News

POST TYPE

RELAX

စဉ်းစားစရာ ကိုယ်ပိုင်စီးပွားရေး အိုင်ဒီယာ
29-Aug-2016

ဖုန်းဆိုင်တစ်ဆိုင်ဖွင့်ဖို့ စဉ်းစားနေရင်

ကိုယ်ပိုင်လုပ်ငန်း တစ်ခုစချင်လို့ စုထားတဲ့ ပိုက်ဆံတွေနဲ့ ဖုန်းဆိုင်တစ်ဆိုင်ဖွင့်ဖို့ စဉ်းစားမယ်ဆိုရင် ဘယ်က စလုပ်ရမလဲ၊ ဆိုင်မှာ ဘာပစ္စည်းတွေ တင်မလဲ၊ အဲ့ဒီပစ္စည်းတွေကို ဘယ်မှာ ဝယ်ကြမလဲ၊ အရင်းအနှီး ဘယ်လောက်ဆို ရနိုင်မလဲ စတဲ့ သိဖို့လိုအပ်နေတဲ့ အကြောင်းအရာတွေက အများကြီး ရှိနေမှာပါ။ ဒါတွေထဲကမှ အခြေခံအကျဆုံး အချက်တချို့ကို စုစည်းဖော်ပြလိုက်ပါတယ်။

အရေးအကြီးဆုံးက ဘာလဲ

နေရာပါ။
ဘယ်နေရာမှာ ဆိုင်ဖွင့်မယ်ဆိုတာကို အရင်ဆုံး စဉ်းစားရမှာပါ။
မြို့ထဲတို့ လှည်တန်းတို့လို အချက်အချာနေရာတွေမှာ ဖွင့်မှာလား၊ မြောက်ဥက္ကလာတို့၊ သင်္ဃန်းကျွန်းတို့လိုက် ကိုယ့်မြို့နယ်နဲ့ကိုယ် လူစည်တဲ့နေရာတွေမှာ ဖွင့်မှာလား ဆိုတာကို စဉ်းစားပြီးမှ နောက်တစ်ဆင့်ကို စဉ်းစားရမှာပါ။

လူစည်ကားတဲ့ နေရာမှာ နေရာကျဉ်းကျဉ်းလေး ရတာဟာ လူမစည်တဲ့ နေရာမှာ နေရာအကျယ်ကြီးရတာထက် ပိုပြီး အဆင်ပြေနိုင်တယ်လို့ လက်ရှိဆိုင်ဖွင့်ထားတဲ့ သူတွေက အကြံပြုကြပါတယ်။

ဘယ်လိုအမျိုးအစားတွေ တင်မှာလဲ

နေရာကိုရွေးပြီးပြီ ဆိုရင်တော့ ဘယ်လိုအမျိုးအစားတွေ ရောင်းချမှာလဲဆိုတာ ဆုံးဖြတ်ရတော့မှာပါ။
ကိုယ်ရွေးထားတဲ့ နေရာက လှည်းတန်းလို၊ မြို့ထဲလို လူမျိုးစုံ သွားလာလှုပ်ရှားနေတဲ့ နေရာတွေမျိုး ဆိုရင်တော့ ဈေးနှုန်းအနိမ့်ကနေ အမြင့်တွေအထိ တံဆိပ်အမျိုးမျိုးကို ကိုယ့်ဆိုင်မှာ တင်ပြရောင်းချနိုင်ဖို့ လိုပါတယ်။

ဒါပေမဲ့ ကိုယ်ရွေးချယ်ထားတဲ့နေရာက လူတော့စည်ပါရဲ့၊ လူမျိုးစုံ သွားလာလှုပ်ရှားနေတာ မဟုတ်ဘူး ဆိုရင်တော့ ဈေးသိပ်မကြီးတဲ့ အလယ်အလတ်တန်း ဖုန်းတွေလောက်ပဲ ဆိုင်မှာ ခပ်များများ တင်ထားတာက ပိုသင့်လျော်ပါတယ်။

အရင်းအနှီး ဘယ်လောက်လိုသလဲ

ကိုယ်ဘယ်လောက်ရင်းနိုင်မလဲ၊ ကိုယ်ဘယ်လောက်ရင်းမလဲဆိုတဲ့ပေါ် မူတည်ပါတယ်။
ကျပ်သိန်း နှစ်ရာကနေ ၃၅၀ ဝန်းကျင်လောက် ရင်းနိုင်မယ် ဆိုရင်တော့ ပစ္စည်းစုံလင်တဲ့ ဖုန်းဆိုင်တစ်ဆိုင်ဖွင့်ဖို့အတွက် လုံလုံလောက်လောက် ရှိပါတယ်။

ဒီအရင်းအနှီးငွေထဲမှာ ဆိုင်ခန်းငှားရမ်းခတော့ ထည့်မတွက်ထားပါဘူး။ ဆိုင်ခန်းငှားရမ်းခတွေက တစ်နေရာနဲ့ တစ်နေရာ မတူနိုင်ဘဲ မြို့ထဲလို၊ လှည်းတန်းလို နေရာမျိုးမှာ ဆိုရင်တော့ ဆိုင်ခန်းငှားရမ်းခတွေက အလွန်အမင်း ကျသင့်နိုင်ပါတယ်။

တကယ်လို့ သင်္ဃန်းကျွန်း၊ စံပြဈေးလို နေရာမှာ ဆိုရင်တော့ ၁၀ ပေပတ်လည်ကို လေးသိန်းလောက် ကျသင့်မှာပါ။

ဒီကုန်ကျစရိတ်ထဲမှာ ဆိုင်ခန်းငှားရမ်းခ ထည့်မတွက်ထားပေမယ့် ဆိုင်ခန်းအပြင်အဆင်အတွက် ကုန်ကျစရိတ်တွေကိုတော့ ထည့်တွက်ထားတယ်လို့ လက်ရှိ ဆိုင်ဖွင့်ရောင်းချနေသူက ဆိုပါတယ်။

ဆိုင်အပြင်အဆင်

ဆိုင်ခန်းအပြင်အဆင်ကလည်း ကိုယ်ရွေးချယ်ထားတဲ့ နေရာနဲ့ ကိုယ်ရောင်းချမယ့် အမျိုးအစားပေါ် မူတည်ပြီး ပြင်ဆင်သွားသင့်ပါတယ်။

ကိုယ်က တန်ဖိုးမြင့်ဖုန်းတွေ ရောင်းချမယ်ဆိုရင်တော့ ကိုယ့်ရဲ့ဆိုင်ကို ခမ်းခမ်းနားနား ဖြစ်အောင် မှန်တံခါး၊ လေအေးပေးစက် အစရှိတာတွေနဲ့ ပြင်ဆင်သင့်ပါတယ်။

တကယ်လို့ ကိုယ်က လူလတ်တန်းစားနဲ့ အောက်ခြေလူတန်းစားအတွက် ရည်ရွယ်ပြီး ဖွင့်မယ်ဆိုရင်တော့ သူတို့တွေကို အတားအဆီးဖြစ်စေတဲ့အတွက် အဲ့ဒီလို အပြင်အဆင်မျိုးကို ရှောင်သင့်ပါတယ်လို့ လက်ရှိဆိုင်ဖွင့်နေသူတွေက အကြံပြုထားပါတယ်။

ကိုယ်က ဘယ်လိုဝယ်သူမျိုးကို ပစ်မှတ်ထားလဲဆိုတာပေါ် မူတည်ပြီး ဆိုင်ကို ပြင်ဆင့်သင့်ပါတယ်။

ဘယ်လိုဝယ်ယူကြမလဲ

အထက်ကပြောတဲ့ အချက်တေ ွအားလုံးပြင်ဆင်ပြီးရင်တော့ ကိုယ့်ဆိုင်မှာ ရောင်းချမယ့် ပစ္စည်းတွေကို ဘယ်ကရှာဝယ်ရမှာလဲ ဆိုတဲ့ မေးခွန်းကို စဉ်းစားရမှာပါ။

တကယ်တော့ အဲ့ဒီအဖြေက အလွန်လွယ်ကူပါတယ်။

ဖုန်းကုမ္ပဏီတွေနဲ့ ချိတ်ဆက်လုပ်ဆောင်ရမှာပါ။

အရင်ကတော့ နယ်စပ်ကနေ တစ်ဆင့် တင်သွင်းတာမျိုး ရှိကြပါတယ်။ ဒါပေမဲ့ ခုအခါမှာတော့ နယ်စပ်ကတစ်ဆင့် တင်သွင်းဖို့ မလွယ်ကူတော့တဲ့အပြင် ဈေးနှုန်းကလည်း ထောင်ဂဏန်းလောက်ပဲ ကွာတော့တာမို့ ကုမ္ပဏီတွေကပဲ တိုက်ရိုက်ဝယ်ယူကြပါတယ်။

တချို့ကုမ္ပဏီတွေက ပစ္စည်းလာချတာနဲ့ ပိုက်ဆံတစ်ခါတည်း ရှင်းရပေမယ့် တချို့ကုမ္ပဏီတွေကတော့ ရက်အနည်းငယ်လောက်ခြားပြီး ပိုက်ဆံလာကောက်တာမျိုးလည်း ရှိပါတယ်။ ဒါကြောင့် ဖုန်းအမျိုးအစား အတော်များများကို ဖုန်းကုမ္ပဏီတွေရဲ့ လိပ်စာတွေနဲ့၊ ဖုန်းနံပါတ်တွေကို အွန်လိုင်းမှာ ရှာဖွေပြီး အလွယ်တကူ ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

အပိုပစ္စည်းတွေ

ဖုန်းဆိုင်ဖြစ်တဲ့အတွက် ငွေဖြည့်ကတ်တွေလည်း တင်ဖို့လိုအပ်မှာပါ။ ငွေဖြည့်ကတ်တွေကိုလည်း ကုမ္ပဏီကနေ တစ်ဆင့် ဝယ်ယူလို့ရတဲ့အပြင် တဆင့်ဖြန့်တဲ့ ဆိုင်တွေမှာလည်း ဝယ်ယူလို့ ရပါတယ်။

ကုမ္ပဏီမှာ ဝယ်မယ်ဆိုရင်တော့ ပြန်ရတဲ့ အမြတ်ရာခိုင်နှုန်းက များပေမယ့် ဝယ်ယူရတဲ့ ပမာဏကလည်း များပြီး တစ်ဆင့်ခံဖြန့်တဲ့ ဆိုင်တွေကတော့ ရာခိုင်နှုန်းနည်းပေမယ့် ကိုယ်အဆင်ပြေသလောက်သာ ဝယ်ယူနိုင်ပါတယ်။

ငွေဖြည့်ကတ်အပြင် ဖုန်းကာဗာ၊ မှန်ကပ်၊ နားကြပ်၊ အားသွင်းကြိုး အစရှိတဲ့ ဖုန်းအပိုပစ္စည်းတွေ တင်ဖို့စဉ်းစားထားတယ် ဆိုရင်တော့ အဲ့ဒီပစ္စည်းတွေကို ယုဇနပလာဇာမှာ ဝယ်ယူလို့ ရပါတယ်။

ဈေးနှုန်းဘယ်လိုသတ်မှတ်မလဲ

ဖုန်းအမှတ်တံဆိပ် အချို့ကတော့ ကုမ္ပဏီတွေက သတ်မှတ်ပေးတဲ့ ဈေးအတိုင်း လိုက်ရောင်းရပါတယ်။ ဖုန်းကုမ္ပဏီနဲ့ စာချုပ်ချုပ်တဲ့အထဲမှာ သတ်မှတ်ထားတဲ့ ဈေးနှုန်းနဲ့ပဲ ရောင်းရမယ်ဆိုတဲ့ အချက်ပါရှိပြီး ဈေးနှုန်းပြင်ဆင်ပြီး ရောင်းချလို့ မရဘူးလို့ လက်ရှိ ဖုန်းရောင်းဝယ်ရေး လုပ်ကိုင်နေသူတစ်ဦးက ဆိုပါတယ်။

တကယ်လို့ ဈေးနှုန်းမသတ်မှတ်ပေးထားဘူး ဆိုရင်တော့ အရောင်းပြခန်းတွေမှာ ရောင်းတဲ့ဈေးနှုန်းထက် နည်းနည်းလျှော့ရောင်းသင့်ပါတယ်။ ဈေးပိုမြင့်နေတယ် ဆိုတာကတော့ မဖြစ်သင့်ပါဘူး။

အရောင်းပြခန်းနဲ့ ဈေးတူတယ် ဆိုရင်တော့ သူသူကိုယ်ကိုယ် အရောင်းပြခန်းမှာပဲ သွားဝယ်ကြမှာပါ။

ဒီတော့ ကိုယ်က ဘယ်ဖုန်းဝယ်ရင် ဘယ်ပစ္စည်းတွေ လက်ဆောင်ပေးမယ် ဆိုတာမျိုးတော့ လုပ်လို့ရပါတယ်။

ဝန်ထမ်းအရေအတွက်

ခုမှဆိုင်စဖွင့်မှာ ဆိုပေမယ့် အရောင်းဝန်ထမ်းတော့ ခန့်ရမှာပါ။ ခန့်မယ်ဆိုရင်လည်း ဆိုင်အနေအထားပေါ် မူတည်ပြီး အနည်းဆုံး နှစ်ယောက်လောက်တော့ ခန့်ရမှာပါ။

ကိုယ့်ဆိုင်မှာ ဖုန်းဆားဗစ် လက်မခံသေးဘူး ဆိုရင်တောင်မှ နည်းပညာ ကျွမ်းကျင်တဲ့ ဝန်ထမ်းတစ်ယောက်ကတော့ လိုအပ်ပါတယ်။

ဒါ့အပြင် ကိုယ်တိုင်ဖုန်းအကြောင်း နားလည်အောင် ကြိုးစားတာမျိုးပဲဖြစ်ဖြစ်၊ ဖုန်းအကြောင်း နားလည်တဲ့ လူတစ်ယောက်ယောက်ကို ဆိုင်ကို ကြီးကြပ်စေဖို့ ခန့်တာမျိုးပဲ ဖြစ်ဖြစ်လည်း လုပ်သင့်တယ်လို့ လက်ရှိ ဖုန်းဆိုင်ဖွင့်ထားသူတွေက ဆိုပါတယ်။

ဆိုင်ရဲ့ လုံခြုံရေး

တန်ဖိုးသင့်ရောင်းတာပဲဖြစ်ဖြစ်၊ တန်ဖိုးကြီးဖုန်းတွေ ရောင်းတာပဲဖြစ်ဖြစ် ဆိုင်ရဲ့ လုံခြုံရေးကလည်း အရေးကြီးပါသေးတယ်။

ပိုက်ဆံချွေတာချင်တယ် ဆိုရင်တော့ ဆိုင်ကို စတင်ပြင်ဆင်ကတည်းက တခြားအပြင်အဆင်ပိုင်းကို နည်းနည်းလျှော့သုံးပြီး လုံခြုံရေးပိုင်းကို ပိုတိုးပြီး သုံးလိုက်တာမျိုးလည်း လုပ်နိုင်ပါတယ်။

ဒါမှမဟုတ် ညဘက်ဆိုင်လုံခြုံရေးအတွက် လုံခြုံရေးဝန်ထမ်း တစ်ယောက်လောက်တော့ ခန့်ထားသင့်ပါတယ်။

ဆိုင်မှာ နယ်ကအရောင်းဝန်ထမ်းတွေခန့်ပြီး သူတို့ကို ဆိုင်မှာအိပ်ဖို့ နေရာပေးလိုက်တာကလည်း ဝန်ထမ်းလည်း အဆင်ပြေ၊ ဆိုင်မှာလည်း လူစောင့်ရနိုင်တဲ့ နည်းလမ်းတစ်ခုပါ။

တစ်ယောက်တည်း ခန့်တာထက် နှစ်ယောက်သုံးယောက်ခန့်တာက ပိုပြီးအဆင်ပြေစေတယ်လို့ လက်ရှိ ဆိုင်ဖွင့်ထားသူတွေက ဆိုပါတယ်။

ဆိုင်လူသိများအောင် ဘာလုပ်မလဲ

Mouth to Mouth လို့ပြောရမယ့် တဆင့်စကား တဆင့်နားနဲ့ နာမည်ကောင်း တည်ဆောက်တာထက် ပိုကောင်းတဲ့ ကြော်ငြာနည်းလမ်းမျိုး မရှိသေးဘူးလို့ ဆိုင်ဖွင့်ထားသူတွေက ဆိုပါတယ်။

ကိုယ့်ဆိုင်ရဲ့ ဝန်ဆောင်မှုကို အဓိက ထားသင့်ပါတယ်။ ပစ္စည်းအကြောင်း၊ ဆိုင်ကနေ ပေးမယ့် ဝန်ဆောင်မှုတွေအကြောင်း၊ လက်ဆောင်တွေအကြောင်း သေချာရှင်းပြတာမျိုး ပြုလုပ်သင့်ပါတယ်။

ဒီနည်းလမ်းက ချက်ချင်းတော့ မသိသာပေမယ့် တဖြည်းဖြည်းနဲ့တော့ လူတွေ လက်ခံလာပြီး နောက်ဖုန်းဝယ်ဖို့လိုရင် ကိုယ့်ဆိုင်ကို သတိတရဖြစ်တာမျိုးတို့ ဖြစ်လာနိုင်တယ်လို့ ဆိုင်ဖွင့်ထားသူတွေက ဆိုပါတယ်။

(အထက်ပါ ဆောင်းပါးအတွက် လိုအပ်တဲ့ အချက်အလက်တွေကို သင်္ဃန်းကျွန်း၊ စံပြဈေးအနီးရှိ S Mobile မှ ကူညီဖြေကြားထားပေးပါတယ်။)