News

POST TYPE

RELAX

မော်ဒယ်လ် လုလုအောင်နဲ့ တွေ့ဆုံခြင်း
29-Aug-2016

Facebook မှာ တင်ဖြစ်တဲ့ အလှဓာတ်ပုံတွေကြောင့် လက်ရှိမှာ ပရိသတ်တွေရဲ့ စိတ်ဝင်စားအားပေးမှုကို ရရှိနေတဲ့ မော်ဒယ်လ် လုလုအောင်နဲ့ တွေ့ဆုံပြီး၊ အလှဓာတ်ပုံတွေကို ပရိသတ်တွေက စိတ်ဝင်တစား ကြည့်ရှုအားပေးကြတဲ့အပေါ် ခံစားမှု၊ သူ့ရဲ့ မိသားစုဘဝ အကြောင်းနဲ့ မိခင်တစ်ယောက်ရဲ့ အားမာန်တွေ အကြောင်းကို The Voice က မေးမြန်းဖော်ပြထားပါတယ်။

Voice: လုလုကို မော်ဒယ်လ်တစ်ယောက် အနေနဲ့ စသိခဲ့တယ်။ အိမ်ထောင်ကျသွားပြီးတဲ့နောက် မော်ဒယ်လ် မလုပ်ဖြစ်တာ ဘယ်လောက်ကြာပြီလဲ။

LLA: ညီမ မော်ဒယ်လ် စလုပ်တာကတော့ ၂၀၀၄ ခုနှစ်လောက်က ထင်တယ်။ အဲ့ဒီတုန်းက ရန်ကုန်ကိုလာပြီး ပြိုင်ပွဲတွေဘာတွေ ပြိုင်ဖူးတယ်။ အဲ့ဒီအချိန်တုန်းက မဂ္ဂဇင်း မျက်နှာဖုံးတွေမှာ ပါတယ်။ ကြော်ငြာ Billboard တွေမှာ ပါခဲ့သေးတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ မော်ဒယ်လ်လောကကနေ ညီမ နားသွားတယ်။ လွန်ခဲ့တဲ့ သုံးနှစ်လောက်ကမှ ဓာတ်ပုံလေးတွေ နည်းနည်းပါးပါး ပြန်ရိုက်ဖြစ်တယ်။

Voice: လုလုရဲ့ လက်ရှိ မိသားစုဘဝ အကြောင်းကိုလည်း ပရိသတ်တွေ သိအောင် ပြောပြပေးပါဦး။

LLA: မိသားစုဘဝကတော့ အလုပ်အားတဲ့ အချိန်မှာ သမီးလေးကို အချိန်ပေးပြီး အတူတူ နေဖြစ်တယ်။ အမျိုးသားနဲ့ ကျွန်မနဲ့က တစ်ယောက်တစ်နေရာစီ ဝေးနေပေမယ့် ကလေးအတွက် ဆိုရင်တော့ အကောင်းဆုံးတွေ လုပ်ပေးဖို့ နှစ်ယောက်လုံးက အားကျိုးမာန်တက် ရှိကြတယ်။

Voice: လုလုရဲ့ အမျိုးသားနဲ့က လက်ရှိမှာ လမ်းခွဲထားကြတာလား။

LLA: ကျွန်မ အိမ်ထောင်ရေးတွေ၊ အချစ်ရေးတွေ သိပ်မဖြေချင်ဘူး။ တစ်ယောက်နဲ့ တစ်ယောက်က ဝေးနေကြပေမယ့် ကလေးအတွက် ဆိုရင်တော့ ကျွန်မတို့ နှစ်ယောက်လုံးက လုပ်ပေးစရာ ရှိတာ အကောင်းဆုံး လုပ်ပေးဖို့ အားတက်သရော ရှိကြပါတယ်။ ကျွန်မ အဲ့ဒီလောက်ပဲ ဖြေချင်သေးတယ်။

Voice: လုလုရဲ့ သမီးလေးက ပညာထူးချွန်တယ်လို့လည်း ကြားတယ်လေ။ သူ့ကို ဘယ်လိုပြုစုပျိုးထောင်ခဲ့ရလဲ။

LLA: ကျွန်မ သမီးလေးရဲ့ ပင်ကိုယ်ညဏ်ကိုက အရမ်း Active ဖြစ်ပြီး အရမ်းတော်တယ်လို့ ပြောရမယ်။ ကျွန်မက အမေတစ်ယောက် အနေနဲ့ သူ့ကို အရမ်းကြီး Train ပေးစရာ မလိုလောက်အောင်ကို သူကိုယ်တိုင်က စာဆိုလည်းတော်တယ်။ အရမ်းလည်း လိမ္မာတယ်။ အဲ့ဒီအတွက် ဘုရားကိုလည်း ကျေးဇူးတင်တယ်။ အရမ်းလည်း အံ့သြဖို့ ကောင်းပါတယ်။ မနက်ဆိုလည်း သူ့ဟာသူ အဝတ်အစားလဲ၊ ကျောင်းသွားဖို့ ပြင်ဆင်တယ်။ ကျွန်မ သူ့ကို အများကြီး ပြောပြစရာ မလိုပါဘူး။ သမီးလေးရဲ့ အသက်က အခုကိုးနှစ်ခွဲ ရှိပါပြီ။

Voice: လုလုရဲ့ Facebook Page မှာ ဓာတ်ပုံလေးတွေ တင်ဖြစ်တာက ဘယ်လိုကြောင့်ဖြစ်မလဲ။ ကိုယ့်ဓာတ်ပုံတွေကို ပရိသတ်တွေက နှစ်သက်သဘောကျတဲ့အပေါ် ဘယ်လိုခံစားရလဲ။

LLA: အဲ့ဒါကတော့ ကိုယ့်ရဲ့ အားလပ်ရက်မှာ စိတ်ပျော်ရွှင်မှုတစ်ခု ရအောင်ဆိုပြီး ဓာတ်ပုံတွေ ရိုက်ပြီး တင်ဖြစ်တာပါ။ အခုလိုမျိုး ပရိသတ်တွေက အားပေးကြမယ်လို့ ထင်လည်းမထင်ထားဘူး။ အဲ့ဒီလိုမျိုး ဖြစ်ချင်လို့ ဓာတ်ပုံတွေ ရိုက်တာလည်း မဟုတ်ဘူး။ ငယ်ငယ်တုန်းကလည်း ကိုယ်က မော်ဒယ်လ်အလုပ်ကို ဝါသနာ ပါခဲ့တယ်။ အဲ့ဒီတုန်းကတော့ မီဒီယာတွေက ဒီလောက်ခေတ်မစားသေးဘူး။ ကိုယ့်ရဲ့အားလပ်ချိန်မှာ စိတ်ပျော်ရွှင်မှုတစ်ခု အနေနဲ့ ရိုက်လိုက်တဲ့ ဓာတ်ပုံတွေကို ပရိသတ်တွေက အားပေးတဲ့အတွက် အရမ်းလည်း အံ့သြဝမ်းသာမိပါတယ်။

Voice: လက်ရှိအချိန်မှာ လုလုကို အနုပညာ အလုပ်တွေလုပ်ဖို့ လာကမ်းလှမ်းရင်ရော ပြန်လုပ်ဖို့ ဆန္ဒရှိလား။


LLA: လွန်ခဲ့တဲ့ နှစ်လ သုံးလလောက်က စပြီး ဓာတ်ပုံလေးတွေ ရိုက်ဖြစ်နေပါတယ်။ ကြော်ငြာလေးတွေ၊ ပြက္ခဒိန်လေးတွေ ရိုက်ဖြစ်နေတယ်။ အခုနောက်ပိုင်း ရိုက်ဖို့လာပြောကြတာတွေ တော်တော်များများရှိပါတယ်။ ကားရိုက်တွေဘာတွေ လာပြောရင်တော့ ညီမ မရိုက်ဖို့များတယ်။ အရင်တုန်းကလည်း ဇာတ်ကားတွေ ရိုက်ဖို့ ယုံကြည်မှု သိပ်မရှိတော့ မရိုက်ဖြစ်ခဲ့ဘူး။ ဒီတိုင်းပေါ့ပေါ့ပါးပါးပဲ ဓာတ်ပုံလေးရိုက်၊ ကြော်ငြာရိုက်တာလောက်ပဲ လုပ်ဖြစ်မယ်။

Voice: လူမှုကွန်ရက် Facebook မှာ အနုပညာရှင်တစ်ယောက်ရဲ့ ဓာတ်ပုံတွေ တင်လိုက်ရင် အကောင်းပြောတဲ့သူ ရှိသလို၊ အဆိုးမြင်တဲ့ဘက်က ပြောကြတာတွေလည်း ရှိတယ်နော်။ ဒီအပေါ်မှာရော ကိုယ့်ရဲ့ စိတ်က ဘယ်လိုလက်ခံနိုင်အောင် ကြိုးစားလဲ။

LLA: ဘာပဲပြောပြော အကောင်းနဲ့ အဆိုးက အမြဲတမ်း ဒွန်တွဲနေတာလေ။ ကိုယ့်ကို အကောင်းမြင်တဲ့ လူရှိသလို၊ မကောင်းမြင်တဲ့သူလည်း ရှိတာပဲလေ။ ဒီအပေါ်မှာ ကျွန်မအနေနဲ့ ဘာမှပြောစရာတော့ မရှိပါဘူး။ ကိုယ့်ရဲ့အနာဂတ်မှာ အကောင်းဆုံးတွေ လုပ်သွားဖို့ပဲ စိတ်ထဲမှာ ထည့်ထားပါတယ်။

Voice: ကိုယ့်ရဲ့ ဓာတ်ပုံတွေအောက်မှာ လာရေးကြတဲ့ Comment တွေကိုရော ဖတ်ဖြစ်လား။

LLA: ကျွန်မ အချိန်အားရင်တော့ ဖတ်ဖြစ်ပါတယ်။ ဒါပေမဲ့ Comment လာရေးတဲ့သူတွေက အရမ်းများတော့ အကုန်တော့ မဖတ်နိုင်ဘူး။ ဒါတွေက သူတို့အမြင်နဲ့ သူတို့ လာရေးကြတာတွေလေ။ Comment တွေထဲမှာ ကိုယ်သဘောကျတဲ့ ဟာလေးတွေ တွေ့ရင်လည်း ရယ်မိတယ်။ ဆိုးဆိုးဝါးဝါး ပြောတဲ့ စကားတွေတွေ့ရင်လည်း ညီမစိတ်ထဲမှာ ဘယ်လိုမှ မခံစားရပါဘူး။ လူတိုင်းက သူတို့စိတ်ထဲမှာ ထင်မြင်သလိုပြောခွင့်ရှိတယ်လေ။

Voice: ပရိသတ်တော်တော်များများက လုလုရဲ့ ကိုယ်ခန္ဓာအချိုးအစားကို သဘောကျကြတယ်။ ကိုယ့်ရဲ့ Body ကို ဘယ်လိုထိန်းဖြစ်လဲ။

LLA: ညီမက မော်ဒယ်လ် လုပ်ကတည်းက အချိန်အားရရင် ကစားဖြစ်တယ်။ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပြီးသွားရင် လူကနေလို့ ထိုင်လို့ကောင်းတယ်လေ။ အဲ့ဒါကြောင့် ကစားဖြစ်တယ်။ နောက်ပိုင်းကျတော့ ပြင်းပြင်းထန်ထန်ကြီးတော့ မဟုတ်ဘူး။ ပုံမှန်လေးတော့ ကစားဖြစ်တယ်။ အစားအသောက်ကတော့ ကိုယ်ဗိုက်ဆာတဲ့ အချိန်မှာ အဝစားတာ များတယ်။ ညသန်းခေါင်တွေ ဗိုက်အရမ်းဆာရင် ထစားတာတော့ မရှိဘူးပေါ့။

Voice: Single Mother တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ ဘဝကို ရပ်တည်ရှင်သန်နိုင်အောင် လုလု ဘယ်လိုကြိုးစားရလဲ။

LLA: မိန်းကလေးတွေက အပျိုအရွယ်မှာဆိုရင် စိတ်ပိုင်းဆိုင်ရာမှာ အားနည်းနိုင်ပေမယ့် ကလေးတစ်ယောက် မိခင်ဖြစ်သွားတဲ့ အချိန်မှာ ပိုပြီးရဲရင့်လာတယ်။ ဥပမာပြောရရင် အရင်တုန်းက ကြောင်ကလေးလို ဖြစ်ပေမယ့် မိခင်ဘဝ ရောက်သွားတဲ့ အချိန်မှာ ကျားလိုဖြစ်သွားတယ်။ ကိုယ့်သားသမီးကို ကာကွယ်ပေးချင်တဲ့ စိတ်တွေလည်း ရှိလာတယ်။ အလိုလို သတ္တိတွေလည်း ရှိလာတယ်။ စိတ်ဓာတ်က ပိုကြံ့ခိုင်လာတယ်။ ဒီလိုစိတ်ဓာတ်မျိုးက မိခင်တိုင်းမှာ ရှိမယ်လို့ ကျွန်မ ယုံကြည်ပါတယ်။

ဓာတ်ပုံ - Lulu Aung (Facebook)



ABOUT AUTHOR

(သန့်ဇင်ဦး)