News

POST TYPE

RELAX

ဦးဇာဂနာနှင့် တွေ့ဆုံခြင်း
03-Sep-2016
ပဋိပက္ခ အကဲဆတ်သည့် ရခိုင်ပြည်နယ် အရေးကိစ္စကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် ကုသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန် ဥက္ကဋ္ဌအဖြစ် ဦးဆောင်မည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ဖွဲ့စည်းရန် အစိုးရက ပြင်ဆင်နေသည်။ ယင်းကော်မရှင်တွင် ကိုဖီအာနန်အပြင် ကုလသမဂ္ဂတွင် တာဝန်ထမ်းဆောင်ဖူးသည့် နိုင်ငံတကာကပုဂ္ဂိုလ် နှစ်ဦးလည်း ပါဝင်နေသည်။ နိုင်ငံတကာက ပုဂ္ဂိုလ်များကို ထည့်သွင်းဖွဲ့စည်းမှုနှင့် ပတ်သက်၍ အငြင်းပွားမှုများစွာ ရှိနေရာ မတူညီသည့် ရှုမြင်ချက်များကို သိရှိနိုင်ရန် ဦးသိန်းစိန်အစိုးရ လက်ထက်က ဖွဲ့စည်းခဲ့သည့် ရခိုင်ပြည်နယ် ပဋိပက္ခ စုံစမ်းစစ်ဆေးရေး ကော်မရှင်တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သူ ဦးသူရ (ခေါ်) ဦးဇာဂနာတို့ကို မေးမြန်းဖော်ပြလိုက်သည်။

Voice - ရခိုင်အရေးကိစ္စကို ဖြေရှင်းဖို့ ကုသမဂ္ဂရဲ့ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန် ဥက္ကဋ္ဌအဖြစ် ပါဝင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ဖွဲ့မယ်ဆိုတဲ့ အပေါ်မှာ ဘယ်လိုမြင်လဲ။

UZGN - ကျွန်တော် မြင်တာကတော့ အခုကော်မရှင် ဆိုတာက ဖွဲ့ဖို့လျာထားတယ်ဆိုတဲ့ သဘောပဲ ရှိပါသေးတယ်။ တကယ့်အဖွဲ့အဆင့်တော့ မရောက်သေးဘူး။ ဒီလူတွေ ဒီလူတွေနဲ့ ဖွဲ့မယ်။ ဥက္ကဋ္ဌအနေနဲ့ ကိုဖီအာနန်ကို ထားမယ်။ ဒါပေမဲ့ ကျွန်တော် မြင်တာကတော့ ဒီအဖွဲ့က ပိုပြီး အလုပ်လုပ်နိုင်ပါလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ကျွန်တော်တို့တုန်းကထက် အများကြီး အတွေ့အကြုံ ရင့်ကျက်တယ်။ နိုင်ငံတကာနဲ့လည်း ဆက်ဆံနိုင်တယ်။ ကျွန်တော်တို့ထက် အများကြီးတော်တဲ့ တတ်တဲ့လူတွေ ပါတာပဲဆိုတော့ ကျွန်တော် ထင်ပါတယ်။ ဒီအဖွဲ့က ပိုပြီးအလုပ်လုပ်နိုင်မှာ။

Voice - ရခိုင်ပြည်နယ် အရေးကိစ္စဟာ သမိုင်းနဲ့ချီပြီး ရှုပ်ထွေးတဲ့ ပြဿနာဖြစ်တဲ့အတွက် ပြည်တွင်းက တတ်သိပညာရှင်တွေကိုပဲ တာဝန်ပေးသင့်တယ်လို့ ပြောဆိုနေတာတွေ ရှိပါတယ်။ ဦးဇာဂနာကတော့ ဒီအဖွဲ့က ပိုပြီး အလုပ်လုပ်နိုင်မယ်လို့ ပြောတယ်။ ဘယ်လိုကြောင့်ပါလဲ။

UZGN - ဒါက နိုင်ငံတကာရဲ့ ပြဿနာ။ မြန်မာပြည် တစ်ပြည်တည်းရဲ့ ပြဿနာ၊ ပြည်တွင်းရေး ပြဿနာ မဟုတ်ဘူးလို့ အားလုံးက ယူဆမိတာလေ။ ဆိုတော့လေ နိုင်ငံတကာ ပြဿနာ ဖြစ်တဲ့အတွက် နိုင်ငံတကာမှာ ကျွန်တော်တို့ထက်စာရင် ကိုဖီအာနန်ကတော့ သြဇာတိက္ကမ ပိုကြီးတာပေါ့။ ဒီလိုလူမျိုးတွေက ဝင်ပြီး အလုပ်လုပ်တဲ့ အခါကျတော့ ကျွန်တော်ကတော့ ပိုကောင်းတယ်လို့ မြင်ပါတယ်။ ဒီသဘောပါ။ ကုလသမဂ္ဂမှာ အထွေထွေ အတွင်းရေးမှူးချုပ်တောင် လုပ်ခဲ့တာဆိုတော့ နည်းတဲ့အတွေ့အကြုံ မဟုတ်ဘူးလေ။ မြန်မာပြည် တစ်ပြည်တည်း ဖြေရှင်းလို့ရတာ မဟုတ်ဘူးဗျ။ ကျွန်တော်တို့  ကိုယ်တိုင်လည်း အဲဒီအခြေအနေတုန်းက တင်ပြခဲ့တဲ့ ကော်မရှင် အစီရင်ခံစာ ရှိပါတယ်။ သမ္မတကို တိုက်ရိုက်အစီရင်ခံစာ တင်ရတော့ လုပ်တာ မလုပ်တာတော့ သမ္မတ တာဝန်ပဲ။ အစီရင်ခံစာ တင်သွင်းတာတော့ ကော်မရှင်ရဲ့ တာဝန်ပေါ့။ အစီရင်ခံစာ ပေးလိုက်ကတည်းက ကော်မရှင်က တာဝန်ကျေပါတယ်။ အကောင်ထည်ဖော်တာက သမ္မတ တာဝန်ပေါ့။ ထိုနည်းတူစွာပဲ အခုဖွဲ့မယ့် ကော်မရှင်ကလည်း အစီရင်ခံစာ ထွက်လာရင် အစိုးရကို အစီရင်ခံရမှာ၊ လုပ်တာ မလုပ်တာကတော့ အစိုးရဖွဲ့ တာဝန်ပဲလေ။

ကျွန်တော်တို့ တင်ခဲ့တဲ့ အစီရင်ခံစာထဲက အစိုးရ လုပ်ဖြစ်ခဲ့တာ နည်းပြီးတော့ မလုပ်ခဲ့တာ ၈၀ ရာခိုင်နှုန်းလောက် ရှိပါတယ်။ ဆိုတော့ အဲဒီတုန်းတည်းက အတွေ့အကြုံအရ အင်မတန်ကြီးတဲ့ Network ကြီးတစ်ခု ကျွန်တော်တို့ ဘယ်လိုမှ လက်လှမ်းမမီနိုင်တဲ့ တစ်ခုကို မလေးရှားကနေ နယူးယောက်အထိ ကျယ်ပြန်တဲ့ Network တစ်ခုကို ခြေရာခံရခဲ့ပေမယ့် ကျွန်တော်တို့က  နိုင်ငံတကာအဆင့် မလုပ်နိုင်တဲ့သူတွေ ဖြစ်တဲ့အတွက် အဲဒီဟာကို ထိထိရောက်ရောက် မလုပ်နိုင်ခဲ့ဘူး။ အခုအခါမှာတော့ ခုလိုလူတွေ ပါလာတော့ ကျွန်တော်တို့ထက် ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်မှာပါ။ အဲဒီ Network ကြီးတွေ ပေါ်လာနိုင်တာပေါ့။ ကျွန်တော်တို့ အစီရင်ခံစာထဲမှာလည်း ပါပါတယ်။ ဒါကရှိနေတာပဲ။ ဒါကတော့ ဘယ်လိုနည်းနဲ့မဆို အခုဖွဲ့မယ့် သူတို့လက်ထက်မှာတော့ ပိုပြီး ကောင်းတဲ့ဟာတစ်ခု တွေ့ရမယ်လို့ ကျွန်တော် ယုံကြည်တာပါ။

Voice - ဦးဇာဂနာ အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့တဲ့ သမ္မတ ဦးသိန်းစိန် လက်ထက်က ဖွဲ့ခဲ့တဲ့ ကော်မရှင်က တာဝန်ယူပြီး လုပ်နေဆဲ ကာလမှာ ဒါဟာ ပြည်တွင်းပြဿနာပါလို့ အစိုးရက အမြဲပြောခဲ့ပါတယ်။ အခုအစိုးရ လက်ထက်မှာကျတော့ ဒါကို နိုင်ငံတကာ ပြဿနာအဖြစ် ရှုမြင်လိုက်တာလား။

UZGN - ကျွန်တော်တို့ ကော်မရှင်မှာတော့ တစ်ခါမှ ပြည်တွင်းပြဿနာလို့ မသုံးနှုန်းခဲ့ဘူးဗျ။ ဦးသိန်းစိန် လက်ထက်နော်။ ဦးသန်းရွှေလက်ထက် မဟုတ်ဘူး။ ကျွန်တော်တို့ အားလုံး ယုံကြည်ထားတာ ပြည်တွင်းအရေး မဟုတ်ဘူး။ ပြည်ပအရေးပါ။ ဥပမာ- ဒီစကား ကျွန်တော် မပြောသင့်တဲ့စကား။ အရိပ်အမြွက်တော့ ပြောခွင့်ပြုပါ။ ဥရောပတို့၊ အမေရိကန်လို၊ ကနေဒါလို နိုင်ငံတွေက လူတွေပါ ကျွန်တော်တို့ တိုင်းပြည်က ဒီကိစ္စကို ဝင်ရှုပ်နေတာ။ ဥရောပနိုင်ငံ တော်တော်များများ ပါပါတယ်။ ကျွန်တော်တို့ သိတယ်။ သို့သော် ကျွန်တော်တို့ ဘာမှမလုပ်နိုင်ပါဘူး။ မလုပ်နိုင်ခြင်း အကြောင်းရင်းက ကျွန်တော်တို့က လက်တံတိုတာကိုး။ အခုလိုလူတွေ ပါလာတော့ လက်ခံရမှာပေါ့။

Voice - အခုလို ရခိုင်ပြည်နယ်အတွက် အကြံပေးကော်မရှင်မှာ နိုင်ငံတကာက ပုဂ္ဂိုလ်တွေ ပါလာတာဟာ  အချုပ်အခြာအာဏာကို ထိခိုက်နိုင်တယ်။ ပြည်တွင်းရေးကို စွက်ဖက်တယ်လို့ နိုင်ငံရေးပါတီတွေက ဝေဖန်မှုတွေ ရှိပါတယ်။ ရခိုင်အမျိုးသားပါတီကလည်း ဒါကို ကန့်ကွက်တယ်။ ဒီအပေါ် ဘယ်လိုသုံးသပ်ချင်ပါသလဲ။

UZGN - ဒါကတော့ ဒီထုတ်ပြန်ချက်တွေကိုလည်း ကျွန်တော် ဖတ်လိုက်ရပါတယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးရယ်။ ရခိုင်ပါတီ တစ်ခုရယ်ပေါ့။ ဒါကတော့ သူတို့ရဲ့ သဘောပါ။ NDF က ကြေညာချက်ကိုလည်း ဖတ်ရပါတယ်။ ဒါလည်း သူတို့သဘောပါ။ ကျွန်တော်တို့ သဘော မဟုတ်ဘူးလေ။ ကျွန်တော့် သဘောကတော့ ပွင့်ပွင့်လင်းလင်း ပြောပြီးပြီ။ ဒီလူတွေပါတာ ကောင်းတယ်။ ဒီလူတွေ ပါတာကို ထောက်ခံတယ်။ သူတို့လည်း သူတို့သဘော မကြိုက်ဘူး ပြောခွင့်ရှိပါတယ်။ ဒါကိုလည်း မဝေဖန်လိုဘူး။ သေချာတာ တစ်ခုကတော့ ရလဒ်ကို စကားပြောရမယ်။ စိတ်ကူးယဉ်လို့ မရဘူး။ နိုင်ငံရေးဆိုတာ ဖြစ်နိုင်ခြေအရှိဆုံး ဆိုတဲ့ အရာတစ်ခုကို လုပ်ရတာပါ။ ကျွန်တော်တို့ တိုင်းပြည်မှာ လေနဲ့ကျယ်ပြီး အလုပ်မဖြစ်ခဲ့တဲ့နှစ်တွေ အရမ်းများခဲ့ပြီလေ။ ရလဒ်ကို ဦးစားပေးတဲ့ နိုင်ငံရေးဖြစ်ဖို့ ကောင်းပါပြီ။ အခုက လက်တွေ့ကျတယ်လို့ ယုံကြည်တယ် ဒါကြောင့် ထောက်ခံတယ်။ ယုံလည်း ယုံကြည်တယ်။

Voice - ဦးသိန်းစိန် လက်ထက်မှာလည်း ကော်မရှင်က အကြံပေးချက်တွေက သိပ်အလုပ်မဖြစ်ဘူးပေါ့။ ဒီအကြံပေးချက်တွေက ရှိပြီးသားပေါ့။ အခုအစိုးရသစ်က ကော်မရှင်အသစ် ထပ်ဖွဲ့ပြီး လုပ်တာ တကယ်ရော လိုအပ်တဲ့ အခြေအနေလား။ 

UZGN - လိုအပ်လို့ပါ။ ကျွန်တော်တို့ရဲ့ သက်တမ်းက ပြီးသွားပြီ။ ပြည်တွင်းမှာ နားလည်မှု လွဲနေတာ ရှိတယ်။ ကော်မရှင်တစ်ခုက ရှေ့မှာရှိရဲ့သားနဲ့ နောက်ကော်မရှင် ဘာလို့ ထပ်ဖွဲ့တာလဲပေါ့။ သမ္မတကို အစီရင်ခံပြီးတာနဲ့ ကျွန်တော်တို့ တာဝန်ကပြီးပြီ။ အစီရင်ခံစာ တင်ပြီးတဲ့နေ့က စပြီးအဖွဲ့က မရှိတော့ပါဘူး။ ဒါကြောင့်လည်း အသစ်ပြန်ဖွဲ့ရတာပါ။ ဒီသဘောပါ။

Voice - ကော်မရှင်နဲ့ ပူးပေါင်းမှာ မဟုတ်ဘူးလို့ ရခိုင်အမျိုးသားပါတီက ပြောထားတယ်။ တကယ်လို့များ ကော်မရှင်နဲ့ ရခိုင်အင်အားစုတွေ မပူးပေါင်းရင် ဘယ်လိုအခက်အခဲ ရှိနိုင်သလဲ။ ဘာကျိုးဆက် ဖြစ်လာနိုင်သလဲ။

UZGN - ဒါကပြောဖို့ တော်တော်စောသေးတယ်။ ဘာမှ မလုပ်ရသေးဘူး။ မဖြစ်နိုင်သေးဘူး။ နိုင်ငံရေးက စိတ်ကူးယဉ်လို့ မရပါဘူး။ NDF ရယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေး ရယ်က ကန့်ကွက်တာလေ။ ရခိုင်မှာ ရခိုင်ပါတီတစ်ခုက ကန့်ကွက်တာပါ။ ရခိုင်တစ်မျိုးသားလုံးက ကန့်ကွက်နေတာ မဟုတ်ပါဘူး။ ဒါက သဘာဝမကျဘူး၊ စောလွန်းတယ်။ နိုင်ငံရေးမှာ လက်တွေ့မကျတာတွေကို ကျွန်တော်ကတော့ မကြိုက်ဘူးလေ။ ဒီသဘောပါ။ သူတို့ စောလွန်းတယ်။ ဒီပြဿနာတွေက NLD အစိုးရလက်ထက်မှာ ဖြစ်တဲ့ ပြသနာတွေ မဟုတ်ဘူး ဆိုတာ သဘောပေါက်ဖို့ လိုတယ်။ ဒီပြဿနာတွေ အားလုံးက ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကန့်ကွက်တယ် ပြောတယ်။ သူတို့ပါတီ အစိုးရလုပ်တဲ့ လက်ထက်မှာ ဖြစ်ခဲ့တဲ့ ပြဿနာလေ။ သူတို့လက်ထက်မှာ ဖြစ်ခဲ့တဲ့ ပြဿနာလေ။ သူတို့ထားခဲ့တဲ့ ပြဿနာထုပ်ကြီးကို NLD အစိုးရက ခေါင်းဝင်ခံရတာလေ။ ဒီလိုဟာမျိုးမှာ မပူးပေါင်းဘူးဆိုရင် မပူးပေါင်းလို့ ရပါတယ်။ လုပ်စရာ ရှိတာတော့ လုပ်ရမှာပေါ့။

Voice - အရင်ကော်မရှင် ရခိုင်ပြည်နယ်မှာ လက်တွေ့ကွင်းဆင်းဆောင်ရွက်ရတဲ့အခါ ဘယ်လိုအခက်အခဲတွေ ရှိခဲ့သလဲ။ ရခိုင်၊ ဘင်္ဂါလီ နှစ်ဖက်လုံးက ဘယ်လိုမြင်ကြလဲ။

UZGN - အဲဒီတုန်းကလည်း ကော်မရှင်ကို မကြိုက်ကြပါဘူး။ နိုင်ငံခြားကလူတွေ မပါတဲ့ ပြည်တွင်းက လူတွေချည်းပါတဲ့ ကော်မရှင်ကိုလည်း ကန့်ကွက်ခဲ့ကြတာပဲ။ ကျွန်တော်တို့နဲ့ မပူးပေါင်းတဲ့ ကျွန်တော်တို့က သွားခေါ်တာတောင် မလာခဲ့ကြသူတွေ။ နောက်ဆုံး လူကိုယ်တိုင်ခေါ်တာ မလာလို့ အာဏာစက်နဲ့ ခေါ်ရတဲ့ အဆင့်တောင် ရှိခဲ့တယ်။ ကျွန်တော်တို့ ပြဿနာပေါင်း သောင်းခြောက်ထောင် ကြုံခဲ့တာပါပဲ။ ကော်မရှင်က မေးတာမြန်းတာကို အသံဖမ်းပြီး Facebook ပေါ် တင်တာတွေ ဗီဒီရို ခိုးရိုက်ပြီး တင်တာတွေ လုပ်ကြတယ်။ ဒါတွေလည်း ကြုံရတာပဲ။ ဆိုတော့ ဘယ်ဟာမှ မလွတ်ဘူးဗျ။ တိုင်းပြည်ထဲက လူတွေနဲ့ချည်း လုပ်တုန်းကလည်း အပြစ်ပြောခံရတာပါပဲ။ ခုလည်း ပြောတာပဲ။ ဆိုတော့ လုပ်စာရာရှိ လုပ်ရမှာပါပဲ။

Voice -  အခုကော်မရှင်ရဲ့ တာဝန်ထဲမှာ ပြည်ပနိုင်ငံတွေမှာ ဒုက္ခသည်အဖြစ် ခံယူထားတွေကို ပင်ရင်းနိုင်ငံနဲ့ နောက်ခံအကြောင်းရာနဲ့ နိုင်ငံတကာ ဆက်နွယ်မှုတွေကို သုံးသပ်ဖို့ပါတယ်။ ဒီလုပ်ငန်းတွေကိုရော အရင်ကော်မရှင်က လုပ်နိုင်ခဲ့လား။

UZGN - ဥရောပတို့၊ အမေရိက၊ ကနေဒါကနေ မလေးရှားအထိ ချိတ်ဆက်လုပ်နေသူတွေ ရှိတယ်။ အဖွဲ့အစည်းတွေ ရှိတယ်။ ကျွန်တော်တို့မှာ ပိုက်ဆံမသုံးနိုင်ဘူး။ အတတ်ပညာ မသုံးနိုင်တဲ့အတွက် အဲဒီနောက်ကို ခြေရာလက်ရာ တွေ့ပေမယ့် မလိုက်နိုင်ခဲ့ဘူး။ ဒီအဖွဲ့ကတော့ လုပ်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။

Voice - ရခိုင့်အရေးကိစ္စအတွက် ကော်မရှင်သစ်ဖွဲ့ဖို့ လုပ်ချိန်မှာ လူမှုကွန်ရက်တွေနဲ့ ပါတီအချို့မှာ ကန့်ကွက်သံတွေ ထွက်လာတယ်။ 

UZGN - ကျွန်တော် တစ်ဦးတည်းရဲ့ အမြင်ကတော့  လုပ်သင့်လုပ်ထိုက်တဲ့ အချိန်မှာ အမှန်ကန်ဆုံး လုပ်တယ်လို့ ယုံကြည်ပါတယ်။ အားလုံးအတွက် လမ်းကြောင်းမှန်ပေါ် ရောက်မယ့် အဖြေထွက်လာမယ်လို့ ယုံကြည်ပါတယ်။ 

Voice - ရခိုင်ပြည်နယ် အရေးကိစ္စနဲ့ ပတ်သက်ပြီး မြန်မာအပေါ် နိုင်ငံတကာ ဖိအားပေးတာတွေ ရှိခဲ့တော့ ခုလို ပြည်ပက လူတွေနဲ့ ဖွဲ့လိုက်တော့ အစိုးရပေါ် ဖိအားလျော့ကျသွားနိုင်ပါသလား။

UZGN - ကျွန်တော်ကတော့ အစိုးရပေါ် ဖိအားလျော့သွားမယ်လို့ အဲလိုမသုံးသပ်ဘူး။ ကျွန်တော်တို့ လက်လှမ်းမမီတဲ့ ဥရောပနိုင်ငံတွေ၊ အမေရိကန်၊ အင်္ဂလန်၊ ဟော်လန် ပြင်သစ်၊ ကနေဒါနဲ့ မလေးရှားလို စတဲ့ နိုင်ငံတွေကနေ ကျွန်တော်တို့ တိုင်းပြည်အရေးထဲကို ဝင်ပြီး  စွက်ဖက်ပြီး လှုပ်ရှားနေတာ၊ ကျွန်တော်တို့တိုင်းပြည် နိုင်ငံရေးကိုဝင်ပြီး ကိုင်လှုပ်နေတာကို သိလျက်နဲ့ ကျွန်တော်တို့ မလုပ်နိုင်ခဲ့ဘူး။ ဒါကြောင့် ဒီလူတွေ ပါလာတဲ့အတွက်  အဖြေအကြီးကြီး တစ်ခုကို ရပါလိမ့်မယ်။ 

The Voice