News

POST TYPE

RELAX

ကျွန်တော်တို့က သရုပ်ဆောင်ပိုင်း တစ်ခုကိုပဲ လုပ်သွားမယ်ဆိုရင် ပိုပြီးတော့ ကောင်းလာမယ်။
03-Sep-2016
အနူးဘစ် ရုပ်ရှင်ဇာတ်ကားကို လက်ခံ ရိုက်ကူးဖြစ်ပုံ၊ ရိုက်ကူးမှုအပိုင်း အခက်အခဲတွေ၊ အခုလက်ရှိ ရိုက်ကူးနေတဲ့ ထာဝရအမေ ရှင်ရှင် ဇာတ်ကားအပေါ် စိတ်ခံစားချက်၊ မြန်မာ့ရုပ်ရှင် ဖွံ့ဖြိုးရေး ဖိုရမ်အပေါ် သဘောထားစတဲ့ အနုပညာ လှုပ်ရှားမှုအကြောင်းတွေကို သရုပ်ဆောင်နေတိုးနဲ့ တွေ့ဆုံပြီး The Voice က မေးမြန်းထားပါတယ်။

Voice : အနူးဘစ်ရုပ်ရှင်ကားမှာ ဇာတ်ဆောင် တွေများတော့ ကိုယ့်အတွက် ဘယ်လောက် လုပ်ကွက် ရှိမယ်ထင်လို့ ဇာတ်ကားကို လက်ခံ ရိုက်ကူးဖြစ်တာလဲ။
NT : ဒီဇာတ်ကားလေးကို အန်ကယ်လေးတို့ ယူလာတော့ ဒီထဲက ဇာတ်ကောင်လေးကို ကျွန်တော် သဘောကျတယ်။ ကာရိုက်တာက ကားအလှပြင်တဲ့ လူ တစ်ယောက်၊ အဓိက ပြောချင်တာတော့ ဝိဉာဉ်ဖြစ်နေတဲ့ ကစ်ကစ်ကို ကျွန်တော့် မြင်ကွင်းမှာ မြင်တွေ့ နေရတဲ့သူမျိုးပေါ့။ တစ်ခါတလေကျရင် ကိုယ့်ကိုယ်ကိုယ်တောင် မယုံနိုင်တဲ့ အတွေးမျိုးတွေ ဝင်နေတဲ့ လူတစ်ယောက်။ သူ့စိတ်ကတော့ ရှင်းတယ်။ ဒါပေမဲ့ ရှင်းနေတဲ့ စိတ်ထဲကို ဒီအကြောင်းအရာတွေ ဝင်လာတော့ အဲဒါကို သူ ရှင်းလင်းတယ်၊ ပြောပြတယ်။ လက်မခံတော့ စိတ်ညစ်တယ်။ ဒါပေမဲ့ သူတစ်ပါး ဒုက္ခ ရောက်မှာကို မကြည့်နေနိုင်တဲ့ လူဖြစ်တဲ့ အခါကျတော့ အဲဒီအရုပ်နဲ့ ပတ်သက်ပြီး လိုက်ကယ်တင်ရတဲ့ ဇာတ်ဆောင် ဆိုတော့ ဒီကားထဲမှာ လုပ်ခွင့်ကတော့ ၅ဝ ရာခိုင်နှုန်း ပြောလို့ ရပါတယ်။

Voice : အန်ကယ်လေးနဲ့ ပထမဦးဆုံး ရိုက်ဖူးတာ ဆိုတော့ ရိုက်ကူးမှုမှာ ဘယ်လို အတွေ့အကြုံတွေ တွေ့ရလဲ။
NT : ဒီကားမှာ ခက်ခဲမှုတွေ အများကြီး ရှိတယ်။ ခက်ခဲမှု ရှိတယ်ဆိုတာ ရိုက်ကူးမှုအပိုင်းမှာ အရုပ်နဲ့ Tempo ကို ဆွဲတင်ရတဲ့အပိုင်း ဖြစ်နေတော့ အန်ကယ်လေးတို့ အပိုင်းက ဒါရိုက်တင်းအပိုင်း ခက်ခဲမှု ရှိပါတယ်။ သရုပ်ဆောင်မှု အနေနဲ့တော့ ခက်ခဲမှုတော့ သိပ်မရှိဘူး။

Voice : တချို့အခန်းတွေမှာ မျက်နှာတွေ ဖြူနေတာ တွေ့ရတယ်၊ ဘယ်လို ပြန်လုပ်မလဲ။
NT : အဲဒါက ကာလာအပိုင်း ပြန်လုပ်ရမှာပေါ့နော်။ ရိုက်ကတည်းက ကျွန်တော်တို့ Lighting နည်းနည်း ကပ်နေတာပေါ့နော်။ နည်းနည်း Burn (ဘန်း) နေသလို ဖြစ်နေတော့ အခု ရုံက မတင်ရသေးတော့ ပြန်လုပ်လိုက်ရင် အကုန်လုံး အဆင်ပြေသွားမှာပါ။

Voice : ဒီဇာတ်ကားက အခု လက်ရှိကားတွေနဲ့ ခွဲထွက်ထားတော့ သရုပ်ဆောင် တစ်ယောက် အနေနဲ့ ဒီကားအပေါ် ဘယ်လို မြင်မိလဲ။
NT : ကျွန်တော်တို့က သမားရိုးကျကနေ ခွဲထွက်နိုင်ဖို့ လိုတယ်။ ကျွန်တော်တို့ကလည်း အမြဲတမ်း ပရိသတ်ကို လုပ်ပြချင်တဲ့ ဇာတ်ဆောင်ကနေ ကွဲပြားပြီ သရုပ်ဆောင်ရတဲ့ သရုပ်ဆောင်မှုမျိုးကို ပေးချင်တယ်။ ကိုယ်တွေရဲ့ ရည်ရွယ်ချက်နဲ့ ပရိသတ်အတွက် ပြန်တွေးတဲ့ အတွေး တစ်ခုခုပေါ့။ အမြဲတမ်းလိုလို အိမ်ထောင်ရေး ကား၊ ဒရမ်မာ ကားတွေကနေမှ ဒီလိုမျိုး စိတ်ကူးယဉ် ဆန်တဲ့အရာ တစ်ခုကို တကယ် ဖြစ်နေအောင် ရိုက်ပြရတဲ့ စိန်ခေါ်မှုက ကျွန်တော်တို့ ရုပ်ရှင်လောကအတွက် လိုအပ်ပါတယ်။

Voice : အခု လက်ရှိ ရိုက်ကူးနေတဲ့ ထာဝရအမေ ဇာတ်ကားရိုက်ကူးမှု အခြေအနေ ပြောပြပါဦး။
NT : ထာဝရအမေ ၈ဝ ရာခိုင်နှုန်း ပြီးသွားပြီ။ ကျန်တာက Overseas ရိုက်ဖို့ ကျန်မယ်။ စင်ကာပူမှာကျတော့ ဆရာကြီး ဦးခင်မောင်ဝင်းက စင်ကာပူကနေ ဒီဇာတ်ကြောင်းလေး တစ်ခုရေးဖို့ အိုင်ဒီယာ ရတာ ဆိုတော့။ စင်ကာပူကနေ ငယ်ဘဝတွေ၊ မူလတန်းအရွယ်ကနေ လေးတန်း၊ ငါးတန်းလောက်အထိ အဓိက စင်ကာပူကနေ ဇာတ်လမ်းစ,ရတော့ ငါးရက်လောက် ရှိမယ်။ သူ့အိမ် မီးလောင်တဲ့ အခန်း၊ အမေနဲ့ အဆက်အသွယ်ရတဲ့ အခန်းကိုတော့ ရန်ကုန်မှာ Virtual နဲ့ ရိုက်ဖို့ စီစဉ်ထားတယ်။

Voice : ဒီဇာတ်ကား မိဘမေတ္တာ ဇာတ်ကားဆိုတော့ ရိုက်ကူးမှုချိန်က စိတ်ခံစားမှု ပြောပြပါဦး။
NT : အဓိက ဆရာခင်မောင်ဝင်းရဲ့ အမေပေါ်မှာ ထားတဲ့ ခံစားမှုရယ်၊ အမေကနေ သားသမီးတွေအပေါ် ထားတဲ့ မေတ္တာတရားရယ် ဒီအပေါ်မှာ အခြေခံပြီး ရိုက်တာပါပဲ။ ဒီကားလေးက ရုပ်ရှင်ကားကောင်း တစ်ကောင်း ဖြစ်မှာပါ။

Voice : ဒီဇာတ်ကောင်အတွက် ကျေနပ် အားရမှု ရှိရဲ့လား။
NT : အဓိက True Story တစ်ခု ဖြစ်တယ်။ နောက်တစ်ခုက ဆရာကြီး ကိုယ်တိုင် ရေး ကိုယ်တိုင်လည်း ရှိနေသေးတဲ့အတွက် အများကြီး အထောက်အကူ ဖြစ်တယ်။ ဆရာကြီးရဲ့ ဆံပင်ပုံစံ၊ အပြင်မှာရှိတဲ့ Life Style တွေကို လေ့လာပါတယ်။ ဇာတ်ကောင်ကို ဒေါက်တာ ခင်မောင်ဝင်းနေရာကို သရုပ်ဆောင်မှာ ဖြစ်တဲ့အတွက် ဒီ True Story ဖြစ်တဲ့အတွက် ကျွန်တော် ပုံမှန် သရုပ်ဆောင်နေကျ ကျွန်တော့်ရဲ့ သရုပ်ဆောင်မှု ပုံစံ၊ အပြင်မှာ ရှိနေတဲ့ သရုပ်ဆောင် ပုံစံနဲ့မတူသလို ဇာတ်ကားတိုင်းမှာ သရုပ်ဆောင်နေတဲ့ ပုံစံနဲ့လည်း မတူပါဘူး။ ဆရာကြီးရဲ့ လှုပ်ရှားမှု ပုံစံက ထူးခြားတယ်။ အဲဒီ ဆရာကြီးရဲ့ ပုံစံကို အတတ်နိုင်ဆုံး အနီးစပ်ဆုံး ယူပြီး သရုပ်ဆောင် ထားပါတယ်။

Voice : From Bangkok to Mandalay ကား ရုံတင်တော့မယ်။ ဒီကား ရိုက်ကူးနေတုန်းက ပုံမှန်ကားတွေနဲ့ ခွဲထွက်ထားတဲ့ အချိန်ကာလ တစ်ခုဆိုတော့ အဲဒီကားက ပရိသတ်အတွက် ဘယ်လောက်ထိ စိတ်ဝင်စားတဲ့ ဇာတ်ကား ဖြစ်မလဲ။
NT : ဒီကားက နိုင်ငံခြားက နည်းပညာ အကုန်လုံးနဲ့ ရိုက်ထားတာ ဆိုတော့ ကွဲပြားမှုက ပိုပြီး သိသိသာသာ ကွဲပြားမယ်လို့ ကျွန်တော် ထင်တယ်။ ပရိသတ်က တော်တော်လေး စိတ်ဝင်စား နေကြတာဆိုတော့ စိတ်ဝင်စားမှုနဲ့ တန်တဲ့ ဇာတ်ကား တစ်ကား ဖြစ်မယ်လို့ မျှော်လင့်တယ်။

Voice : မြန်မာ့ရုပ်ရှင် ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ်မှာ ဝင်ရောက် ဆွေးနွေးခဲ့တာဆိုတော့ အဲဒီအပေါ် အမြင်လေး ပြောပြပါဦး။
NT : အဓိကတော့ ဒီဖိုရမ်က ရုပ်ရှင်သမားတွေ၊ ဟိုအရင်တုန်းက ရုပ်ရှင် တစ်ကားကို တည်ဆောက်မယ်ဆိုရင် ကားတိုင်း ကားတိုင်း နောက်ပိုင်းမှာ လုပ်ရမယ့် Workshop မျိုးစုံပေါ့။ ကျွန်တော် ဆွေးနွေး သွားတဲ့ရုပ်ရှင် ဖန်တီးထားတဲ့ Crew တွေ အားလုံးက ကျွန်တော်တို့ ဒီ Workshop ကို အကုန်လုံး လာပြီးမှ ဆွေးနွေး တိုင်ပင်သင့်တဲ့ သဘောပေါ့နော်။ မြန်မာစကားပုံ ရှိပြီးသားပါ။ ကြိုတင် ပြင်ဆင်ထားမှုက တိုက်ပွဲ တစ်ပွဲကို တစ်ဝက်လောက် အောင်မြင်ပြီးသား ဖြစ်တယ်လို့။ ပြင်ဆင်မှုက ကျော်ဖြတ်ရမယ့် အလုပ်အတွက် တစ်ဝက်လောက်က ကျွန်တော်တို့ အောင်မြင်ပြီးသားလို့ မြင်ပါတယ်။ နောက်ပိုင်း အချိန်၊ ကွာလတီအပိုင်း အများကြီး ပိုကောင်းလာမှာပါ။

Voice : နောက်ပိုင်းမှာ စာချုပ်တွေနဲ့ တိတိကျကျ လုပ်လာမယ်ဆိုရင် ရုပ်ရှင် လောကအတွက် ဘယ်လောက်ထိ ပြောင်းလဲ လာမယ်လို့ မြင်မိလဲ။
NT : ကျွန်တော်တို့က ဗီဒီယို စရိုက်ကတည်းက စာချုပ်နဲ့ လုပ်လာတာပါ။ ဥပမာအားဖြင့် စာချုပ်နဲ့ လုပ်လာကြတာက ကျွန်တော်တို့က တစ်ကားချင်းစီ အတွက်ကို စာချုပ်ပေါ့နော်။ ဥပမာ - တစ်ကားနဲ့ တစ်ကား မတူချင်ဘူး။ အမှန်တော့ စာချုပ် တစ်ခုဆိုရင် ဒီစာချုပ် တစ်ခုကိုပဲ တခြားကားတွေမှာလည်း အသုံးပြုနေကြတဲ့ဟာ ရှိနေတော့ မလိုအပ်တဲ့ဟာမျိုးတွေ ရှိနေတယ်။ နောက်ပိုင်းမှာ သရုပ်ဆောင်ပိုင်းအတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ဖို့ စာချုပ်တွေ လိုအပ်တယ်။ ဥပမာ - သရုပ်ဆောင် တစ်ယောက်က AIDS ရောဂါသည် သရုပ်ဆောင်ရမယ်ဆိုရင် သူ လက်ခံထားတဲ့ စာချုပ်မှာ ခြောက်လအတွင်း ဝိတ်ဘယ်လောက်ကျအောင် ချပေးရမလဲ ဆိုတာရှိတယ်။ အဲဒီလိုမျိုး သရုပ်ဆောင်တွေဘက် Story ပိုင်းနဲ့ ပတ်သက်ပြီး လိုအပ်တဲ့ ပုံစံရှိတယ်။ တချို့ တချို့ ဇာတ်ကားတွေမှာ အရမ်းကြီး ဝအောင် လုပ်ပေးရမယ့် သရုပ်ဆောင်ရတဲ့ဟာမျိုး ရှိတယ်။ ဒီလိုဖြစ်အောင် လုပ်ဖို့အတွက် Production Course တွေ အကုန် မှန်သမျှကို Production Design မှာ ပါသွားတဲ့အတွက် ဒါသည် ထုတ်လုပ်သူဘက်က တာဝန် ယူပေးရတယ်။ မင်းသား၊ မင်းသမီးတွေ နောက်ကျတယ်ပေါ့၊ တချို့ ဒါရိုက်တာတွေ မပြောဘူး။ နောက်တစ်ခုက ဇာတ်ပို့၊ ဇာတ်ရံတွေဆို ပြောတဲ့ အကြောင်းအရာတွေကို ဆွေးနွေးသံ ကြားပါတယ်။ အဲဒီဟာ ဖြေရှင်းပြီးသား ဖြစ်သွားတယ်။ အဓိက Production Design၊ Art Designer၊ ဝတ်စုံဒီဇိုင်းတွေ ထုတ်လုပ်သူက အခုချိန်ထိ တာဝန် မယူနိုင်ဘူး။ ကျွန်တော်တို့က ဖိနပ်ကနေ ဆံပင်အစ ကိုယ်ကိုယ်တိုင်ပဲ တာဝန် ယူထားတော့ ကျွန်တော်တို့ရဲ့ ပြင်ဆင်မှုသည် နံနက် ၆ နာရီ အိပ်ရာ ထတယ်ဆိုရင် တစ်နာခွဲလောက် ရှိတော့ ၈ နာရီ အိမ်ကနေ စထွက်ရင် ရှုတင်ကို ၉ နာရီလောက် ရောက်နိုင်မယ်။ အဓိက ဒီလိုမျိုး Production ပိုင်းကနေမှ အင်တာနေရှင်နယ်ကို ထိုးဖောက်နိုင်ဖို့၊ အင်တာနေရှင်နယ် ဖြစ်ချင်တယ်ဆိုရင် အင်တာနေရှင်နယ် Level ညီတဲ့ Production Course ဝင်ဖို့ လိုတယ်။ ဒါမှ ၇ နာရီ ရောက်အောင် လာရင် လာလို့ ရတယ်။ ကျွန်တော်တို့က သရုပ်ဆောင်ပိုင်း တစ်ခုကိုပဲ လုပ်သွားမယ်ဆိုရင် ပိုပြီးတော့ ကောင်းလာမယ်။ ဒီကားမှာ ဝတ်ထားတဲ့ ဖိနပ်က နောက်ကားမှာလည်း ပါရင် ပါနေတာဆိုတော့ ဒီဟာက ပရိသတ်အတွက် Impression Down တယ်။ ထပ်နေတဲ့အတွက် မပီပြင်ဘူးပေါ့။ အဲဒီ အတွက် Art Designer လိုတယ်။

Voice : အခုတစ်လော အချစ်ရေးနဲ့ ပတ်သက်ပြီး ကောလာဟလတွေလည်း ထွက်နေတာဆိုတော့ အဲဒီအပေါ် ဘာပြောချင်လဲ။
NT : ကျွန်တော်ကတော့ ပုံမှန်ပါပဲ။ အရင်အတိုင်းပါပဲ။ ထွေထွေထူးထူး ပြောစရာ မရှိပါဘူး။ ကျွန်တော်က အဓိက အလုပ် ပိနေတော့ အလုပ်ကနေ ရုန်းထွက်ဖို့က ခဲယဉ်းပါတယ်။

ဆုအိန္ဒြေဦး


  • VIA