News

POST TYPE

RELAX

ဒေါ်အောင်ဆန်းစုကြည်ပန်းခြံသို့ ခရီးသွားခြင်း
12-Jul-2016
အော်စလိုမှ ဖရိုးလန်းသို့

နိုဘယ်လ်ငြိမ်းချမ်းဆုရှင်၊ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုဖွင့်လှစ်မယ့် အောင်ဆန်းစုကြည်ပန်းခြံ (Aung San Suu Kyi Park) လွှဲအပ်ပွဲ အခမ်းအနား မေလ ၁၄ ရက်နေ့မှာ ကျင်းပဖို့ ရှိတယ်။ ကျင်းပမယ့် နေရာက ဖရိုလန်း (Froland) မြို့မှာ ဖြစ်တယ်လို့ သတင်းတစ်ပုဒ်ကို Facebook မှာ တွေ့လိုက်ရတော့ ဝမ်းသာအားရနဲ့ ချက်ချင်း Share လိုက်ပါတယ်။ ဒီမိုကရေစီအရေး စိတ်ဝင်စားသူအားလုံး သွားသင့်တယ်၊ ကျွန်တော်ကိုယ်တိုင်လည်း သွားမယ်ဆိုပြီး တစ်ခါတည်း ရေးထည့်လိုက်ပါတယ်။

အဲဒါ ပွဲမစခင် သီတင်းတစ်ပတ်လောက် အလိုကပါ။ ပွဲစဖို့ ၃ ရက်လောက် အလိုမှာ ဘယ်သူတွေ သွားကြမလဲ၊ ဖရိုလန်းက ဘယ်နားလဲဆိုပြီး မိတ်ဆွေတွေကို လိုက်မေးကြည့်တော့ အော်စလိုကနေ ရထားနဲ့ ၅ နာရီနီးပါး သွားရတယ်၊ ခရီးစရိတ်လည်း ကြီးတယ်။ ဒီတော့ လွှဲအပ်ပွဲကို မသွားဘဲ ဖွင့်ပွဲကျင်းပမယ့် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဇွန်လ ၁၉ ရက်မှ သွားကြမယ်ဆိုပြီး အော်စလိုမြို့ ဝန်းကျင်ရှိ မိတ်ဆွေအတော်များများက သဘောထား ပေးကြပါတယ်။

အဲဒါမှ ဒုက္ခ။ ကိုယ်က အဲလောက်ဝေးမှန်းမသိ။ နေ့ချင်းပြန် ခရီးလောက်ပဲထင်ပြီး ကိုယ်တိုင်သွားမယ်လို့ Facebook ပေါ်မှာ ကတိပေးထားပြီးပြီ။ ဒီတော့ ဘယ်လောက်ဝေးဝေး သွားမှဖြစ်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ကံကောင်းချင်တော့ ကိုယ့်လိုပဲ အဲဒီပွဲကို ဖြစ်အောင်သွားမယ်ဆိုတဲ့ မိတ်ဆွေတစ်ဦးနဲ့ ချိတ်မိပါတယ်။

ခရီးစဉ်ကို အင်တာနက်မှာ ရှာကြည့်တော့ ဘတ်စ်ကားနဲ့ဆို ခရိုနာ ၈၀၀ ကျော်၊ ဖရိုးလန်းမြို့ဆီ တစ်ခါတည်း တန်းရောက်မယ်။ ရထားနဲ့ဆို ၆၀၀ ဝန်းကျင်၊ ဒါပေမဲ့ ဘူတာနှစ်ဆင့် ပြောင်းရမယ်တဲ့။ အသွားအပြန်ဆို ၁၂၀၀။ တက္ကစီခပါ ပေါင်းလိုက်ရင် ၁၅၀၀ ထားပါတော့။ ဒေါ်လာ ၂၀၀ ရှိနေပြီ။ တစ်နည်းအားဖြင့် မြန်မာနိုင်ငံ ခရီးစဉ်ရဲ့ လေးပုံတစ်ပုံလောက် ရှိနေပြီ။ ဒါကြောင့် နော်ဝေမှာ ပြည်တွင်းခရီးစရိတ်က ပြည်ပခရီးစရိတ်ထက် ပိုကြီးတယ်ဆိုပြီး ပြောနေကြတာ ဖြစ်မယ်။

၁၄ ရက်နေ့ မနက် ၇ နာရီလောက်မှာ အော်စလို ဘူတာကြီးဆီ ကျွန်တော်တို့ ရောက်လာတော့ မြို့တော်အဝင် ရထားလမ်းတွေ အားလုံး မွမ်းမံပြင်ဆင်မှု လုပ်နေတဲ့အတွက် Stavanger, Kristiansand ဘက် သွားမယ့်သူ အားလုံး (ဖရိုးလန်းကို သွားမယ်ဆိုရင် အဲဒီမြို့ကြီးတွေဆီ ဦးတည်တဲ့ ရထားကို စီးရပါတယ်) ဒရာမင်အထိ ဘတ်စ်နဲ့ သွားရမယ်တဲ့။ ဒါပေမဲ့ ကိစ္စမရှိ၊ Buss for Tog (ရထားအတွက် ဘတ်စ်ကား) လို့ ရေးထားတဲ့ ကားတွေပေါ်တက်လိုက်ရုံ။

ရထားက Comfort တန်းဆိုတော့ စာရေးစားပွဲ ပါတဲ့အပြင် လျှပ်စစ်မီးပေါက်၊ အင်တာနက်၊ သတင်းစာ၊ ကော်ဖီ အားလုံး Gratis (အခမဲ့) ရပါတယ်။ ကော်ဖီတစ်ခွက် အမြန်ယူသောက်ပြီး ကွန်ပျူတာဖွင့်၊ Facebook ကိုချိတ်၊ ကားတစ်ဆင့်စီးရတဲ့အတွက် မိနစ် ၃၀ ခန့် နောက်ကျမယ့်အကြောင်း ဖရိုးလန်းက စောင့်နေသူတွေဆီ သတင်းပို့ရပါတယ်။

ဥရောပမှာ နော်ဝေလောက်တောင် ပေါတာ နော်ဝေပဲ ရှိမယ်ထင်ပါတယ်။ ရထားပေါ်ကနေ မြင်ရသမျှ ဘေးပတ်လည်မှာ တောင်တန်းတွေချည်း၊ တချို့တောင်တွေပေါ်မှာ နှင်းခဲဖြူဖြူတွေ ကျန်နေဆဲ။ ထင်းရှူးတောတွေက စိမ်းစိမ်းစိုစို၊ ကျောက်ဆောင်တွေကြားက တောင်ပေါ်ရေအိုင်တွေကလည်း အေးမြမြ။ ကံကောင်းထောက်မစွာနဲ့ ဒီနေ့ ရာသီဥတုက အတော်သာယာနေပါတယ်။

“မြန်မာနိုင်ငံမှာတော့ ဒီလိုမျိုးမြင်ကွင်း မရှိတော့ဘူးဗျ” ဆိုပြီး ကျွန်တော့်မိတ်ဆွေက ပြောပါတယ်။ ဟုတ်ပါတယ်။ ကျွန်တော်ရဲ့ ပြည်တော်ပြန် ခရီးစဉ်အတွင်း တောင်ပိုင်း ထားဝယ်ကနေ မြောက်ပိုင်း ရှမ်းပြည်နယ် လင်းခေးအထိ ဘတ်စ်ကားနဲ့ ခရီးသွားဖူးပါတယ်။ အဲဒီလမ်းတစ်လျှောက်မှာ ဒီလိုသစ်တောတွေ မရှိတော့ပါ။ လမ်းဘေးတစ်ဖက် ၅ မိုင်စီကို လမ်းလုပ်တဲ့ ကုမ္ပဏီဆီ ခုတ်ခွင့်ပေးရတယ် ဆိုလား၊ ထူးကုမ္ပဏီက ကန်ထရိုက်ယူထားတယ် ဆိုလား။ သေချာတာကတော့ လမ်းဘေးဝဲ-ယာမှာ ဒီလိုသစ်ပင်ကြီးတွေ၊ တောအုပ်တွေ မရှိတော့ပါ။

ရန်ကုန်-နေပြည်တော် အဝေးပြေး လမ်းဘေးမှာတော့ ရေအိုင်တချို့ တွေ့ရပါတယ်။ ဒါပေမဲ့ ဒီလိုကျောက်ဆောင်တွေကြားမှာ သဘာဝအတိုင်း လှပနေတဲ့ ရေကန်တွေ မဟုတ်။ အဝေးပြးကားလမ်းအတွက် လိုအပ်တဲ့ မြေကျင်းတူးရာကနေ လယ်ကွက်တွေ၊ ခြံမြေတွေ ပျက်စီးပြီး ချိုင့်ခွက်ဖြစ်နေတဲ့ နေရာမှာ ရေအိုင်နေခြင်းသာ ဖြစ်ပါတယ်။

မြန်မာရထားလမ်းတွေက ကားလမ်းထက်တောင် ပိုဆိုးပါသေးတယ်။ ၁၉၉၀ ပြည့်လွန်နှစ်တွေက အသက်သွေးချွေး များစွာမြှုပ်နှံပြီး လုပ်အားပေးတွေနဲ့ အတင်းအဓမ္မ ဖောက်ခိုင်းခဲ့တဲ့ ရေး-ထားဝယ် ရထားလမ်းဆိုရင် အခုဘယ်သူမှ မသုံးဘဲ အလကား ပစ်ထားသလိုတောင် ဖြစ်နေပါပြီ။ အလားတူ ပစ်ထားတဲ့ ရထားလမ်းတွေကို ရှမ်းပြည်နယ်ဘက်မှာလည်း တွေ့ခဲ့ရပါတယ်။

“ကြက်ဆူပင် စီမံကိန်းလိုပေါ့ဗျာ။ ပွဲပြီးမီးသေပေါ့။ တာဝန်ယူမှု၊ တာဝန်ခံမှု ဘာရှိလို့လဲ” ဆိုပြီး ကျွန်တော့်မိတ်ဆွေက အရင်စစ်အစိုးရဟောင်းကို ဝေဖန်ပါတယ်။ အခုအစိုးရသစ် လက်ထက်မှာတော့ ဂျပန်အပါအဝင် နိုင်ငံတကာ အကူအညီနဲ့ ရထားလမ်း၊ ကားလမ်းတွေကို စံချိန်မီ ပြန်ပြင်နိုင်ဖို့ ကြိုးစားနေကြောင်း သတင်းတွေ ကြားနေရပါတယ်။ ဘယ်တော့ လက်တွေ့ဖြစ်လာမယ်မှန်းတော့ မသိသေးပါ။

အင်း... ကျွန်တော်တို့ ပြဿနာက အဲဒါပါပဲ။ နော်ဝေရထားစီးရင်းနဲ့ ဘယ်လိုကနေ ဘယ်လို မြန်မာနိုင်ငံဆီ ရောက်သွားမှန်းမသိ။ အချိန်တွေ ဘယ်လိုကုန်သွားမှန်း မသိ။ ရထားတစ်ဆင့် ပြောင်းရမယ့် Nelaug ဘူတာဆီ ရောက်ပြီဆိုပြီး ရထားတံခါဝဝမှာ သတိပေးစာတန်း ပေါ်လာမှာ ကွန်ပျူတာကို အမြန်ပိတ်၊ ခရီးဆောင်အိတ်ကို ကတိုက်ကရိုက်ဆွဲပြီး ရထားပေါ်က ပြေးဆင်းခဲ့ရပါတယ်။

ဖရိုးလန်းမြို့သို့ အဝင်

Nelaug ဘူတာကနေ ဖရိုးလန်းဆီသွားမယ့် ရထားဂိတ်ဆုံး အမည်က Arendal။ အဲဒီရထားပေါ် တက်လိုက်တော့ ခုနက စီးလာတဲ့ ရထားနဲ့ အဆင့်အတန်း အတော်ကွာပါတယ်။ ကွာဆို ဟိုရထားက ကီလိုမီတာ ထောင်နဲ့ချီ ပြေးနေတဲ့ အဝေးပြေးရထား။ ဒီရထားက ကီလို ၅၀ လောက်သာပြေးတဲ့ လိုကယ်ရထား။ အဆင့်နိမ့်တယ် ဆိုပေမယ့် ရေး-ထားဝယ် ရထားထက် အများကြီး သာပါသေးတယ်။

ဖရိုးလန်းကို မိနစ် ၂၀ လောက်သာ စီးရမှာဆိုတော့ ဂိတ်ဆုံးအထိ လိုက်သွားစရာမလို၊ Blakkestad ဆိုတဲ့ ကြားဘူတာမှာ ဆင်းရပါတယ်။ အဲဒီဘူတာမှာ ကားတစ်စီးနဲ့ ကျွန်တော်တို့ကို လာကြိုနေသူက ဆလိုင်းဂျွန်မန်း။ သူဟာ ဒေါ်အောင်ဆန်းစုကြည်ပန်းခြံ ဖြစ်မြောက်ရေးအတွက် အဓိက နေရာကနေ ဦးဆောင်နေသူပေါ့။ “ဒီပန်းခြံအတွက် ကျွန်တော်တို့ စိတ်ကူးယဉ်နေတာက ကြာပြီ။ နော်ဝေကို စရောက်တဲ့ ၂၀၀၃ ခုနှစ် ကတည်းက” ဆိုပြီး ၂၀၀၃ ခုနှစ် ဇွန်လ ၂၃ ရက် (ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အပြီး ထုတ်တဲ့ သတင်းစာ) သတင်းစာဖြတ်ပိုင်းဟောင်း တစ်ခုကို ထုတ်ပြပြီး သူက ရှင်းပြပါတယ်။

ဓာတ်ပုံထဲမှာတော့ ကလေးငယ်တစ်ဦးကို ချီ၊ ကြယ်ငါးပွင့်အလံကိုကိုင်ပြီး လမ်းလျှောက်ချီတက်နေတဲ့ သူရယ်၊ သူ့အမျိုးသမီးရယ်။ သစ်ပင်တစ်ပင်ကို လက်တွန်းလှည်းပေါ်တင်ပြီး ကူသယ်ပေးနေတဲ့ တခြားတစ်ဦးရယ်ကို တွေ့ရပါတယ်။ ဒေါ်စုမွေးနေ့မှာ သစ်ပင်စိုက်ဖို့ နှစ်စဉ်ကြိုးစားခဲ့ပေမယ့် ပန်းခြံမြေနေရာ မရလို့ စိုက်ခွင့်မရခဲ့တဲ့ အကြောင်း၊ ဒါပေမဲ့ နှလုံးသားပန်းခြံထဲမှာတော့ နှစ်စဉ်မပျက်မကွက် ပုံမှန်စိုက်လာခဲ့ပါတယ်လို့ ကဗျာဆန်တဲ့ စာသားကို ချင်းသံဝဲဝဲနဲ့ သူက ပြောပါတယ်။

ဆယ်နှစ်ကျော် ကြိုးစားမှုရဲ့ ရလဒ်အဖြစ် အခုတော့ ပန်းခြံနေရာတစ်ခုကို မြို့တော်ဝန်ကနေ သူတို့တွေဆီ တရားဝင် လွှဲပြောင်းပေးဖို့ ပြင်နေပါပြီ။ ရပ်နီးရပ်ဝေးက မြန်မာနိုင်ငံသားတွေလည်း ဒီမြို့ဆီ အသီးသီး ရောက်လာနေကြပါပြီ။ မွန်းလွဲ ၂ နာရီခွဲ လောက်မှာတော့ ကိုဂျွန်မန်းအိမ်ကနေ ပန်းခြံရှိရာဆီ ကျွန်တော်တို့ ထွက်လာခဲ့ပါတယ်။ မနက်ပိုင်းမှာ နေသာခဲ့ပေမယ့် ပန်းခြံနေရာ ရောက်တော့ ရာသီဥတုက ခပ်ဆိုင်းဆိုင်း၊ လေလည်းနည်းနည်းတိုက်နေတဲ့ အတွက် အေးစိမ့်စိမ့်လေး ဖြစ်နေပါတယ်။

ဒါပေမဲ့ တက်ရောက်လာသူ အားလုံးက အအေးဒဏ်ကို မမှုပဲ တိုင်းရင်းသားဝတ်စုံ အသီးသီးနဲ့။ ချင်းဝတ်စုံက အများဆုံးဖြစ်မယ် ထင်ပါတယ်။ ပြီးတော့ ကရင်၊ မွန်၊ ဗမာ၊ ကချင် စသဖြင့် အနီးဝန်းကျင် မြို့တွေကနေ တကူးတက တက်ရောက်လာသူတွေ။ ဒီလို မြန်မာတိုင်းရင်းသား ဝတ်စုံတွေကြားမှာ ထူးထူးခြားခြား ပေါ်လွင်နေတာက နော်ဝေရိုးရာဝတ်စုံ ဝတ်လာတဲ့ မိသားစုတစ်ခု။ နော်ဝေဝတ်စုံက ကချင်ဝတ်စုံနဲ့ တူနေသလိုလို။

နောက်ထပ် ထူးခြားတာက ဒီပွဲကို တက်လာတဲ့ မြို့တော်ဝန်မှာ ဘာလုံခြုံရေးမှမပါ။ ဘာအဆောင်အယောင်မှလည်း မရှိ။ ယုတ်စွအဆုံး အနောက်တိုင်း ဝတ်စုံကိုတောင် ဝတ်မထားတော့ ကျွန်တော်တို့က သူ့ကို မြို့တော်ဝန်မှန်း မသိပါ။ ‘Hei’ ဆိုပြီး သူကနှုတ်ဆက်တော့ ကိုယ်ကလည်း ‘Hei’ ပေါ့။ အခမ်းအနားစချိန် မိန့်ခွန်းပြောတော့မှ သားရေဂျာကင်နဲ့ ခုနက ကျွန်တော်တို့ကို လာနှုတ်ဆက်တဲ့ ပုဂ္ဂိုလ်ဟာ ဖရိုးလန်း မြို့တော်ဝန် Ove Gundersen ဖြစ်နေပါရော့လား။

ပန်းခြံအနေအထားနဲ့ နော်ဝေလူထုရဲ့ အားပေးမှု

ပန်းခြံဟာ ဖရိုးလန်းမြို့ အပြင်ဘက်က ရေကန်ကြီးတစ်ခု ဘေးနားမှာရှိပြီး သစ်ပင်ကြီးတွေ၊ မြက်ခင်းစိမ်းစိမ်းတွေ၊ ကျောက်တုံးကျောက်ဆောင်တွေနဲ့ သာယာလှပနေပါတယ်။ ဒီကိုမရောက်ခင်အထိ ကျွန်တော်ထင်ထားတာက မြေရိုင်းနေရာ တစ်ခုကို ဒေါ်စုပန်းခြံလုပ်ဖို့ ဒီနေ့ လွှဲပြောင်းပေးအပ်မယ်လို့ နားလည်ထားတာပါ။ တကယ်က မြေရိုင်းကို ပေးခြင်းမဟုတ်။ ဖရိုးလန်းမြို့ စည်ပင်ကပိုင်တဲ့ ပန်းခြံနေရာရဲ့ တစ်ဝက်ကို ဒေါ်အောင်ဆန်းစုကြည်ပန်းခြံ နေရာလုပ်ဖို့ လွှဲပေးတဲ့ အခမ်းအနားပါ။

ဒီပန်းခြံရဲ့ထိပ်မှာ ထင်ရှားတဲ့ သင်္ချာပါမောက္ခ Niels Henrik Abel ရဲ့ ရုပ်တုနဲ့ ပြတိုက်ရှိပါတယ်။ အဲဒီပြတိုက်နဲ့ မျက်နှာချင်းဆိုင်မှာ ပေ ၁၀၀ ပတ်လည် မြက်ခင်းစိမ်းစိမ်းကို အဖြူရောင် ခြံစည်းရုံးလေး ခတ်ထားပါတယ်။ အဲဒီခြံနဲ့ ရေကန်ကြားရှိ တောင်စောင်းနေရာလေးရယ်၊ ဘေးတစ်ဖက် တစ်ချက်စီမှာရှိတဲ့ ထင်းရှူးပင်ကြီးတွေ၊ ကျောက်ဆောင်နဲ့ တောင်ကုန်းတွေ အပါအဝင် ပေ ၁၀၀၀ ပတ်လည်လောက်ရှိတဲ့ မြေနေရာကို ဒေါ်အောင်ဆန်းစုကြည်ပန်းခြံ အဖြစ် ဒီနေ့ လွှဲအပ်မှာပါ။

တောင်စောင်းဆိုပေမယ့် အလယ်မှာ မြက်ခင်းစိမ်းစိမ်းနဲ့ မြေပြင်ညီက ပေ ၆၀ ဝန်းကျင်ခန့် ရှိနေပါတယ်။ အဲဒီမြက်ခင်းဘေးက တောင်စောင်းလေးမှာတော့ ပွဲလာပရိသတ်တွေ ထိုင်နိုင်အောင် လှေကားထစ်ပုံ ထိုင်ခုံတန်းလေးတွေ ရိုက်ထားပါတယ်။ ခုံတန်းရှေ့ရှိ ရေကန်အကျယ်ကတော့ ၅ ဧကလောက်တောင် ရှိမလားပဲ။ သစ်ပင်ကြီးတွေရယ်၊ ကျောက်ဆောင်ရယ်၊ တောင်ကုန်းနဲ့ မြက်ခင်းစိမ်းစိမ်းရယ်၊ ရေကန်ကြီးရယ်ဆိုတော့ မြင်ရသူအဖို့ စိတ်ကြည်နူးစရာပါ။

အခု ကျွန်တော်တို့ ထိုင်နေတဲ့ ခုံတန်းဘေးက မြက်ခင်းပြင်ပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်တုကို စိုက်ထူမယ်။ ရုပ်တုရဲ့ဘေးနားမှာ မြန်မာနိုင်ငံမြေပုံကို သရုပ်ဖော်ထားမယ်။ အဲဒီဘေးမှာတော့ နှစ်တစ်ထောင်အထိ အသက်ရှည်တဲ့ သစ်ပင်ကြီးတစ်ပင်စိုက်ဖို့ စိတ်ကူးထားတယ်ဆိုပြီး ဒီပန်းခြံဖြစ်မြောက်ရေးအတွက် အဓိက နေရာကနေ ကူညီပေးသေူ ဖရိုးလန်းမြို့သား Torgeir Oveland က မြေပုံကားချပ်တွေ၊ ဇယားကွက်တွေနဲ့ ပရိသတ်ကို ရှင်းပြနေပါတယ်။

မြို့တော်ဝန် Ove Gundersen ရဲ့ မိန့်ခွန်းထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်ပန်းခြံကို သူ့မြို့မှာ ဖွင့်လှစ်ခွင့်ရတဲ့အတွက် အထူးဝမ်းသာကြောင်း၊ သူတို့မြို့ရဲ့ အကောင်းဆုံးနေရာကို ရွေးချယ်ပေးအပ်ခဲ့တာ ဖြစ်ပါကြောင်း၊ အခုဆို ဒီနေရာကို နိုင်ငံတကာက သိရှိသွားပြီ ဖြစ်လို့ ဧည့်သည်တွေလာကြလိမ့်မယ် သူထင်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း ဒီနေရာဆီ မကြာခင် ရောက်လာနိုင်လိမ့်မယ်လို့ သူမျှော်လင့်ကြောင်း ပြောသွားပါတယ်။

တကယ်တော့ ဖရိုးလန်းမြို့လေးဟာ ၂၀၁၂ တုန်းက ဒေါ်အောင်ဆန်းစုကြည် ရောက်ခဲ့ဖူးတဲ့ အော်စလို၊ ဘာဂင်တိုနဲ့စာရင် သေးသေးလေးပါ။ လူဦးရေ ငါးထောင်ကျော်သာ ရှိတဲ့ တောင်တွေဝန်းရံနေတဲ့ မြို့ငယ်လေးတစ်ခုသာ ဖြစ်ပါယ်။ ဒါပေမဲ့ ဒီမြို့သားတွေရဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံအပေါ်ထားတဲ့ စေတနာကတော့ အော်စလိုနဲ့ ဘာဂင်ထက် ပိုကြီးမားသွားခဲ့ပါပြီ။ မြန်မာနိုင်ငံသား သန်း ၅၀ ဂုဏ်ယူနိုင်တဲ့ ပန်းခြံတစ်ခုကို ဖရိုးလန်းမြို့သားတွေက စတင်တည်ဆောက်ဖို့ ပြင်ဆင်နေပါပြီ။

မြက်ခင်းပြင်ပေါ်က ပွဲအပြီးမှာတော့ မြိုနယ်ခန်းမဆီသွားပြီး ဆက်လက်တာဝန်ယူ ဆောင်ရွက်မယ့် ကော်မတီ ဖွဲ့စည်းရေး ဆွေးနွေးကြပါတယ်။ တစ်နာရီကျော်ကြာ ဆွေးနွေးပွဲ အပြီးမှာတော့ ပန်းခြံဖြစ်မြောက်ရေး ကော်မတီ ၅ ဦးနဲ့ ပန်းခြံဖွင့်ပွဲ ကျင်းပရေး ကော်မတီဝင် ၁၆ ဦးကို ရွေးချယ်ခဲ့ကြတာ တွေ့ရပါတယ်။ ထူးခြားတာက မြန်မာတွေနဲ့အတူ နော်ဝေနိုင်ငံသားတွေကပါ ကော်မတီထဲပါပြီး ထဲထဲဝင်ဝင် ကူညီပေးနေခြင်းပါပဲ။

ဒီကော်မတီဟာ မနက်ဖြန်ကနေစပြီး ပန်းခြံဖြစ်မြောက်ရေးအတွက် စတင်တာဝန်ယူ ဆောင်ရွက်မှာပါ။ ရှေ့မှာတင်ပြခဲ့တဲ့ မြေအနေအထား ပြုပြင်ရေး၊ ဒေါ်အောင်ဆန်းစုကြည်ရုပ်တု စိုက်ထူရေး၊ မြန်မာနိုင်ငံ မြေပုံသရုပ်ဖော်ရေး၊ သစ်ပင်စိုက်ရေး၊ ပန်းပင်စိုက်ရေး၊ အားကစားကွင်း ဖော်ဆောင်ရေးတွေကို တစ်လအတွင်း၊ အတိအကျပြောရမယ် ဆိုရင် ဇွန်လ ၁၉ ရက်နေ့မှာ ပြီးစီးအောင် အလျင်အမြန် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုရင် ဇွန်လ ၁၉ ရက်နေ့ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၁ နှစ်ပြည့် မွေးနေ့ဖြစ်တာကြောင့် အဲဒီနေ့မှာ ဒီပန်းခြံကို တရားဝင်ဖွင့်ပွဲ ကျင်းပမှာ ဖြစ်ပါတယ်။ ဖွင့်ပွဲနေ့ဆီ ပြည်တွင်းပြည်ပရှိ မြန်မာနိုင်ငံသားတွေ၊ မြန်မာ့ဒီမိုကရေစီအရေး အားပေးတဲ့ နော်ဝေနဲ့ နိုင်ငံတကာ ပရိသတ်တွေ အများအပြား လာရောက်လိမ့်မယ်လို့ ပွဲစီစဉ်သူတွေက မျှော်လင့်နေပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သဝဏ်လွှာ ပေးပို့တာ၊ NLD အစိုးရက ကိုယ်စားလှယ် တစ်ဦးဦး ဒီအခမ်းအနားဆီ လာတက်တာမျိုးအထိ ပွဲစီစဉ်သူတွေက မျှော်လင့်နေပါတယ်။ အစည်းအဝေးအပြီး ညနေပိုင်းမှာတော့ ဖရိုးလန်းမြို့လေးကနေ ကျွန်တော် ပြန်လည်ထွက်ခွာလာခဲ့ပါတယ်။ “ဇွန်လ ၁၉ ရက်နေ့၊ ဖွင့်ပွဲကျရင် ထပ်လာဖို့ မမေ့နဲ့နော်” ဆိုပြီး သူတို့မှာလိုက်တဲ့အတိုင်း ဖရိုးလန်းမြို့ဆီ မကြာခင် နောက်တစ်ခေါက် ထပ်သွားရဦးမယ် မဟုတ်ပါလား။

ထက်အောင်ကျော်