News

POST TYPE

RELAX

လမင်းခနဲ့ တွေ့ဆုံခြင်း
10-Oct-2017 tagged as

Rocker အဆိုတော်ကြီးအငဲရဲ့ သမီးကြီးဖြစ်သူ လမင်းခနဲ့ တွေ့ဆုံပြီး အောက်တိုဘာလ ၁၉ ရက်နေ့မှာ ထွက်ရှိလာတော့မယ့် “ကူး … ကူ” တစ်ကိုယ်တော်ခွေအကြောင်း၊ အဖေ့ကြောင့် ဂီတလမ်းမပေါ် လျှောက်ရာမှာ သူများတွေထက် အခက်အခဲ နည်းတဲ့အကြောင်း၊ ကိုယ်ပိုင် အရည်အချင်းနဲ့ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက် ဖြစ်ချင်တဲ့အကြောင်း တစေ့တစောင်းကို The Voice က မေးမြန်းဖော်ပြလိုက်ပါတယ်။ 

Voice : ဂီတကို ဝါသနာပါလို့ သီချင်းခွေ လုပ်ဖြစ်တာလား၊ အဖေ ဖြစ်သူရဲ့ တိုက်တွန်းမှုကြောင့် သီချင်းဆိုဖြစ်တာလား။
LMK : လမင်းက သီချင်းဆိုတာကို ငယ်ငယ်လေးကတည်းက ဝါသနာပါခဲ့တာပါ။ ဒါပေမဲ့ အဖေက လမင်း ကျောင်းပြီးတဲ့အထိစောင့်ပါ၊ ကျောင်းပြီးတော့မှပဲ ဂီတလမ်းကြောင်းပေါ်ကို တင်ပေးမယ်ဆိုတာနဲ့ လမင်း ကျောင်းပြီးတဲ့အထိ စောင့်ခဲ့တယ်။ ဒီခွေကို ၂၀၁၄ မှာစတည်ပြီး ၂၀၁၅ မှာ အတီး အပ်တယ်။ ၂၀၁၆ မှာ အသံသွင်းပြီး ၂၀၁၇ မှာ ထွက်ရှိတာပေါ့နော်။ 

Voice : သီချင်းအမျိုးအစားတွေက အဖေ့လိုပဲ Rock ကို အခြေခံ ထားတာချည်းပဲလား။
LMK : သီချင်း အမျိုးအစားတွေကတော့ Rock အနွယ်ဝင်တွေပဲ များပါတယ်။ Country Rock, Slow Rock နဲ့ Punk Rock ပုံစံတွေပါ။ ခွေထဲမှာ အချစ်သီချင်းတွေပါသလို အချစ်သီချင်း မဟုတ်တာတွေလည်း ပါပါတယ်။ အဖေရေးပေးထားတဲ့ “ကိုယ်ပိုင်အလှ”သီချင်းဆိုရင် လူတိုင်းမှာ အလှကိုယ်စီ ရှိကြတာကို ဖော်ကျူးထားတာပေါ့နော်။ 

Voice : အဖေက သီချင်း ဘယ်နှပုဒ် ပါဝင်ရေးပေးထားလဲ၊ အဖေ ရေးတဲ့ သီချင်းတွေဆိုရတာ ကိုယ့်အတွက် ပိုအဆင်ပြေလား။
LMK : ဒီခွေမှာပါတဲ့သီချင်း ဆယ့်နှစ်ပုဒ်မှာ အဖေက ခြောက်ပုဒ် ရေးပေးထားပါတယ်။ နောက်တစ်ခုက သီချင်းတိုင်းက သူ့အခက်အခဲနဲ့သူ ရှိပါတယ်။ အဲ့ဒါကြောင့် အဖေရေးတဲ့ သီချင်းဖြစ်လို့ ထူးပြီး အားရသွားတာမျိုးလည်း မရှိပါဘူး။ အဖေရေးတာလည်း အဖေရေးသလို ခက်ခဲတာတော့ရှိတာပေါ့နော်။ 

Voice : Title နာမည်က တစ်မျိုးဆန်းသစ်နေတော့ ကိုယ့်ရဲ့စိတ်ကူးနဲ့ ပေးဖြစ်သွားတာလား။
LMK : ဒီသီချင်းက ဦးနိုင်းနိုင် ရေးပေးထားတဲ့ သီချင်းလေးပါ။ လမင်းကလည်း အရင်ကတည်းက စကားလုံးဆိုရင် တိုတာကိုပဲ ကြိုက်တယ်။ အဲ့ဒါကြောင့် ဒီနာမည်ကို Title ပေးဖြစ်တာပေါ့နော်။ ဒီနာမည်က စကားလုံး ရှင်းသလို မှတ်ရတာလည်း လွယ်တယ်လေ။ 

Voice : Rock သီချင်းတွေနဲ့ တောက်လျှောက် ကြီးပြင်းလာသူ ဆိုပေမယ့် ကိုယ်ကိုယ်တိုင်က ဘယ် Music ဘက် ကိုပိုအားသန်လဲ။
LMK : လမင်းကြိုက်တဲ့ပုံစံက တစ်မျိုး၊ ကိုယ်နဲ့ အဆင်ပြေတဲ့ပုံစံက တစ်မျိုးဖြစ်နေတယ်။ လမင်းက ဖေဖေတို့လိုမျိုး Heavy Metal တွေကြိုက်တယ်။ ဒါပေမဲ့ လမင်းအသံနဲ့ကျတော့ အဆင်မပြေဘူး။ အဲ့ဒီလို သီချင်းဆိုဖို့အတွက် လမင်းရဲ့အသံက မမီမကမ်း ဖြစ်နေတယ်။ လမင်းအသံက Country တို့၊ သီချင်း ချိုချိုအေးအေးလေးတွေနဲ့ ပိုလိုက်နေတယ်။ အဲ့ဒါကြောင့် သီချင်း ချိုချိုအေးအေးလေးတွေလည်း ဆိုမယ်။ တစ်ဖက်ကလည်း Rock ကိုကြိုက်တော့ Country Rock ပုံစံမျိုးသွားဖို့ စိတ်ကူးထားပါတယ်။ 

Voice : အဖေ့သီချင်းတွေကို ပြန်ဆိုချင်တာမျိုး ရှိလား၊ ဘယ်သီချင်းကို အဆိုချင်ဆုံးလဲ။
LMK : အဖေ့သီချင်းတွေထဲမှာတော့ လမင်းဆိုချင်တဲ့ သီချင်းတွေက အများကြီးပါပဲ။ ဒါပေမဲ့ အဖေက လမင်းကို စိတ်ချမှာ မဟုတ်ဘူး။ အဲ့ဒါကြောင့် ပေးဆိုမယ် မထင်ဘူး။ “ညမီးအိမ်”သီချင်းတောင်မှ ဆိုဖို့အတွက် လမင်းက မနည်း တောင်းထားရတယ်။ တကယ်လို့ အဖေ့သီချင်းတွေကို ဆိုခွင့်ရမယ်ဆိုရင်တော့ လမင်း အများကြီး ဆိုချင်ပါတယ်။ 

Voice : အဖေ ရှိနေတဲ့အတွက် ဂီတလမ်းမမှာ ကိုယ်လျှောက်ရတာ အခက်အခဲ နည်းတယ်လို့ ပြောရင်ရလား။
LMK : ဒီလမ်းကြောင်းမှာ အဖေရှိနေတဲ့အတွက် လမင်းက အဖေခင်းပေးထားတဲ့လမ်းကို အဆင်သင့်လေး လျှောက်လိုက်ရုံပါပဲ။ အဖေတို့ခေတ်တုန်းကဆိုရင် အစအဆုံးကို အရမ်း ကြိုးစားခဲ့ရတယ်။ လမင်းတို့ကျတော့ အဆင်ပြေတယ်။ တစ်ခုခုဆို အဖေရှိနေတာကြောင့် အခက်အခဲဆိုတာ သူများတွေလောက် မရှိခဲ့ဘူး။ အဖေက ဒီလမ်းကြောင်းမှာ အရမ်းကို အောင်မြင်နေတဲ့သူဖြစ်တော့ လမင်းမှာ ပိုပြီးလည်း တာဝန်ကြီးပါတယ်။ တစ်ခုခု ချွတ်ချော်သွားတာနဲ့ အဖေ့နာမည် ထိခိုက်မှာဆိုတော့ သူများတွေထက် လမင်းဘက်က အများကြီး ပိုကြိုးစားဖို့ လိုပါတယ်။

Voice : အငဲရဲ့သမီးတစ်ယောက်အနေနဲ့ပဲ ရပ်တည်သွားမှာလား၊ ကိုယ်ကိုယ်တိုင်က ဘယ်လို ရပ်တည်ချင်လဲ။
LMK : လမင်းက အနုပညာလောကမှာ အောင်မြင်တဲ့ အနုပညာရှင် တစ်ယောက်အနေနဲ့ ရပ်တည်ချင်ပါတယ်။ အဲ့ဒီလိုဖြစ်အောင်လည်း ကြိုးစားသွားမှာပါ။ ဒါပေမဲ့ အဖေက ဒီလမ်းကြောင်းမှာ ရှိနေတဲ့အတွက် အဖေ့နာမည်နဲ့ အောင်မြင်တာမျိုးတော့ လမင်း လုံးဝ မဖြစ်ချင်ပါဘူး။ လမင်း အရည်အချင်းနဲ့ လမင်း အောင်မြင်တဲ့ အနုပညာရှင် တစ်ယောက် ဖြစ်ချင်ပါတယ်။ 

Voice : ကိုယ်မျှော်လင့်ထားတဲ့ ပရိသတ်ရဲ့ အားပေးမှုက အများကြီးပဲလား။
LMK : လမင်းကတော့ ကိုယ့်ဘက်ကနေ တတ်နိုင်သလောက် အကောင်းဆုံး လုပ်လိုက်တာပါပဲ။ ပရိသတ်ဘက်ကနေ ပြန်ရပါစေဆိုတဲ့ မျှော်လင့်ချက်တော့ လမင်းမှာမရှိပါဘူး။ လမင်း လုပ်စရာရှိတာ အကောင်းဆုံး လုပ်ပြီးသွားပြီ။ အဲ့ဒါကြောင့် ရလဒ်ကတော့ ကံပေးသလောက်ပေါ့နော်။ ဒါပေမဲ့ ပရိသတ်ကြီးဆီက အားပေးမှု ရလိမ့်မယ်လို့ ယုံကြည်ထားပါတယ်။

ဝင်းထွန်းနိုင်

  • TAGS