News

POST TYPE

RELAX

စောလားထော်ဝါးနဲ့ တွေ့ဆုံခြင်း
29-Aug-2016

Myanmar Idol သီချင်းဆိုပြိုင်ပွဲ Season 1 မှာ Winner ဆု ရရှိခဲ့တဲ့ စောလားထော်ဝါးနဲ့ တွေ့ဆုံပြီး စက်တင်ဘာလအတွင်း ထွက်ရှိမယ့် တစ်ကိုယ်တော် စီးရီးသစ်အကြောင်း၊ ပါဝင်မယ့် သီချင်းတွေ အကြောင်းနဲ့ Myanmar
Idol Season 2 ပြိုင်ပွဲဝင်တွေအတွက် အကြံပြုစကားတွေကို The Voice က မေးမြန်းဖော်ပြထားပါတယ်။

Voice : စောလားထော်ဝါးရဲ့ မကြာခင် ထွက်ရှိမယ့်တစ်ကိုယ်တော် စီးရီးသစ် အကြောင်းကနေစပြီး ပြောပြပေးပါဦး။

SLHW : ကျွန်တော့်ရဲ့ ပထမဆုံး တစ်ကိုယ်တော်စီးရီး အတွက် သီချင်းတွေ တော်တော်များများတော့ ပြီးနေပါပြီ။ စက်တင်ဘာလထဲမှာ ထွက်ဖို့တော့ မှန်းထားပါတယ်။ ဒီခွေမှာပါတဲ့ သီချင်းတွေကိုတော့ ဆရာဥက္ကာဦးသာတို့လည်း ဝိုင်းပြီးရွေးပေးကြတယ်။ ကျွန်တော့်အသံက သီချင်းအေးအေးလေးတွေနဲ့ လိုက်တယ်လို့ ပြောကြတော့ အဲ့ဒီလို သီချင်းတွေလည်း ပါတယ်။ သီချင်းအမြူးလေးတွေလည်း ထည့်ထားပါတယ်။ ဒီခွေမှာဆို Pop၊ Slow Rock၊ Jazz၊ Country စသဖြင့် သီချင်းပုံစံမျိုးစုံ ထည့်ထားပါတယ်။

Voice : ဒီခွေမှာ ပါဝင်ရေးသားပေးထားတဲ့ တေးရေးဆရာတွေကရော ဘယ်သူတွေ ဖြစ်မလဲ။

SLHW : ဒီခွေမှာဆို အွန်လိုင်းကနေတစ်ဆင့် ဆက်သွယ်လာတဲ့ တေးရေးဝါသနာရှင် လူငယ်တွေရဲ့ သီချင်းတွေ ပါသလို၊ ဆရာဆောင်းဦးလှိုင်တို့၊ ကိုဖိုးကာတို့ သီချင်းတွေ ပါပါတယ်။ သီချင်းအများစုကတော့ ကိုယ်ပိုင်သံစဉ်တွေချည်းပါပဲ။ ဒါပေမဲ့ ပြန်ဆိုတေး တစ်ပုဒ်၊ နှစ်ပုဒ်လောက် ထည့်ရင် ကောင်းမလားလို့တော စဉ်းစားနေကြတယ်။ အရင်က ဦးကိုင်ဇာဆိုခဲ့တဲ့ သီချင်းကို ကျွန်တော်ပြန်ဆိုပြီး ထည့်ဖို့တော့ စဉ်းစားနေကြတယ်။ စုံတွဲသီချင်းလည်း တစ်ပုဒ်လောက်တော့ ထည့်မယ်။

Voice : စီးရီး Title ကိုရော ဘယ်လိုပေးဖို့ စဉ်းစားထားလဲ။

SLHW : စီးရီး Title ကိုတော့ ကျွန်တော့်ကို လူကြီးတွေက မပြောပြသေးဘူး။ ပရိသတ်တွေလည်း အရမ်းကြိုက်တဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ ကိုရဲလေး ရေးထားတဲ့ မင်းသိနိုင်မလားကိုပဲ Title ပေးရင် ကောင်းမလားလို့လည်း စဉ်းစားနေကြတယ်။ အဓိကကတော့ ကြားလိုက်တာနဲ့ ပရိသတ်တွေအတွက် အရင်းနှီးဆုံး ဖြစ်သွားမယ့် နာမည်တစ်ခုကိုပဲ စီးရီး Title ပေးဖြစ်မှာပါ။

Voice : ကိုယ့်ရဲ့ အသံက ချိုတဲ့ဘက်ကို သွားတယ်နော်။ အဲ့ဒီအတွက် သီချင်းရွေးချယ်တဲ့ အခါမှာ ဘောင်တစ်ခုထဲကနေပဲ ရွေးရတာမျိုး ဖြစ်နေမလား။

SLHW : ကျွန်တော်က အရင်ကတော့ Slow သီချင်းလေးတွေဆိုတာ များတယ်။ အခုနောက်ပိုင်း ပြိုင်ပွဲပြီးတဲ့ အချိန်မှာ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး လေ့လာဆန်းစစ်မိတာက Slow တစ်ခုတည်း ဆိုနေလို့တော့ မဖြစ်ဘူး။ သီချင်းပုံစံမျိုးစုံ ဆိုနိုင်အောင် ကြိုးစားသင့်တယ် ဆိုတာကို သိလာပါတယ်။ အခုထက်ထိလည်း ကျွန်တော် သီချင်းတွေမျိုးစုံ ဆိုနိုင်အောင် လေ့ကျင့်နေတုန်းပါပဲ။ ကျွန်တော်လည်း ရော့ခ်ကို ကြိုက်တယ်။ ဒါပေမဲ့ ကိုယ့်ရဲ့အသံအနေအထားက Slow နဲ့ လိုက်နေတယ်။

Voice : ဒီခွေထဲမှာ ပရိသတ်တွေအတွက် နားထောင်ရတာ ထူးထူးခြားခြား ဖြစ်သွားမယ့် သီချင်းဆိုရင် ဘယ်သီချင်း ဖြစ်မလဲ။

SLHW : အဲ့ဒါကတော့ ဟာသလို့ ပြောလို့ရတဲ့ သီချင်းတစ်ပုဒ်၊ နှစ်ပုဒ်လောက်တော့ ပါတယ်။ နားထောင်လိုက်တာနဲ့ ပရိသတ်တွေ ပျော်သွားမယ့် သီချင်းမျိုးပေါ့။ ဒီခွေထဲမှာဆို အချစ်သီချင်းတွေလည်း ပါတယ်။ ဟာသပုံစံ သီချင်းလေးတွေလည်း ပါပါတယ်။ ခွေထွက်လာရင်တော့ ပရိသတ်တွေလည်း နားထောင်ပြီး သဘောကျလိမ့်မယ်လို့ ထင်ပါတယ်။

Voice : Myanmar Idol သီချင်းဆိုပြိင်ပွဲ Season 1 မှာ Winner ဆု ရပြီးတဲ့နောက် ကိုယ့်ရဲ့ဘဝမှာ ဘယ်လိုအပြောင်းအလဲတွေ တွေ့လာရလဲ။

SLHW : အရင်ကတော့ ကျွန်တော်က ဂီတဝါသနာရှင် တစ်ယောက်၊ ဂီတကို ရူးသွပ်ခဲ့တဲ့ လူငယ်တစ်ယောက်ပါ။ Myanmar Idol မှာ Winner ဖြစ်ပြီးတဲ့ နောက်ပိုင်းမှာတော့ ကိုယ်သွားချင်တဲ့ ပန်းတိုင်တစ်ခုကို ရောက်သွားတယ်လို့ ပြောရမှာပေါ့။ ကိုယ်ဖြစ်ချင်တဲ့ အိပ်မက်တွေအတွက် လမ်းစတစ်ခုကို ရှာတွေ့ခဲ့ပြီလို့ ပြောလို့ရပါတယ်။

 Voice : ရှိုးပွဲတွေ ဆိုတာလည်း တွေ့တယ်လေ။ ကိုယ်က အနေအေးတဲ့ အထဲမှာပါတော့ ရှိုးမှာ ပရိသတ်တွေနဲ့ အပေးအယူမျှမျှ ဖျော်ဖြေနိုင်အောင် ဘယ်လိုကြိုးစားရလဲ။

SLHW : ကျွန်တော်က ပင်ကိုယ်ဆို အေးအေးဆေးဆေး နေတတ်တဲ့အထဲမှာ ပါတယ်။ အဲ့ဒီအတွက် ရှိုးပွဲတစ်ခု မဆိုခင် ပရိသတ်တွေကို ဘယ်လိုဖျော်ဖြေရင် ကောင်းမလဲ ဆိုတာကို ကျွန်တော် အိမ်မှာ အရင်ကျင့်ပါတယ်။ ပရိသတ်တွေကို ဘယ်လိုနှုတ်ဆက်ရမလဲ၊ ဘယ်လိုစကားပြောရင် ကောင်းမလဲဆိုတာ ကြိုတင်လေ့ကျင့်ထားရပါတယ်။ အခုထိတော့ ရှိုးပွဲတွေဆိုတဲ့ အခါမှာ အခက်အခဲတွေ အများကြီး ရှိနေပါသေးတယ်။

Voice : ကိုယ့်ရဲ့ ပထမဆုံး တစ်ကိုယ်တော် စီးရီးလည်း ဖြစ်နေတော့ ပရိသတ် အားပေးမှုကို ဘယ်လောက်အထိ မျှော်မှန်းထားလဲ။

SLHW : ဒီခွေအတွက် အကောင်းဆုံးကိုတော့ မျှော်လင့်ထားပါတယ်။ ကျွန်တော့်ရဲ့ ပထမဆုံး တစ်ကိုယ်တော်ခွေဖြစ်တဲ့ အတွက် အများကြီးလည်း မျှော်လင့်ထားပါတယ်။ ဒီခွေကို ပရိသတ်တွေ လက်ခံအားပေးကြလိမ့်မယ်လို့လည်း မျှော်လင့်ထားပါတယ်။ ပရိသတ်တွေ အားပေးမှ ကျွန်တော် ဒီဂီတလမ်းကြောင်းမှာ ဆက်ရှိနေခွင့် ရမှာပါ။

Voice : Myanmar Idol Season 2 ကလည်း မကြာခင် စတော့မှာဆိုတော့ ဒီနှစ်မှာ ပြိုင်ပွဲဝင်ကြမယ့် ဝါသနာရှင်တွေကိုရော ဘယ်လိုအကြံပြုစကား ဆိုချင်လဲ။

SLHW : ဒီပြိုင်ပွဲကို ဝင်ပြိုင်ရင် သီချင်းတွေ အများကြီး နားထောင်ရမယ်၊ လေ့ကျင့်ရမယ်၊ ပုံစံမျိုးစုံ ဆိုနိုင်အောင် ကြိုးစားရမယ် ဆိုတာ အားလုံးလည်း သိကြမှာပါ။ ကျွန်တော် တစ်ခုပြောချင်တာက ဒီပြိုင်ပွဲကို ဝင်ပြိုင်ရင် ကိုယ်ရိုးရိုးသားသား ပြိုင်မယ်၊ ကြိုးစားမှုအပြည့်နဲ့  ပြိုင်မယ်လို့ အရင်ဆုံးဖြတ်ချက် ချသင့်ပါတယ်။ ပြိုင်ပွဲသဘာဝအရ အခက်အခဲတော့ ရှိမှာပဲ။ ကိုယ့်ရဲ့သည်းခံနိုင်မှု အတိုင်းအတာက အဲ့ဒီမှာ ပေါ်လာတော့မှာပဲ။ ကိုယ်ဘယ်လောက် ခံနိုင်ရည်ရှိမလဲ၊ သည်းခံနိုင်မလဲ ဆိုတာကို ပြိုင်ပွဲက စမ်းသပ်မှာပဲ။ အဲ့ဒီအတွက် ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာကို ကြိုတင်ပြင်ဆင် ထားစေချင်ပါတယ်။

သန့်ဇင်ဦး



ABOUT AUTHOR

(သန့်ဇင်ဦး)