ညှိနှိုင်းပြီးတော့ တွေ့ရှိတဲ့ အရာတွေကို ဒီဘုရား အဟောင်းမှာပဲ ပြန်ပြီးတော့ ထားမလား မထားဘူးလားဆိုတာ ရှေးဟောင်းနဲ့ နိုင်ငံတော် အကြီးအကဲများ ဆုံးဖြတ်ချက်ပါ။ အကယ်၍ ကျွန်တော်တို့ အနေနဲ့ကတော့ ဒီလိုတန်ဖိုးရှိတဲ့ အရာကို ပြတိုက်ထဲမှာ ပြသထားခြင်းအားဖြင့် အများပြည်သူ ထင်သာမြင်သာမှု ရှိတာပေါ့။ ဘုရားအတွင်းမှာပဲ ပြန်ပြီး လုပ်လိုက်လို့ ရှိရင် ယဉ်ကျေးမှု တစ်ခု ပျောက်ကွယ်သွားနိုင်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဘာစဉ်းစားရမလဲဆိုတော့ အရင်တုန်းက ရှင်ဘုရင်များသည် သူတို့ရဲ့ မြုပ်နှံခဲ့တဲ့ တန်ဖိုးရှိတဲ့ အရာမှန်သမျှ ကျိန်စာ တိုက်ခဲ့တွေ ရှိပါတယ်။ ဒီကျိန်စာတွေအတွက် လူတွေကိုလည်း ပြန်လည် ထိခိုက်မှာ ကျွန်တော်တို့ စိုးရိမ်ပါတယ်။ ဒါက ပျောက်ကွယ်သွားတာ မဟုတ်ဘူး။ ခိုးယူသွားတာ မဟုတ်ဘူး။ အများပြည်သူ မြင်သာအောင် ပြတဲ့အတွက်ကြောင့် ရှင်းလင်းမြင်သာမှု ရှိပြီးတော့ ကျိန်စာ မသင့်နိုင်ဘူးလို့ ယူဆပါတယ်။ ကျိန်စာကို ယုံကြည်တာတော့ မဟုတ်ပေမယ့်လို့ ကျိန်စာရဲ့ သဘောတရားက မဖြစ်သင့်တာ မဖြစ်ရအောင်၊ ဖြစ်ခဲ့ရင်လည်း စိတ်သာ ရှင်စော ဘုရားဟောဆိုသလို စိတ်ရဲ့ ခံစားမှု တစ်ခုကို လူတွေ ခံစားသွားရရင် ဒါက မကောင်းဘူးလို့ ယူဆလို့ပါ။

Voice : လုံခြုံရေး ကန့်သတ်ထားတဲ့ အချိန်ကာလ သတ်မှတ်ချက် ဘယ်လောက်ဆိုတာမျိုး ရှိလား။
USKZ : အကြီးအကျယ်ဖြစ်တဲ့ ဘုရားတွေမှာ အရာရှိ တစ်ယောက်နဲ့ အရာထမ်း ခြောက်ယောက် (၁ + ၆) ခုနစ်ယောက်၊ တချို့ကျတော့ ကိုးယောက်ပေါ့။ စူဠာမဏိဆိုရင် ၁ဝ ယောက်၊ အဲလို ချထားပေးတယ်။ ဘုရားရဲ့ ပတ်လည်မှာရှိတဲ့ သစ်ပင်တွေကိုလည်း စည်းရိုး တားထားပါတယ်။ အထဲထိ ပေးမဝင်နိုင်ပါဘူး။

သမ္မတကြီးရဲ့ လမ်းညွှန်ချက်အတိုင်း အနီးကပ် ဖူးစေချင်တယ်။ အစတုန်းက ကျွန်တော်တို့က အုတ်တံတိုင်း အပြင်ဘက် ပိတ်လိုက်လို့တော့ ရတယ်။  အများပြည်သူ ဖူးစေချင်လို့ ဝင်ခွင့်ရသလောက်ထိ ပေးဝင်ထားတာပါ။ လုံခြုံရေး ကန့်သတ်မှု အချိန်ကာလကိုတော့ ရှေးဟောင်းရယ်၊ ယူနက်စကိုရယ်၊ အစိုးရအဖွဲ့ရယ် တိုင်ပင်ပြီးတော့ ဖွင့်လို့ရမှ ဖွင့်မယ်။ ဒါပေမဲ့ ခိုင်ခံ့မှုကို  စဉ်းစားရပါမယ်။ ကာလဒေသ ဘယ်လောက် ကြာမယ်ဆိုတာ ပြောရ ခက်ပါတယ်။ စူဠာမဏိလို နေရာမျိုးကျ တော့ သုံးလေးလဖြစ်ရင် ဖြစ်မယ်။

Voice : ဆရာ့အနေနဲ့ ဘာများ ဖြည့်စွက် ပြောချင်ပါသေးလဲဗျ။
USKZ : ပျက်စီး ဆုံးရှုံးမှုအပိုင်းမှာ ပင်မ ယဉ်ကျေးမှု အဆောက်အအုံ မထိခိုက်တဲ့ ဘုရားတွေကိုတော့ သမားရိုးကျ ပြင်ချင်တဲ့ စိတ်ဆန္ဒ ရှိသူတွေကို ပြင်ခွင့်ပေးမှာပါ။ တကယ့် ရှေးဟောင်း အမွေအနှစ်ကို ထိခိုက်သွားတဲ့ နေရာကိုတော့ ဘယ်လို လုပ်မယ်ဆိုတာ ပြည်ထောင်စု အစိုးရနဲ့ တိုင်ပင်ပြီး ဆောင်ရွက်သွားမှာပါ။ အရန်စေတီတွေ ပျက်စီးသွားတဲ့ ကိစ္စတွေ ထိန်းသိမ်းတာက ရှေးဟောင်းနဲ့ ပေါင်းပြီးလုပ်ဖို့ လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့  အုတ်အသစ်၊ ဘိလပ်မြေအသစ် ကိုင်ပြီးတော့မှ ဒီနေရာ တစ်နေရာတည်း အသစ်ကြီးပေါ်နေရင်လည်း ရှေးဟောင်း ဆိုတာကြီးက ရုပ်ဆိုးပါတယ်။ အရန်စေတီတစ်ဆူ ပြင်တာတောင်မှ ရှေးဟောင်းနဲ့ တူညီအောင် ဆောင်ရွက်မှာသာ အမွေအနှစ်ကို ထိန်းသိမ်းရာ ရောက်ပါတယ်။

မြတ်(ကလေး)


  • VIA