News

POST TYPE

RELAX

မင်းဦးနဲ့တွေ့ဆုံခြင်း
02-Sep-2016
သရုပ်ဆောင် မင်းဦးနဲ့ တွေ့ဆုံပြီး လက်ရှိ ရိုက်ကူးနေတဲ့ ကံ၏ အရှင် ဝဋ်ကြွေး သခင် ရုပ်သံ ဇာတ်လမ်းတွဲအကြောင်း၊ နိုဝင်ဘာလမှာ ချစ်သူနဲ့ ရွှေလက်တွဲမယ့် အကြောင်းနဲ့ အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ ခံစားမှုတွေကို The Voice က မေးမြန်းဖော်ပြ ထားပါတယ်။

Voice : MRTV 4 အတွက် ရိုက်နေတဲ့ ကံ၏အရှင် ဝဋ်ကြွေးသခင် ရုပ်သံ ဇာတ်လမ်းတွဲ အကြောင်းကနေ စပြီး ပြောပြပေးပါဦး။
MO : အဲ့ဒီ ဇာတ်လမ်းတွဲက ခေတ်သုံးခေတ်ကို ရိုက်ပြမှာပေါ့။ အရင်ဘဝက ကိုယ်လုပ်ခဲ့တဲ့ ကံတွေက ဒီဘက်ဘဝတွေအထိ ဝဋ်ကြွေး ပြန်ပါလာတဲ့ဟာကို ရိုက်ပြတာပေါ့။ ရိုက်တာကတော့ ထိုင်းက ဒါရိုက်တာတွေ ရိုက်တာပါ။ ဒီဇာတ်လမ်းက ဘာသာတရားနဲ့လည်း ဆက်နွှယ်နေတဲ့ အကြောင်းအရာတွေ ပါနေတယ်။ ဇာတ်လမ်းကတော့ ပုဂံခေတ်ကနေပြီးတော့ ဒီဘက်ခေတ်မှာ လူလာဖြစ်တဲ့အထိ ဝဋ်ကြွေးတွေ ပါလာကြတဲ့ အကြောင်းကို ရိုက်ပြတာပါ။ အစ်ကိုတို့ အတွက်လည်း လုပ်ကွက် တော်တော် ရှိပါတယ်။ ကိုယ်ပြုခဲ့တဲ့ အကုသိုလ်ကံကို နောက်ဘဝမှာ ပြန်ခံစားရတာကို ရိုက်ပြတာဆိုတော့ ဘာသာတရားရဲ့ အဆုံးအမလေးတွေလည်း ပါပါတယ်။ မကောင်းတာ လုပ်ရင် မကောင်းတာ ခံရမယ်ဆိုတဲ့ ဟာလေးကို Message ပေးချင်တာပါ။

Voice : လက်ရှိမှာ နာမည်ကျော် သရုပ်ဆောင်တွေတောင် ရုပ်သံ ဇာတ်လမ်းတွဲတွေ ဝင်ရိုက်နေကြပြီ ဆိုတော့ မြန်မာ ဇာတ်လမ်းတွဲခေတ် ရောက်လာတော့မယ်လို့ ပြောလို့ ရလား။
MO : ဇာတ်လမ်းတွဲ ဆိုတာက နေ့စဉ် တီဗီ ဖန်သားပြင်ကနေ ပရိသတ်တွေနဲ့ ထိတွေ့နေရတာ ဖြစ်တဲ့အတွက် အနုပညာရှင်တွေ အနေနဲ့ ရိုက်သင့်ပါတယ်။ အစ်ကိုတို့ကတော့ ကိုယ့်အရွယ်နဲ့ လုပ်ခွင့်ရမယ့် ဇာတ်မျိုး လာပြီး ကမ်းလှမ်းတဲ့အတွက် ရိုက်ဖြစ်တာပါ။ ကံ၏ အရှင်လို ဇာတ်လမ်းမျိုးဆိုရင် ရုပ်ရှင်မှာလည်း ရိုက်ပြဖို့ မဖြစ်နိုင်ဘူး။ ဗီဒီယိုမှာလည်း ရိုက်ဖို့ မဖြစ်နိုင်ဘူး။ ဇာတ်လမ်းတွဲ အနေနဲ့ ရိုက်ပြတဲ့ အခါမှာတော့ အချိန် ပေးနိုင်တဲ့အတွက် ကံ ကံ၏ အကျိုးကို ဘယ်လောက်အထိ ခံစားရတယ် ဆိုတာကို ပီပီပြင်ပြင် ပြလို့ရတယ်။ ဇာတ်ကောင် တစ်ကောင်ချင်းစီရဲ့ ကိုယ်ပြုခဲ့တဲ့ ကံ ကံ၏ အကျိုးကို ခံစားရတဲ့ဟာကို အသေးစိတ် ရိုက်ပြ ထားတာပါ။

Voice : ကိုမင်းဦးကို အရင်တစ်ခါ မေးခဲ့တုန်းက ပရိသတ်တွေ အစ်ကို့ကို ထူးထူးခြားခြား ပုံစံမျိုးနဲ့ မြင်ရမယ့် ကာရိုက်တာမျိုး ရိုက်ပြဖို့ ရှိတယ်လို့ ပြောဖူးတယ်နော်။ ဘယ်တော့လောက် ရိုက်ဖြစ်မလဲ။
MO : အဲ့ဒါကတော့ အစ်ကိုလည်း ပြောခဲ့ဖူးပါတယ်။ အခုချိန်အထိတော့ အကောင်အထည် မပေါ်လာသေးဘူး။ ဘယ်တော့လောက် ရိုက်ခွင့် ရမလဲတော့ မသိသေးဘူး။ ကိုယ့်ဆန္ဒအရတော့ ပရိသတ်တွေကို ထူးထူးခြားခြား ကာရိုက်တာလေး လုပ်ပြချင်တယ်။ ကိုယ့်ကို မြင်နေကျ ပုံစံမျိုးနဲ့ လုံးဝ ကွဲထွက်နေတဲ့ ပုံစံမျိုးပေါ့။ ဒါပေမဲ့လည်း အဲ့ဒီလို ရိုက်ပြခွင့် ရမယ့် အခွင့်အရေးက ကိုယ့်ဆီ ရောက်လာဖို့လည်း လိုအပ်ပါသေးတယ်။ အစ်ကိုတို့ရဲ့ လက်ရှိ အနေအထားမှာတော့ လုပ်ယူလို့ မရတဲ့ အခြေအနေ တစ်ခုဆိုတော့ ကိုယ့်ဆီ လာတာကိုပဲ စောင့်ရတာပေါ့။ အနုပညာသမား တစ်ယောက် အနေနဲ့ကတော့ ပရိသတ်တွေကို ထူးထူးခြားခြား ကာရိုက်တာမျိုးတွေ ရိုက်ပြခွင့် ရဖို့ အမြဲတမ်း ဆန္ဒ ရှိပါတယ်။

Voice : ချစ်သူနဲ့ကလည်း နိုဝင်ဘာလထဲမှာ လက်ထပ်တော့မယ်လို့လည်း ကြားတယ်။ အဲ့ဒီအကြောင်းလည်း ပရိသတ်တွေအတွက် ပြောပြပေးပါဦး။
MO : ဒါကတော့ အစ်ကိုတို့က သိပ်ပြီးတော့ ကြီးကြီးကျယ်ကျယ်လည်း လုပ်မှာ မဟုတ်ပါဘူး။ ရင်းနှီးတဲ့ သူငယ်ချင်း မိတ်ဆွေတွေ၊ စာနယ်ဇင်း သမားတွေကို အသိပေးရရင် တော်ပါပြီ။ ကိုယ့်အသက်အရွယ်အရ၊ ကိုယ့်ဆန္ဒအရ ဆိုရင်တော့ မင်္ဂလာပွဲကို သိပ်ပြီး ကြီးကြီးမားမားလည်း မလုပ်ချင်ပါဘူး။ မင်္ဂလာပွဲကိုလည်း ဒီနှစ်ထဲတော့ ကျင်းပနိုင်အောင် အစ်ကိုတို့ ကြိုးစားနေပါတယ်။ အစ်ကိုတို့ နှစ်ယောက်ရဲ့ ချစ်သူ သက်တမ်းကလည်း ဆယ်နှစ်ကျော်လောက် ရှိပြီဆိုတော့လေ။

Voice :  ချစ်သူသက်တမ်းကလည်း ဆယ်စုနှစ် တစ်ခုတောင် ရှိခဲ့တာဆိုတော့ ဒီအချိန်အထိ ဘယ်လို နားလည်မှု၊ ယုံကြည်မှုတွေနဲ့ ဖြတ်သန်းခဲ့ကြလဲ။
MO : အနုပညာသမား တစ်ယောက်ရဲ့ ချစ်သူရည်းစား တစ်ယောက် ဖြစ်ရတာက တော်တော်လေးလည်း ခက်ခဲပါတယ်။ ကျွန်တော်တို့ အနုပညာရှင်တွေကို၊ ကိုယ့်ရဲ့ချစ်သူ ရည်းစားတွေက အများကြီး နားလည်ပေးရတယ်။ ဇာတ်ကားတွေမှာ မင်းသမီးတွေနဲ့ တွဲပြီး ရိုက်ရတာတွေ ရှိတယ်လေ။ သူသာ မင်းသမီး တစ်ယောက် ဖြစ်လို့၊ မင်းသားတွေနဲ့ တွဲရိုက်ရရင်၊ ကိုယ်လည်း အပြင်လူ တစ်ယောက်ဆိုရင် တစ်ခုခုတော့ ခံစားရမှာပဲ။ ဒါပေမဲ့လည်း ချစ်သူ သက်တမ်း ကြာလာတော့ ကိုယ့်ကိုလည်း နားလည်သွားတယ်။ အလုပ်ရဲ့ သဘောကိုလည်း နားလည်သွားတယ်။ အနုပညာ လောကက လူတွေ အားလုံးနဲ့ ရင်းနှီးသွားတဲ့ အခါကျတော့ ကိုယ့်ကို ပိုပြီး နားလည်သွားတယ်။ အစပိုင်းမှာတော့ သူကိုယ့်အပေါ် နည်းနည်းလေး နားလည်ဖို့ ခက်တာပေါ့။ အစ်ကို ရိုက်တဲ့ ဇာတ်ကားတွေတောင် သူ မကြည့်ဘူး။

Voice : ဒီအသက်အရွယ်မှာ နုပျို ရွှင်လန်းနေတဲ့ လျှို့ဝှက်ချက်က အချစ်ကြောင့်ရော ပါမလား။
MO : အဲ့ဒါကတော့ အားလုံးပါပါတယ်။ အချစ်ရေး အဆင်ပြေတာကြောင့်လည်း ပါတာပေါ့။ အပြင်မှာလည်း ကိုယ်တို့ တွေ့နေတာပဲလေ။ ချစ်သူ ဘဝမှာထက် အိမ်ထောင်သည် ဘဝမှာ အဆင် မပြေရင် ပိုဆိုးကြတယ်။ လူမှာက စိတ်နဲ့ ခန္ဓာကိုယ် နှစ်ခုက အဓိကပဲလေ။ စိတ်က မရွှင်လန်းဘူးဆိုရင် ခန္ဓာကိုယ်ကလည်း ဘယ်လိုမှ နေလို့ ကောင်းမှာ မဟုတ်ဘူးလေ။ လူတစ်ယောက်မှာ စိတ်က အဓိကပါပဲ။ အဲ့ဒါကြောင့် ရောက်တဲ့နေရာမှာ လူတိုင်းနဲ့ အဆင်ပြေဆုံး နေနိုင်အောင်၊ အားလုံးကိုလည်း ခွင့်လွှတ်နိုင်အောင်၊ နားလည်နိုင်အောင် ကြိုးစား ရတယ်။ အဲ့ဒါဆိုရင်တော့ ကိုယ့်ဘဝက နေပျော်စရာ ကောင်းမှာပါ။

Voice : အစ်ကို့ကို အချစ်ရေးအကြောင်း မေးရင် အမြဲတမ်း ချင့်ချင့်ချိန်ချိန် ဖြေတယ်လေ။ အဲ့ဒါက ကိုယ့်ရဲ့ အိမ်ထောင်ရေးမှာ နောက်ထပ် အမှား တစ်ခု ထပ်မကြုံချင်တာကြောင့်လား။
MO : လူတွေ အားလုံးက အိမ်ထောင်ရေးမှာ ဘယ်သူမှ အမှား မဖြစ်ချင်ကြပါဘူး။ ဒါပေမဲ့လည်း ကံ ကံ၏ အကျိုးပေါ့ဗျာ။ ဟိုတုန်းက လုပ်ခဲ့တဲ့ ကောင်းတဲ့ ကံပဲဖြစ်ဖြစ်၊ မကောင်းတဲ့ ကံပဲဖြစ်ဖြစ် ဒီဘဝကြီးမှာ လာပြီး ခံစားရတယ်။ လူရယ်လို့ ဖြစ်လာရင် ဘယ်အရာမှာမှ အမှားဆိုတာ မဖြစ်ချင်ပါဘူး။ ကိုယ်လုပ်ခဲ့တဲ့ ကံ ကံ၏ အကျိုးကြောင့် မှားတာဆိုရင်လည်း ခံရမယ်၊ ကောင်းတာဆိုရင်လည်း စံရမယ်။ တစ်ခုခု အဆိုးနဲ့ ကြုံရရင်လည်း ငါ ဟိုတုန်းက လုပ်ခဲ့တဲ့ ကံတွေကြောင့် ဖြစ်လာခဲ့ပြီ။ ဒါကို ငါဘယ်လို ပြင်ဆင်မလဲ ဆိုတာကိုပဲ စဉ်းစားပါတယ်။ အခု ကိုယ့်ချစ်သူနဲ့ အိမ်ထောင်ပြုတော့မယ့် အချိန်မှာလည်း ကိုယ့်ဘက်ရော၊ သူ့ဘက်ပါ နှစ်ဖက်မျှပြီး စဉ်းစားပေးရတာပေါ့။ 

သန့်ဇင်ဦး


  • VIA