News

POST TYPE

RELAX

ဒေါက်တာအေးမောင်နှင့် တွေ့ဆုံခြင်း
03-Sep-2016
ပဋိပက္ခ အကဲဆတ်သည့် ရခိုင်ပြည်နယ် အရေးကိစ္စကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် ကုသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန် ဥက္ကဋ္ဌအဖြစ် ဦးဆောင်မည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ဖွဲ့စည်းရန် အစိုးရက ပြင်ဆင်နေသည်။ ယင်းကော်မရှင်တွင် ကိုဖီအာနန်အပြင် ကုလသမဂ္ဂတွင် တာဝန်ထမ်းဆောင်ဖူးသည့် နိုင်ငံတကာကပုဂ္ဂိုလ် နှစ်ဦးလည်း ပါဝင်နေသည်။ နိုင်ငံတကာက ပုဂ္ဂိုလ်များကို ထည့်သွင်းဖွဲ့စည်းမှုနှင့် ပတ်သက်၍ အငြင်းပွားမှု များစွာရှိနေရာ မတူညီသည့် ရှုမြင်ချက်များကို သိရှိနိုင်ရန် ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကို မေးမြန်းဖော်ပြလိုက်သည်။

Voice - မစ္စတာ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ဖျက်သိမ်းပေးဖို့ ရခိုင်အမျိုးသားပါတီက ဘာကြောင့် တောင်းဆိုရတာလဲ။

Dr.AM - ပထမတစ်ချက်က ပြည်တွင်းရေး ပြဿနာကို နိုင်ငံတကာ ပြဿနာ ဖြစ်အောင် ပုံဖော်လိုတဲ့သဘော  ဖြစ်လာနိုင်တယ်။ ဒုတိယတစ်ချက် ရခိုင်-ဘင်္ဂါလီ ပဋိပက္ခနဲ့ ပတ်သက်လို့ စုံစမ်းရေးကော်မရှင်ကို ပြီးခဲ့တဲ့ အစိုးရ လက်ထက်ကလည်း ဖွဲ့ပေးခဲ့ပြီး အစီရင်ခံစာ  တင်သွင်းထားတာ ရှိတယ်။ အဲဒါကို အကောင်အထည်ဖော်ဖို့ လက်ရှိအစိုးရမှာ တာဝန်ရှိတယ်။ ဒီနှစ်ချက်ကို ကျွန်တော်တို့ အဓိက ပုံဖော်တာပါ။ ရခိုင်ပြည်နယ်နဲ့ ပတ်သက်တဲ့ ကဏ္ဍတွေကို လက်ရှိအစိုးရက ဆောင်ရွက်တိုင်း ဆောင်ရွက်တိုင်းမှာ ရခိုင်တွေရဲ့ အကျိုးစီးပွားထက် ဘင်္ဂါလီတွေရဲ့ အကျိုးစီးပွားကို ပိုဦးစားပေးနေသလားလို့ ခံစားရတယ်။ အဲလိုကာလမှာ ကိုဖီအာနန်ကို ရခိုင်ပြည်နယ်ကိစ္စနဲ့ ပတ်သက်လို့ အကြံပေးကော်မရှင်ရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ပေးတယ်။ ပေးတဲ့အဖွဲ့ကလည်း နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန။ အဲဒီမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ အရလည်း မေးစရာလေးတွေ ဖြစ်လာတယ်။ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနက ဖွဲ့စည်းပိုင်ခွင့် ရှိရဲ့လား။ 

Voice - ကော်မရှင်နဲ့ ပတ်သက်လို့ ဘာတွေကို စိုးရိမ်တာလဲ။

Dr.AM - အဓိက စိုးရိမ်တာက ကိုဖီအာနန် ကုလအတွင်းရေမှူးချုပ် ရာထူးရစဉ် ကာလ အဲအချိန်မှာ မြန်မာနိုင်ငံမှာက စစ်အာဏာရှင် အုပ်ချုပ်တဲ့ကာလ။ ၁၉၈၈ နောက်ပိုင်းပေါ့။ အဲဒီမှာ နိုင်ငံရေးသမားတွေ ကျောင်းသားတွေ ထွက်ကြ ပြေးကြ အဖမ်းခံကြပေါ့။ အဲဒီအချိန်မှာ ကျောင်းသားခေါင်းဆောင်တွေလိုပဲ ဘင်္ဂါလီတွေကလည်း သွားတာရှိတယ်။ အဲဒီပုဂ္ဂိုလ်တွေရဲ့ အဓိက ကြွေးကြော်ချက်က စစ်အာဏာရှင်တွေရဲ့ လူမျိုးတုံး သတ်ဖြတ်မှုနဲ့ တိုင်ရင်းသားမျိုးနွယ်စုကို ဖျောက်ဖျက်လိုတဲ့သဘော ဆိုပြီးပေါ့။ အဲဒီလို နိုင်ငံရေးတိုက်ကွက်နဲ့ ကမ္ဘာတစ်ခုလုံးကို လော်ဘီလုပ်နိုင်ခဲ့တယ်။ Genocide နဲ့ Ethnic Cleaning ကို အမြဲတမ်း ကြွေးကြော်ခဲ့တာ ရှိတယ်။ အဲဒီနောက်မှာ ဒီကိစ္စကြောင့်ပဲ ကိုဖီအာနန်တို့က လူ့အခွင့်အရေး အထူးကိုယ်စားလှယ်တွေကို လွှတ်တယ်။ ဘန်ကီမွန်း လက်ထက်မှာလည်း လွှတ်တယ်။ လူ့အခွင့်အရေး အစီရင်ခံစာအတွက် လာစစ်တိုင်းမှာ ရခိုင်တိုင်းရင်းသားတွေက အသုံးချခံရတယ်။ ဘင်္ဂါလီအတွက် လာတယ်။ ရခိုင်တွေနဲ့ တွေ့သလို လုပ်တယ်။ သူတို့ကြိုက်တာ ရေးသွားတယ်။ ဘင်္ဂလားဒေ့ရှ်က လျှံကျနေတဲ့ လူတွေက ကမ္ဘာကြီးတစ်ခုလုံးကို ပြန့်နေတာ။ အဲဒီလူတွေရဲ့ ကြွေးကြော်ချက် တစ်ခုပဲ ရှိတယ်။  မြန်မာအစိုးရရဲ့ လူမျိုးတုံး သတ်ဖြတ်မှုကြောင့် ထွက်ပြေးလာကြတယ်။ ရိုဟင်ဂျာဖြစ်တယ်။ သူတို့အခွင့်အရေးဟာ ပြည်တော်ပြန်ရေး ဖြစ်တယ်။ ရိုဟင်ဂျာလူမျိုးကို အသိအမှတ်ပြုပါ။ တိုင်းရင်းသားပေးပါ။ အဲဒီသဘောနဲ့ ကမ္ဘာကြီးမှာ ပြန့်နေတာ အနည်းဆုံး ၁၀ သန်းအောက်မှာ ရှိတယ်။

ကော်မရှင်ရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်မှာလည်း ကမ္ဘာအနှံ့မှာ ပြန်နေတဲ့သူတွေရဲ့ ပင်းရင်းနိုင်ငံနဲ့ ပတ်သက်လို့ ပြန်စိစစ်ဖို့ လိုတယ်ဆိုပြီး ပါတယ်။ ကိုဖီအာနန် ကော်မရှင်သည် ကမ္ဘာကြီးတစ်ခုလုံးကို ပြန့်နေတဲ့ ဘင်္ဂလားဒေ့ရှ်ကလို့ ကျွန်တော်တို့ စွဲချက်တင်တဲ့ ပုဂ္ဂိုလ်တွေ ကျွန်တော်တို့ဆီကို ရောက်လာအောင် ဆောင်ရွက်မယ့် ကော်မရှင်လို့ ကျွန်တော်တို့ သုံးသပ်လာတဲ့အခါမှာ ရခိုင်ဒေသ တည်ငြိမ်ရေးအတွက် မဟုတ်ဘဲ ရခိုင်ဒေသကို ကမ္ဘာအရပ်ရပ်ကို ပြန့်နေတဲ့ လူသန်းပေါင်းများစွာ ပြန်သွင်းဖို့အတွက် မျက်နှာချိုသွေးရတဲ့ လုပ်ငန်းစဉ်တစ်ခုလို့ သုံးသပ်လာတဲ့အခါ ကျွန်တော်တို့ စိုးရိမ်လာတယ်။ 

Voice - ကော်မရှင်မှာ နိုင်ငံတကာက ပုဂ္ဂိုလ်တွေ ထည့်သွင်းထားထာက နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှု ပိုကောင်းမယ်လို့ အစိုးရဘက်ကတော့ တုံ့ပြန်တာတွေ  ရှိပါတယ်။ ဒီအပေါ်မှာရော ဘယ်လိုယူဆလဲ။

Dr.AM - နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုအတွက် နိုင်ငံတကာက ပညာရှင်ကို ထည့်မှဆိုရင် မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်လို့ ဘာလို့ ဦးတီခွန်မြတ်ကို ဥက္ကဋ္ဌ ထားပြီးမှ စိစစ်ခိုင်းတာလဲ။ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံနဲ့ ပတ်သက်လို့လည်းပဲ အိမ်နီးနားချင်း နိုင်ငံတွေကို  ပါသင့်တာပေါ့ဗျာ။ ဒါပေမဲ့ ပြည်တွင်းရေး ဖြစ်တယ်။ ဒို့အချင်းချင်း ညှိနှိုင်းနိုင်တယ် ဆိုပြီးတော့ အခုလုပ်နေကြတာလေ။ ကျွန်တော်တို့ ရခိုင်ဒေသမှာဖြစ်တဲ့ ခေတ်အဆက်ဆက် လူဝင်လူထွက်ကြောင့် ဖြစ်တဲ့ ပြဿနာဟာ အပြည်ပြည်ဆိုင်ရာ ပြဿနာ ဖြစ်သွားပြီလား။ ပြီးခဲ့တဲ့ အစိုးရကတော့ ပြည်တွင်းရေးလို့ သတ်မှတ်တယ်လေ။ လက်ရှိအစိုးရလက်ထက်က ပြည်တွင်းပြဿနာ မဟုတ်တော့ဘူးဆိုတဲ့ သဘောလား။ ဖြစ်လာမယ့် အကျိုးဆက်ကို တွက်ထားပြီလား။ ကိုဇော်ဌေး ပြောတာတော့ ခင်ဗျားတို့ ကြားမှာပေါ့။ အကြံရယူရုံ သက်သက်ပဲ။ အကောင်အထည်ဖော်ချင် ဖော်မယ်။ မဖော်ချင်မဖော်ဘူး။ အဲလောက်လုပ်နိုင်တဲ့ အရည်အချင်း လက်ရှိအစိုးရမှာ အမှန်တကယ် ရှိနေပြီလား။ အကြံပေးတဲ့ အကြံပေးချက်ကို ထိန်းနိုင်တဲ့ အနေအထား တကယ်ရှိတယ်လို့ ထင်လား။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်းပါတဲ့ ကော်မရှင်တစ်ခုက စိစစ်တဲ့ စိစစ်ချက်ဟာ ပြည်ပနိုင်ငံများကို ပြန့်နှံ့နေတဲ့ အချက်အလက်တွေကို ကိုးကားပြီးမှ လူ့အခွင့်အရေး အခြေခံတဲ့ တစ်ဖက်စောင်းနင်း အကြံပြုစာပါခဲ့ရင်၊ အဲဒီမှာလည်း Genocide တို့ Ethnic Cleaning တို့ ပါခဲ့မယ်ဆိုရင်၊ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးကို ပို့သင့်တယ်ဆိုတဲ့ အမြင်မျိုးနဲ့ အကြံတစ်ခုခု ပါခဲ့ရင် လက်ရှိအစိုးရ ဘာလုပ်မလဲ။ အဲဒီလို အသုံးအနှုန်းမျိုး ကမ္ဘာကို ပြန့်သွားမယ်ဆိုရင် ကုလသမဂ္ဂသည် လူ့အခွင့်အရေး လိုအပ်ချက်အရ မည်သည့်နိုင်ငံကိုမဆို ဝင်ရောက်စွက်ဖက်နိုင်သည် ဥပဒေ သုံးသပ်မှုတစ်ခုခုနဲ့ ဝင်လာမယ်ဆိုရင် မြန်မာနိုင်ငံရေး အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ သွားနေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ နောက်ကြောင်းပြန်လှည့်နိုင်တဲ့ အနေအထား မပေါ်လာနိုင်ဘူးလား။ အဲဒါလေးတွေက စိုးရိမ်ဖွယ်ရာ ပြန်သုံးသပ်သင့်တဲ့ အချက်တွေပါ။ 

လွတ်လတ်ရေး မတိုင်ခင်ကတည်းက လူဝင်လူထွက် ပြဿနာက အခုအထိ ရှိနေတာပဲ။ ပြည်တွင်းမငြိမ်းချမ်းလို့ ဖြစ်တယ်။ နယ်စပ်မလုံခြုံလို့ ဖြစ်တယ်။ နယ်စပ်ကို လုံလုံခြုံခြုံထားနိုင်ရင်ပြီးပြီ။ ပြည်တွင်းမှာ ဥပဒေ ရှိတယ်။ ဒီဥပဒေအတိုင်း နိုင်ငံသားစိစစ်မှုကို ဆောင်ရွက်မယ်။ ဘယ်သူ့နိုင်ငံကိုမှ ဆရာကြီးထားပြီး ပူဇော်ပသနေစရာ မလိုဘူး။ ဒီခေတ်မှာ မလိုဘူး။ ကျွန်တော်တို့ ပြတ်ပြတ်သားသား ပြောထားပြီပြီ။ ကော်မရှင်ကို ဖျက်သိမ်းပေးပါ။ 

Voice - တကယ်လို့ ကော်မရှင်ကို မဖျက်သိမ်းဘဲ လုပ်ငန်းဆောင်ရွက်လာရင် ANP အနေနဲ့ ပူးပေါင်းနိုင်မလား။

Dr.AM - ပူးပေါင်းဖို့ မရှိဘူး။ ပြည်ထောင်စုဘက်မှာလည်း လိုအပ်သလို အဆိုတင်ပြီးမှ ကန့်ကွက်သွားဖို့ ရှိတယ်။ ရုပ်သိမ်းပေးဖို့ အစိုးရကို တောင်းဆိုသွားမယ်။ ပြည်ထောင်စုမှာရှိတဲ့ လွှတ်တော်နှစ်ရပ်ရဲ့ ဥပဒေ၊ နည်းဥပဒေအတိုင်း ဆက်လုပ်ကြမှာပဲ။ ဒီလိုရည်မှန်းထားတယ်။ ပါတီကလည်း မူသတ်မှတ်ထားတယ်။ ဒီလိုပဲ ပြည်နယ်လွှတ်တော်မှာလည်း အစိုးရကို တိုက်တွန်းသွားဖို့ ရှိမယ်။ တောင်းဆိုသွားဖို့ ရှိမယ်။ 

Voice -  ANP က မပူးပေါင်းဘူးဆိုရင် ကော်မရှင် အနေနဲ့ ရခိုင်လူမျိုးဆီကနေ အကြံဉာဏ်ကောင်းတွေကို ရဖို့ အခက်အခဲ ရှိသွားနိုင်တာပေါ့။ ဒါဆို ရခိုင်လူမျိုး အတွက် ပိုပြီး နစ်နာမသွားနိုင်ဘူးလား။

Dr.AM - ကျွန်တော်တို့က အလေးအနက် မထားတော့ဘူး။ ဒီလိုပဲ ရခိုင်ဘက်က သဘောထား မပါဘဲနဲ့လည်း ကုလသမဂ္ဂ တတိယကော်မတီ ခေါ်မှာပေါ့။ လူ့အခွင့်အရေးကော်မတီမှာ လူ့အခွင့်အရေး ကိုယ်စားပြုတယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေ အစီရင်ခံစာကို ကြိုက်သလိုရေးပြီး ကြိုက်သလို တင်ပြကြတာပဲလေ။ ရခိုင်တွေဘက်က သဘောထားတွေကို ဒီလူတွေ ရေးတာမှ မဟုတ်တာ။ အခုဖွဲ့မယ့် ကော်မရှင်ကလည်း ကြိုက်သလိုရေး။ ကျွန်တော်တို့လည်း ကျွန်တော်တို့ လုပ်သင့်လုပ်ထိုက်တာကို လုပ်မယ်။ ပါတီဆိုတာမျိုးက လူထုကို ဦးဆောင်ဖို့ လိုတာပေါ့။ လူထုကိုယ်စား ကာကွယ်နိုင်ရမယ် တားဆီးနိုင်ရမယ်။ အာဏာကိုလည်း ယူနိုင်ရမယ်။ 

Voice -  အာဏာက ဘယ်လိုယူမှာလဲ။  

Dr.AM - အာဏာရဖို့အတွက် အာဏာရအောင် လုပ်ရမယ့် နည်းလမ်းတွေ ရှိတာပေါ့။ လက်ရှိအစိုးရသည် တစ်နိုင်ငံလုံးကို ထိန်းချုပ်ထားနိုင်သည့် အစိုးရလား။ ဖွဲ့စည်းပုံဥပဒေအရ ပြောတာ။ ပြည်နယ်နဲ့ တိုင်းအားလုံးကို ထိန်းချုပ်ထားနိုင်တဲ့ အစိုးရလား။ တိုင်းနဲ့ ပြည်နယ်တွေရဲ့ အုပ်ချုပ်ရေးယန္တရားဟာ သူတို့ သွားချင်သလို လူထုရဲ့ ပူးပေါင်းကူညီမှု ရနေတဲ့ အစိုးရလား။ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေးများကို အသုံးပြုပြီးတော့ကာ အစိုးရတစ်ရပ်ကို ဖြုတ်ချနိုင်တဲ့ အနေအထား မရှိဘူးလား။ အဲဒါက ဖွဲ့စည်းပုံ အခြေခံဥပဒေအရပဲ ကျွန်တော်တို့ စကားပြောရမှာ။ 

ရခိုင်ပြည်နယ်မှာ အုပ်ချုပ်တဲ့ အစိုးရသည် ရခိုင်လူထုရဲ့ အသက်အိုးအိမ် စည်းစိမ်လုံခြုံမှု၊ အနာဂတ်  တည်ရှိမှု ဖွံ့ဖြိုးတိုးတက်မှု၊ တည်ငြိမ်အေးချမ်းမှုကို မဆောင်ရွက်နိုင်တော့ဘူးလို့ ယုံကြည်လို့ရှိရင် ကျွန်တော်တို့ ဖြုတ်ချရဲရမယ်။ ဖြုတ်ချရဲတဲ့ သတ္တိရှိရမယ်။ ပြည်ထောင်စုအစိုးရကိုလည်း ဒီအတိုင်းပဲ။ နိုင်ငံရေးပါတီတစ်ခုက  လူထုအကျိုးအတွက် အတိုက်အခံ လုပ်ရဲရမယ်။ ကိုယ့်လူထုအတွက်လည်း အစိုးရတစ်ရပ်ကို ဖြုတ်ချရဲတဲ့ သတ္တိရှိဖို့ လိုတယ်။ နိုင်ငံရေးပါတီ တစ်ခုနဲ့လည်း ပူးပေါင်းဆောင်ရွက်နိုင်တယ်။ ကျွန်တော်ပြောတာက လိုရင်လည်း ဆန့်ကျင်ရဲရမယ်။ လိုရင်လည်း ပူးပေါင်းဆောင်ရွက်ရဲရမယ်။ မဟာမိတ်ဖွဲ့ရဲတဲ့ သတ္တိရှိရမယ်။ 

Voice -  ကော်မရှင်မှာ ပါဝင်တဲ့ ပုဂ္ဂိုလ်တွေဟာ ဘက်လိုက်မှုကင်းတယ်။ လူအများလေးစားတယ်။ အတွေ့အကြုံ ရင့်ကျက်တယ်။ ထင်ပေါ်ကျော်ကြားတယ် ဆိုတဲ့ အချက်တွေနဲ့ ရွေးထားတာလို့ ပြောတယ်။  

Dr.AM - ဘက်လိုက်မှု ကင်းရမယ် ဆိုတာကို ကျွန်တော်တို့ မယုံဘူး။ အများလေးစားရမယ် ဆိုထားတယ်။ ရခိုင်လူထုက မလေးစားဘူး။ မယုံဘူး။ ရခိုင်အမျိုးသားပါတီက မယုံဘူး။ ရခိုင်တွေရဲ့ သံဃာအဖွဲ့အစည်းတွေကို မေးကြည့် ယုံလားလို့။ ဘက်လိုက်နိုင်တဲ့ ပုဂ္ဂိုလ်လို့ သုံးသပ်တယ်။ ဘက်လိုက်တဲ့ အဖွဲ့အစည်းဘက်ကလာတဲ့ နောက်ခံရှိတယ်လို့ သုံးသပ်တယ်။ ဗမာလူထု ယုံကြည်ရုံနဲ့ မရဘူးနော်။ အာဏာရှိတဲ့ အစိုးရ ယုံကြည်လို့ မရဘူး။ လူထု ယုံကြည်ဖို့လိုတယ်။ ဘယ်လူထုလဲ။ ရခိုင်လူထု။ ဘာလို့ဆိုတော့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးလို့ သူတို့သုံးတယ်လေ။ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး မဟုတ်ဘဲ ဘင်္ဂါလီ အခွင့်အရေး ကာကွယ်ဖို့၊ ဘင်္ဂါလီတွေ နိုင်ငံသားဖြစ်ဖို့ လုပ်တဲ့လုပ်ငန်းမျိုးကို ရခိုင်တွေ ဒီအတိုင်း လက်ပိုက်ကြည့်နေရမလား။ အဲဒါကိုလည်း  သုံးသပ်စေချင်တယ်။ 

The Voice