News

POST TYPE

RELAX

မာရဇ္ဇနဲ့ တွေ့ဆုံခြင်း
11-Oct-2017 tagged as

တေးသံရှင် မာရဇ္ဇနဲ့တွေ့ဆုံပြီး အောက်တိုဘာလ ၂၀ ရက်နေ့ ရန်ကုန်မြို့၊ ကန်တော်ကြီး မျှော်စင်ကျွန်းမှာ ပြုလုပ်သွားမယ့် အသက် ၅၀ ပြည့် မွေးနေ့ အထိမ်းအမှတ် ရှိုးမှာ သီဆိုဖျော်ဖြေမယ့် သီချင်းတွေအကြောင်း၊ ဂီတလမ်းကြောင်း အချိုးအကွေ့တွေ အကြောင်းနဲ့ စိုက်ထူခဲ့တဲ့ အောင်မြင်မှု မှတ်တိုင်တွေအကြောင်းကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : အသက် ငါးဆယ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် တစ်ကိုယ်တော် ဖျော်ဖြေပွဲလုပ်ဖြစ်တဲ့ အကြောင်းကနေစပြီး ပြောပြပေးပါဦး။
MRZ : ကျွန်တော်က ရန်ကုန်မှာ One Man Show ကို တစ်နှစ်တစ်ပွဲလောက်လုပ်ဖို့ ဆုံးဖြတ်ထားတယ်။ တခြားရှိုးပွဲတွေလည်း ကျွန်တော်က သိပ်မဆိုဖြစ်ဘူးလေ။ ရှေ့မှာလုပ်ခဲ့တဲ့ ပွဲတွေမှာတော့ အဆင်ပြေတဲ့လတွေမှာ လုပ်ခဲ့တာပါပဲ။ ဒါပေမဲ့ ဒီနှစ်မှာ ထူးခြားတာကတော့ ကျွန်တော့်ရဲ့ အသက် ၅၀ ပြည့်မွေးနေ့က မွေးရက်၊ မွေးလ သွားတိုက်နေတယ်။ ကျွန်တော့်ရဲ့ ဂီတသက်တမ်း ၂၅ နှစ် ပြည့်တဲ့နှစ်လည်း ဖြစ်တယ်။ အဲ့ဒါလေးတွေနဲ့ တိုက်ဆိုင်နေတဲ့အတွက် Birthday Show ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ဒီပွဲကို ကျင်းပရခြင်းဖြစ်ပါတယ်။

Voice : ဒီပွဲမှာ ဘယ်လို ထူးခြားတဲ့ ဖျော်ဖြေတင်ဆက်မှုတွေကို ပရိသတ်တွေ မြင်တွေ့ရမလဲ။
MRZ : ကျွန်တော်ကတော့ ထုံးစံအတိုင်းပါပဲ။ သီချင်းပဲ အဓိကဆိုမှာပါ။ ကျွန်တော့်ရှိုးပွဲကို လာကြည့်ဖူးတဲ့သူဆိုရင် သိမှာပါ။ ကျွန်တော်တို့ ပွဲမှာက Music ကပေးတဲ့ Performance မျိုးပဲရှိမယ်။ သက်သက်လုပ်ယူထားတာမျိုး မရှိပါဘူး။ ကျွန်တော်တို့က Rock Band ဖြစ်ပါတယ်။ ရော့ခ် သီချင်းတွေဆိုတဲ့ ဂီတသမားတွေဖြစ်ပါတယ်။ ကျွန်တော်တို့က ရိုးရိုးရှင်းရှင်းပဲ ဖျော်ဖြေပါမယ်။ ကျွန်တော်တို့က Music ကပေးတဲ့ Performance အတိုင်းပဲ ဖျော်ဖြေမှာ ဖြစ်ပါတယ်။

Voice : ဒီပွဲအတွက်ရော ဘယ်သီချင်းတွေ ဆိုဖို့ ရွေးချယ်ထားလဲ။ သီချင်း အားလုံးပေါင်း ဘယ်နှပုဒ်လောက် ဆိုဖြစ်မလဲ။
MRZ : သီချင်းပုဒ်ရေကတော့ အပုဒ် ၃၀ လောက် ဆိုပါမယ်။ ဖျော်ဖြေပွဲကို နှစ်ပိုင်းပိုင်းပြီးတော့ တစ်ပိုင်းမှာ သီချင်း ၁၅ ပုဒ်စီ ဆိုပါမယ်။ သီချင်းတွေကတော့ ပုံရိပ်မဲ့ ဂရပ်ဖစ်ကနေ နောက်ဆုံး ထွက်ခဲ့တဲ့အချိန်အခါ စီးရီးအထိ ကျွန်တော် အရမ်း ဆိုပြချင်တဲ့ သီချင်းတွေရှိတယ်။ ပရိသတ်တွေက ဆိုစေချင်တဲ့ သီချင်းတွေရှိတယ်။ တချို့ဆို ကျွန်တော့်ရဲ့ Facebook Account မှာ ဘယ်လို သီချင်းမျိုးတွေ ဆိုပေးပါ ဆိုပြီးလာပြီး တောင်းထားကြတာတွေ ရှိတယ်။ ပွဲမှာတော့ ပရိသတ်တွေ ဆိုစေချင်တဲ့ သီချင်းတွေလည်း ပါမယ်။ ကျွန်တော်ဆိုချင်တဲ့ သီချင်းတွေလည်းပါမယ်။ အားလုံးကိုမျှပြီးတော့ ကျွန်တော် ဆိုမှာပါ။

Voice : ကိုယ်တည်ထောင်ထားတဲ့ Breakthrough Band နဲ့ပဲ တောက်လျှောက် လက်တွဲ ဖြစ်နေတယ်နော်။ ကိုယ့် Band နဲ့ကိုယ် သီချင်းဆိုရတာက ဘယ်လို အားသာချက်တွေ ရှိနိုင်မလဲ။
MRZ : ကိုယ့် Band နဲ့ကိုယ် သီချင်း ဆိုရတာကျတော့ အသားကျနေပြီလေ။ ကျွန်တော်တို့ အားလုံးရဲ့ ရင်ခုန်သံချင်းတွေ ရင်ဘတ်ချင်းတွေ တူလို့ Breakthrough  Band ကို ဖွဲ့ဖြစ်တာပါ။ သူတို့လုပ်ချင်တဲ့ Music နဲ့ ကိုယ်လုပ်ချင်တဲ့ Music ကလည်း တစ်ထပ်တည်း ကျတယ်။ အဲ့ဒီအတွက် ဘာမှ ပြဿနာလည်း မရှိဘူး။ သူတို့ကြိုက်တာနဲ့ ကိုယ်ကြိုက်တာက တစ်ထပ်တည်း ကျတဲ့အတွက် ကိုယ့် Band နဲ့ကိုယ် ဆိုရခြင်းက အဓိပ္ပာယ်ပိုရှိသလို တကယ်လည်း ဖြစ်သင့်တဲ့ကိစ္စပါ။ ကမ္ဘာမှာလည်း One Band ပဲရှိပါတယ်။ Band ကြီးတစ်ခုမှာ အဆိုတော်တွေ ပြုံဆိုကြတာ ခေတ်မရှိပါဘူး။ ကျွန်တော်က ကိုယ့် One Band နဲ့ကိုယ် ရပ်တည်ချင်တာ ကြာပါပြီ။ 

Voice : တစ်ကိုယ်တော် ဖျော်ဖြေပွဲတွေကို တစ်နှစ်တစ်ကြိမ် ကျင်းပနိုင်တဲ့အထိ ကိုယ့်ပရိသတ်တွေရဲ့ အခိုင်အမာ အားပေးမှုကို ရရှိနေတဲ့အပေါ် ဘယ်လိုခံစားမှုရှိလဲ။
MRZ : အဲ့ဒါကတော့ ပရိသတ်တွေအပေါ် ထားတဲ့ ကျွန်တော့်ရဲ့ မေတ္တာတရားကြောင့်ပဲ ပြောရမှာပေါ့။ ကျွန်တော့်ရဲ့ စေတနာမှန်လို့ပဲ ပြောရမှာပေါ့။ ကျွန်တော်က ဂီတအလုပ်ကို  ချစ်လို့ လုပ်နေတာပါ။ လုပ်စားနေတာလည်း မဟုတ်ဘူး။ သီချင်းတွေ ဆိုရရင်ကို ပျော်နေတယ်။ ပရိသတ်တွေကို ကောင်းကောင်းမွန်မွန်ပဲ ပေးချင်တယ်။ ညာရတာကို ကျွန်တော် အရမ်း စိတ်ညစ်တယ်။ One Man Show ကို တစ်နှစ်တစ်ပွဲလောက်တော့ လုပ်ဖြစ်အောင် လုပ်ပါမယ်။ ဒီနှစ်မှာ မွေးနေ့နဲ့ တိုက်ပြီး ရှိုးလုပ်ဖြစ်တာ ဝမ်းသာတယ်။ လာမယ့်နှစ်တွေမှာလည်း အောက်တိုဘာလ ၂၀ ရက်နေ့ရောက်တိုင်းမှာ ကျွန်တော့်ရဲ့ မွေးနေ့ အထိမ်းအမှတ် ရှိုးလေး လုပ်သွားချင်ပါတယ်။ ကျွန်တော် သေတဲ့အထိပေါ့။ သီချင်းတွေ ဆိုနိုင်တဲ့အထိပေါ့နော်။

Voice : ကိုယ့်ရဲ့ ဂီတသက်တမ်းအတွင်းမှာ စိုက်ထူခဲ့တဲ့ အောင်မြင်မှု မှတ်တိုင်တွေကို ပြန်ကြည့်ရင်ရော ကျေနပ်ပြီလား။
MRZ : မှတ်တိုင်ဆိုတာက ကိုယ်တိုင် စိုက်ထူရတာတော့ မှန်တာပေါ့။ ဒါပေမဲ့ ပရိသတ်ကလည်း အသိအမှတ်ပြုမှ ဖြစ်တာပါ။ သို့သော်လည်း ကျွန်တော်တို့က ဘာမှ ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တာတော့ မဟုတ်ဘူး။ ငါတို့ မှတ်တိုင်တွေ ထူလိုက်မယ်တို့၊ နာမည်ကြီးအောင် လုပ်လိုက်မယ်တို့ဆိုတဲ့ ရည်ရွယ်ချက်မျိုးနဲ့ လုပ်ခဲ့တာတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ အနုပညာ လုပ်တယ်ဆိုတာက အရမ်း ရိုးသားပါတယ်။ အရမ်း ရိုးသားလို့လည်း ပရိသတ်က ကျွန်တော့်ကို နေရာပေးတာပါ။ ကိုယ့်ပရိသတ်အပေါ် ထားတဲ့စေတနာက စစ်မှန်လို့ ထိုက်တန်တဲ့ နေရာတစ်ခု ပြန်ရတာလို့ပဲ ပြောချင်ပါတယ်။

Voice : နောက်ပိုင်းမှာ ရော့ခ်သီချင်းတွေပဲ ဆက်တိုက်ဆို ဖြစ်နေတာ တွေ့ရတယ်။ ရော့ခ်ဂီတလမ်းကြောင်းပေါ်ကို ဘယ်လိုကြောင့် ရောက်လာခဲ့တာလဲ။
MRZ : ကျွန်တော်က ဇာတ်ပေါင်းစီးရီးကနေစပြီး Music ပုံစံပြောင်းခဲ့တာပါ။ ဇာတ်ပေါင်း၊ ဆယ့်နှစ်လက်မ တစ်ပေ၊ အချိန်အခါ စီးရီးတွေမှာ Modern Rock ကိုပဲ တစိုက်မတ်မတ် လုပ်ဖြစ်ခဲ့တယ်။ ဒီဂီတကို အခုချိန်အထိ ကျွန်တော် ရင်ခုန်နေတုန်းပဲ။ နောက်လည်း ဒီ Music ကိုပဲ ကျွန်တော်လုပ်ဖြစ်မှာပါ။ ရော့ခ်က ကျွန်တော် အရင်ဆိုခဲ့တဲ့ သီချင်းပုံစံတွေထက်တော့ ပိုပြီး ခွန်အားစိုက်ရတယ်။ ဒါပေမဲ့ ကိုယ်ကြိုက်တဲ့ Music ဖြစ်တဲ့အတွက် ကျွန်တော် လုပ်ရတာကို ကျေနပ်နေတယ်။ ကျွန်တော့်ရဲ့ ကိုယ်ပိုင် Band နဲ့ ရပ်တည်ခွင့်ရလာတာကိုလည်း အရမ်း ကျေနပ်တယ်။

Voice : ကိုယ့်ရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို ဘာများ ဖြည့်စွက် ပြောကြားချင်သေးလဲ။
MRZ : ကျွန်တော့်ရဲ့ One Man Show ကို လာရောက် ကြည့်ရှုအားပေးဖို့ ဖိတ်ခေါ်ချင်ပါတယ်။ ကျွန်တော့်ရဲ့ ပွဲအတွက် ထိုင်ခုံ မစီစဉ်ထားပါဘူး။ မတ်တတ်ရပ်ပြီးတော့ပဲ ကြည့်ရှုအားပေးရမှာပါ။ ကျွန်တော်ဆိုမှာကလည်း ရော့ခ်သီချင်းတွေ အများစု ဖြစ်တဲ့အတွက် မတ်တတ်ရပ်ပြီး ကြည့်မှပဲ အဆင်ပြေမှာပါ။ အားလုံး ခုန်ပေါက်ပြီးတော့ လွတ်လွတ်လပ်လပ် သီချင်းတွေ လိုက်ဆိုလို့၊ ကလို့ရပါတယ်။ လက်မှတ်ဈေးနှုန်းကိုလည်း ၁၀ဝ၀ဝ ပဲ သတ်မှတ်ထားပါတယ်။ ကျွန်တော့်ရဲ့ရှိုးပွဲကို လာကြည့်တဲ့ ပရိသတ်တွေ အားလုံး နောင်တ မရစေရဘူးလို့ ပြောချင်ပါတယ်။ 

သန့်ဇင်ဦး

  • TAGS