News

POST TYPE

RELAX

ဖက်ရှင်လွှမ်းမိုးမှု အရှိဆုံးအဖြစ် ဒိုင်ယာနာ မင်းသမီးကို ရွေးချယ်
29-Aug-2016

မကြာသေးမီရက်ပိုင်းအတွင်း ပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုအရ ခေတ်အဆက်ဆက်က ဖက်ရှင်စတိုင်နဲ့ ပတ်သက်ပြီး လွှမ်းမိုးမှု အရှိဆုံး အမျိုးသမီးတွေကို အမှတ်ပေးရွေးချယ်ခဲ့တဲ့အခါ ကွယ်လွန်သူ ဒိုင်ယာနာ မင်းသမီးကို အားလုံးထဲမှာ အမှတ်အများဆုံး ပေးခဲ့ကြပါတယ်။

ဖက်ရှင်ဝန်ဆောင်မှုလုပ်ငန်း ဖြစ်တဲ့ Le Tote က အမေရိကန်နိုင်ငံမှာရှိတဲ့ လူအယောက် ၂၀၀၀ ကို ၁၉၁၀ နောက်ပိုင်းကစပြီး ဆယ်စုနှစ်တစ်ခုမှာ ဖက်ရှင်လွှမ်းမိုးမှု အရှိဆုံးသူ တစ်ယောက်စီ အမှတ်ပေး ရွေးချယ်စေခဲ့တာ ဖြစ်ပါတယ်။

ဒိုင်ယာနာ မင်းသမီးကိုတော့ ဆယ်စုနှစ်အလိုက် အမှတ်ပေး ရွေးချယ်ထားသူတွေ အားလုံးကို ကျော်ဖြတ်ပြီး အချိန်ကာလ အကန့်အသတ်မရှိ လွှမ်းမိုးနိုင်သူအဖြစ် ရွေးချယ်ခဲ့ကြပါတယ်။

အလားတူ ပြင်သစ် ဖက်ရှင်ဒီဇိုင်နာ ကိုကိုရှန်နယ်လ်ကို ၁၉၂၀ နောက်ပိုင်း ၁၉၆၀ အထိ ဆယ်စုနှစ်တွေမှာ လွှမ်းမိုးမှုအရှိဆုံးအဖြစ် သတ်မှတ်ခဲ့ကြပြီး ကွယ်လွန်သူ သမ္မတဟောင်းကတော် ဂျက်ကွာလင်း ကနေဒီ အိုနာစစ်ကို ၁၉၆၀ နောက်ပိုင်း တစ်လျှောက် လွှမ်းမိုးမှု အရှိဆုံးသူအဖြစ် ရွေးချယ်ခဲ့ကြပါတယ်။

ယနေ့ခေတ် ကာလမှာတော့ မြို့စားကတော် ကိတ်မစ်ဒယ်လ်တန်က ဘီယွန်းဆေး၊ ဗစ်တိုးရီးယား ဘက်ခမ်းနဲ့ ကာဒက်ရှန် ညီအစ်မတွေကို အမှတ်ပြတ်နဲ့ ဖြတ်ကျော်ပြီး ဖက်ရှင်လွှမ်းမိုးမှု အရှိဆုံးသူ ဖြစ်လာခဲ့ပါတယ်။

Ref: Daily Mail