News

POST TYPE

RELAX

ဉာဏ်ရည်မြင့်သူလို့ ထင်ရစေမယ့် နည်းလမ်းတွေ
03-Sep-2016

ဒီနည်းလမ်းတွေကို လိုက်နာမယ်ဆိုရင် သင်ဘယ်သူနဲ့ပဲ စကားပြောပြော သင့်ကိုဉာဏ်ရည်မြင့်တဲ့သူလို့ တစ်ဖက်လူက ယူဆပါလိမ့်မယ်။

(၁) ခေတ်စားနေတဲ့ သတင်းတွေကို သိထားပါ

လတ်တလော ဖြစ်နေတဲ့ အခြေအနေတွေနဲ့ လူသိများတဲ့ သတင်း အချက်အလက်တွေကို လေ့လာထားပါ။ နိုင်ငံတကာ အကြမ်းဖက်မှု သတင်းအကြောင်း တစ်ဖက်လူက ပြောနေတုန်း “ဘယ်က အကြမ်းဖက်မှုလဲ”လို့ ထမေးနေရတာက ဘယ်လိုမှ အဆင်မပြေပါဘူး။ သတင်းမှန်သမျှ လုံးစေ့ပတ်စေ့ ဖတ်နေရမယ်လို့ မဆိုလိုပါဘူး။ ဒါပေမဲ့ ခေါင်းစဉ်တွေနဲ့ ခေါင်းကြီး သတင်းတွေလောက်တော့ အကြမ်းဖျဉ်း လေ့လာထားပါ။

(၂) အစီအစဉ်တကျထားပါ

သင့်ရဲ့ ဖိုင်တွဲတွေ၊ စာရွက်စာတမ်းတွေနဲ့ ပစ္စည်း ပစ္စယတွေကို စီစီရီရီ နေရာတကျထားပါ။ ဖရိုဖရဲ ဖြစ်နေတဲ့ အဝတ်အစားတွေ ပစ္စည်းတွေနဲ့ လူ့ရှေ့ သူရှေ့မှာ မနေပါနဲ့။ သင့်ပုံစံက သပ်သပ်ရပ်ရပ်နဲ့ စတိုင်ကျကျ ရှိနေပါစေ။

(၃) ပါးပါးနပ်နပ် မေးတတ်ပါစေ

သင်က သင့်ရဲ့ အိမ်ထောင်ဖက်နဲ့အတူ ညစာ စားပွဲတစ်ခု လိုက်တက်ပါပြီတဲ့။ အဲဒီမှာ သင်နဲ့ စကားပြောနေတဲ့သူက သိပ္ပံပညာရှင် သင်က မူကြိုကျောင်းဆရာ ဖြစ်နေတယ် ဆိုပါစို့။ သူပြောနေတဲ့ အချက်အလက်တွေ အားလုံးကို သိချင်ယောင် ဆောင်မနေပါနဲ့။ သူပြောတာကို သေချာ နားထောင်ပြီး လိမ္မာပါးနပ်တဲ့ မေးခွန်းမျိုး မေးပါ။

(၄) ဂရုတစိုက် ဝတ်စား ပြင်ဆင်ပါ

ဆွဲဆောင်မှုရှိရှိ ဝတ်စား ပြင်ဆင်ထားတဲ့ သူတွေကို ဉာဏ်ရည်မြင့်တဲ့သူလို့ လူတွေက အလိုလို ထင်မှတ်လေ့ ရှိကြပါတယ်။ လူကြားထဲမှာ ထင်ထင်ပေါ်ပေါ် ဖြစ်နေတာဟာ သင့်ကို လူတော်လို့ ထင်မြင်လာစေဖို့ အထောက်အကူ ပြုပါတယ်။

(၅) စကားကို ပီပီသသနဲ့ ရှင်းရှင်းလင်းလင်း ပြောပါ

စကားကို တစ်ဖက်လူ နားလည် လွယ်အောင် ပီပီသသ ပြတ်ပြတ်သားသား ပြောတာဟာ သင့်ကို ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိပြီး ဉာဏ်ကောင်းတဲ့ အသွင်အပြင် ရရှိစေပါလိမ့်မယ်။

(၆) ကိုယ်နေဟန်ထား ဂရုပြုပါ

ခန္ဓာကိုယ်ရဲ့ အမူအရာဟာလည်း ဆက်ဆံရေးမှာ အတော် အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နေပါတယ်။ တက်တက်ကြွကြွနဲ့ ခပ်မတ်မတ် ကိုယ်နေဟန်ထားမျိုး ရရှိအောင် လေ့ကျင့်ထားပါ။ ပျင်းရိပျင်းတွဲ နေတဲ့အခါ သင်ကို ခပ်တုံးတုံးလူလို့ ထင်မှတ် သွားစေနိုင်ပါတယ်။

Ref : rd.com


  • VIA