POST TYPE

RELAX

တေးသံရှင် ဖော်ကာ၊ ဇနီးဖြစ်သူ မပွင့်ဖြူအောင်တို့နဲ့ တွေ့ဆုံခြင်း
09-Oct-2017 tagged as

အောက်တိုဘာလ ၈ ရက်နေ့က စုလျားရစ်ပတ် ထိမ်းမြားမင်္ဂလာပွဲ ဆင်နွှဲခဲ့ပြီး နှစ်ယောက်တစ်ဘဝကို ထူထောင်လိုက်ပြီဖြစ်တဲ့ Rock တေးသံရှင် ဖော်ကာ၊ ဇနီးဖြစ်သူ မပွင့်ဖြူအောင်တို့နဲ့ တွေ့ဆုံပြီး ရှေ့ဆက်သွားမယ့် အနာဂတ် ခရီးစဉ်များအကြောင်း တစေ့တစောင်းကို The Voice က မေးမြန်းဖော်ပြလိုက်ပါတယ်။ 

Voice : နှစ်ယောက်တစ်ဘဝ ထူထောင်လိုက်ပြီဆိုတော့ စိတ်ခံစားမှုက အရင်နဲ့ ဘာတွေ ကွာခြားသွားလဲ။
FC : အရင်နဲ့ မတူတော့တာ သေချာသွားပြီပေါ့နော်။ ရှေ့ကို ကြိုမြင်လို့မရတော့ ဘာတွေဖြစ်လာမလဲ ဆိုတာကို စောင့်ကြည့်ရဦးမှာပါ။ ဒါပေမဲ့ ကိုယ့်ရှေ့က မိဘတွေလိုပဲ၊ ညီအစ်ကို မောင်နှမတွေလိုပဲ တကယ် တည်တည်တံ့တံ့လေးနဲ့ စိတ်ချမ်းသာစရာ ကောင်းတဲ့ မိသားစုလေးဖြစ်အောင် ကျွန်တော့်ဘက်ကနေ အတတ်နိုင်ဆုံး ကြိုးစားသွားမှာပါ။ 

Voice : ချစ်သူဘဝမှာတုန်းက တစ်ယောက်နဲ့တစ်ယောက်က ဘယ်လိုနားလည်မှုတွေနဲ့ ခရီးဆက်ခဲ့ကြလဲ၊ ရှေ့ဆက်ပြီးတော့ ဘယ်လို ညှိယူသွားကြမှာလဲ။
FC : အမြင် မတူတာတွေတော့ အများကြီး ရှိခဲ့ပါတယ်။ ဒါပေမဲ့ သူက ကျွန်တော့်ကို တော်တော်များများ နားလည်ပေးပါတယ်။ အဲ့ဒါကြောင့် ကျွန်တော်ကလည်း သူ့ကို ပြန်ပြီး နားလည်ပေးလိုက်တယ်။ အဓိက တစ်ယောက်နဲ့ တစ်ယောက်က အလျှော့ အတင်းလေးပါပဲ။ တစ်ယောက်ကနေ အရမ်းကြီး လျှော့ပေးရတာမျိုးလည်း မရှိပါဘူး။ လျှော့ရင်းလျှော့ ကျွန်တော်က ပိုလျှော့ခဲ့တာ ဖြစ်မှာပေါ့။ ရှေ့ဆက်ပြီး တော့လည်း ချစ်သူဘဝကထက် ပိုပြီး နားလည်မှုတွေနဲ့ တည်ဆောက်သွားဖို့ ဆုံးဖြတ်ထားပါတယ်။ 

Voice : ကိုယ်ရွေးချယ်တဲ့ ဂီတကလည်း ကိုယ့်ဘဝနဲ့ ထပ်တူကျခဲ့ဆိုတော့ ကိုယ်ရွေးချယ်လိုက်တဲ့ အိမ်ထောင်ဘက်ကရော ကိုယ့်ဘဝနဲ့ ထပ်တူကျရဲ့လား။
FC : ဟုတ်ကဲ့ ထပ်တူကျပါတယ်။ ကျွန်တော်က ကိုယ်နဲ့ ထပ်တူကျတာကိုပဲ လုပ်တယ်။ ကျွန်တော် မကြိုက်တာကို မလုပ်ဘူး။ ကျွန်တော်ကြိုက်တဲ့အရာကို တကယ်ရူးသွပ်မှပဲ လုပ်တယ်။ ကျွန်တော်က အတင်းအဓမ္မ လုပ်ရတာလည်း မကြိုက်ဘူး။ ဘဝမှာ ကိုယ်မတတ်သာလို့ လုပ်ပေးတာမျိုးလည်း မရှိခဲ့ပါဘူး။ 

Voice : အိမ်ထောင်ရှင်တစ်ယောက် ဖြစ်သွားပြီဆိုတော့ ဂီတဖန်တီးမှုဘက်မှာ အပြောင်းအလဲလေးတွေ တွေ့ရမှာလား။ 
FC : အဲ့ဒါကတော့ ကွာမယ်ထင်တယ်။ ကျွန်တော့်တို့ရှေ့က ဆရာသမားတွေဖြစ်တဲ့ ကိုဇော်လတ်တို့ဆိုလည်း သီချင်းလေးတွေက သိသာတယ်လေ။ အရင်တုန်းက ချစ်သူချော့တေးဆိုရင် လက်ရှိမှာတော့ မယားချော့တေး ဖြစ်သွားတာတို့၊ အရင်တုန်းက အသည်းကွဲသီချင်းဆို လက်ရှိကျတော့ အိမ်ထောင်ရေးတင်းတဲ့ သီချင်းတွေ ဖြစ်သွားမှာပေါ့နော်။ 

Voice : ဂီတလှုပ်ရှားမှုတွေကို အရင်ကထက် ပိုလုပ်ဖြစ်သွားမှာလား။
FC : ကျွန်တော့်အနေနဲ့ အိမ်ထောင်ပြုပြီးသွားရင်တော့ ဂီတအလုပ်တွေကို အရင်ကထက် ပိုလုပ်ဖြစ်မယ်ထင်တယ်။ ကိုယ့်မှာ ဇနီးမယားလည်း ရှိလာပြီဆိုတော့ အလုပ်မလုပ်လို့ မရတော့ဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင် ပိုက်ဆံပိုရှာရမှာပေါ့နော်။ အရင်လေးနေတာတို့၊ ဆွဲနေတာတို့ သိပ်လုပ်လို့ မရလောက်တော့ဘူး။ နောက်ကနေ တွန်းမယ့်သူ ရှိပြီဆိုတော့ ပိုသွက်သွားမယ် ထင်တယ်။ 

Voice : မိသားစုချစ်တတ်တဲ့သူ တစ်ယောက်ဆိုတော့ မိသားစုဘဝကို အမြန်ဆုံး အကောင်အထည် ဖော်သွားမှာပေါ့နော်။ 
FC : အမှန်အတိုင်းပြောရရင် ကျွန်တော့်အသက်က သုံးဆယ်ကျော်နေပြီဆိုတော့ မိသားစုလေး လိုချင်လာတယ်။ ကျွန်တော်က ငယ်ငယ်လေးကတည်းက ကလေး အရမ်းချစ်တတ်တော့ ကလေးကိုရတာနဲ့ တန်းယူမယ်။ ကလေး ဘယ်နှယောက် ယူမလဲဆိုရင်တော့ ရသလောက်ပေါ့နော်။ ငယ်ငယ်ကတည်းက အရမ်းချစ်ဖို့ကောင်းတဲ့ မိသားစုကနေ ကြီးပြင်းလာတဲ့အတွက် ကိုယ့်ကိုယ်တိုင်ကလည်း စိတ်ချမ်းသာဖို့ ကောင်းတဲ့မိသားစုဘဝကို အမြန်ဆုံး တည်ဆောက်ချင်ပါတယ်။ 

Voice : အရင်ဆုံး သူ့နဲ့ စတင် ဆုံဖြစ်တာကနေ စပြောပေးပါဦး။
PPA : ညီမက ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့က Grand Royal ရှိုးပွဲသွားကြည့်ရင်းနဲ့ အစ်ကိုနဲ့ စဆုံတာပါ။ ပြီးတော့ သူ့ရဲ့ Fan ဖြစ်သွားပြီး ဖုန်းပြောရင်းပြောရင်းနဲ့မှ တစ်ယောက်ကိုတစ်ယောက် ကြိုက်သွားတာပေါ့နော်။ ညီမနဲ့သူက ချစ်သူသက်တမ်း ငါးနှစ်နီးပါးလောက်မှာ လက်ထပ်ဖြစ်တာပါ။ 

Voice : နာမည်ကျော် အဆိုတော်ကို ချစ်သူ တော်ထားရတာဆိုတော့ ကိုယ့်ဘက်ကနေပိုပြီး နားလည်မှု ပေးခဲ့ရတာမျိုးတွေရှိလား။
PPA : သူနဲ့ ညီမကြားမှာ နားလည်မှုက ထွေထွေထူးထူး ယူရတာမျိုးတော့ မရှိပါဘူး။ တစ်ယောက်နဲ့ တစ်ယောက်က ညှိရင်း နှိုင်းရင်းနဲ့ပဲ လက်ထပ်တဲ့ အခြေအနေအထိ ရောက်ခဲ့တာပါ။ အဓိက ညီမက သူ့ကို နိုင်ငံကျော် အဆိုတော်ဖြစ်လို့ ကြိုက်ခဲ့တာ မဟုတ်ပါဘူး။ ညီမ ကြိုက်လို့ကို ကြိုက်ခဲ့တာဆိုတော့ အဆင်ပြေတယ် ပြောရမှာပေါ့နော်။ 

Voice : အိမ်ထောင်ရှင်မကောင်း တစ်ယောက်ဖြစ်ဖို့အတွက် ကိုယ့်ဘက်က ဘာတွေ ကြိုတင်ပြင်ဆင်ထားလဲ။
PPA : ညီမကတော့ သူ့အတွက် အမြဲတမ်း အဆင်သင့်ပါ။ ချစ်သူဘဝမှာတုန်းကလည်း ကိုယ့်ဘက်ကနေ သူလိုချင်တာ၊ သူဖြစ်ချင်တာ အားလုံးကို အတတ်နိုင်ဆုံး ညှိပေးခဲ့ပါတယ်။ အဲ့ဒါကြောင့် ရှေ့ဆက်ပြီးတော့လည်း သူဘာလိုလို ကိုယ်က နောက်ကနေ နောက်ဆံ မတင်းအောင် ကြိုးစားပေးမှာပါ။

ဝင်းထွန်းနိုင်

  • TAGS