News

POST TYPE

RELAX

တစ်ကားဆို တစ်ကား ပရိသတ်ရင်ထဲမှာ ကျန်ခဲ့စေချင်တယ်ဆိုတဲ့ ပက်ထရစ်ရှာ
29-Aug-2016
ရန်ကုန်၊ သြဂုတ် ၂၉

ပရိသတ် အားပေးမှု ရလာတဲ့ သရုပ်ဆောင် ပက်ထရစ်ရှာက ကိုယ်ရိုက်ကူးတဲ့ ဇာတ်ကားတွေကို တစ်ကားဆို တစ်ကား ပရိသတ် ရင်ထဲမှာ ကျန်ခဲ့စေချင်ပါတယ်လို့ The Voice ကို ပြောကြားပါတယ်။

“ပရိသတ်နဲ့ အဆက် မပြတ်အောင် ဇာတ်ကားတွေ ဆက်တိုက် ရိုက်တာတော့ ကောင်းပါတယ်။ ဒါပေမဲ့ ကိုယ့်ဆီ လာသမျှ ဇာတ်တွေ ရိုက်ရင်းနဲ့ တစ်ခါတလေမှာ ကိုယ့်ရဲ့ အရည်အသွေး ကျသွားတတ်တယ်။ ညီမက အဲ့ဒီလို ဖြစ်မှာတော့ ကြောက်တယ်။ ကိုယ်ရိုက်တဲ့ ကားက တစ်ကားဆို တစ်ကား ပရိသတ် ရင်ထဲမှာ ကျန်ခဲ့စေချင်တယ်”လို့ ဇာတ်လမ်းတွေ ရွေးချယ် ရိုက်ကူးဖြစ်တဲ့အကြောင်းကို ၎င်းက ထပ်လောင်း ပြောဆိုပါတယ်။

အနုပညာ လောကကို စဝင်တဲ့ ကာလမှာ ခင်မင်မှုအရ အားနာပြီး ရိုက်ခဲ့ရတဲ့ ဇာတ်ကားတွေ ရှိပြီး၊ ယင်း ဇာတ်ကားတွေ ထွက်လာတဲ့ အချိန်မှာတော့ ကိုယ်တိုင် ပြန်ကြည့်ပြီး အားမလို အားမရ ဖြစ်ရတဲ့ အခါမျိုးတွေ ကြုံခဲ့ရကြောင်း သရုပ်ဆောင် ပက်ထရစ်ရှာက ပြောကြားပါတယ်။

“ပရိသတ်က ကိုယ့်ကို အားပေးရတာ တန်စေချင် တယ်။ တစ်ကားဆို တစ်ကား သူတို့ရင်ထဲမှာ ကျန်ခဲ့စေချင်တယ်။ အဲ့ဒါကြောင့် ထူးထူးဆန်းဆန်း ကားလေးတွေ ရိုက်ချင်တယ်။ အားနာပြီး ရိုက်ခဲ့တဲ့ ကားတွေ ထွက်လာရင် ပရိသတ် မပြောနဲ့၊ ကိုယ်တိုင်တောင် အလို မကျဘူး။ အဲ့ဒါကြောင့် အခုဆိုရင် ဇာတ်လမ်းတွေကို စိစစ်ပြီး ရိုက်တယ်”လို့ ၎င်းက ဆိုပါတယ်။

လတ်တလော အနုပညာ လှုပ်ရှားမှု အနေနဲ့ကတော့ သုဒြာရုပ်ရှင် ထုတ်လုပ်ရေးအတွက် သရုပ်ဆောင် လူမင်းက ဒါရိုက်တာအဖြစ် တာဝန်ယူ ရိုက်ကူးတဲ့ Reflection ရုပ်ရှင်မှာ ပါဝင် သရုပ်ဆောင်နေပြီး၊ ရိုက်ဖို့ ပြောထားတဲ့ ရုပ်ရှင်ကားတွေလည်း ရှိပါသေးတယ်လို့ ပက်ထရစ်ရှာက ပြောကြားပါတယ်။ 


  • VIA