News

POST TYPE

RELAX

အနုပညာအလုပ်က ဘဝအတွက် အသက်ရှည်ဆေးပါဆိုတဲ့ စိုးမြတ်သူဇာ
28-Aug-2016

ရန်ကုန်၊ သြဂုတ် ၂၈

ကိုယ်လက်ရှိ လုပ်ကိုင်နေတဲ့ အနုပညာအလုပ်က ဘဝအတွက် အသက်ရှည်ဆေးလို့လည်း ပြောလို့ရပါတယ်လို့ နာမည်ကျော် ဝါရင့်သရုပ်ဆောင်  စိုးမြတ်သူဇာက The Voice ကို ပြောကြားပါတယ်။ 

“မကြီးက ကျန်းမာ နေသရွေ့တော့ အလုပ် လုပ်ချင်တယ်။ ဒီအလုပ်ကလေးက မကြီးတို့အတွက် အသက်ရှည်ဆေးဆိုလည်း မမှားပါဘူး။ အလုပ်ထဲက လူတွေနဲ့ မကြီးတို့ ပျော်ပျော်ရွှင်ရွှင် နေကြတယ်။ စကားတွေ ပြောကြတယ်။ အလုပ် မရှိတဲ့ အခါကျရင် လူက စိတ်ပါ ကျတတ်တယ်”လို့ အနုပညာ အလုပ်အပေါ် ခင်တွယ်မှုကို ၎င်းက ထပ်လောင်း ပြောဆိုပါတယ်။

အနုပညာ အလုပ်တွေနဲ့ နေ့စဉ် လှုပ်ရှား သွားလာနေရတဲ့ အခါမျိုးမှာ အလုပ်အပေါ်ကို အာရုံစိုက်နေတဲ့အတွက် ကိုယ့်မှာရှိတဲ့ ရောဂါတွေနဲ့ စိတ်သောကတွေကိုတောင် မေ့နေမိပြီး၊ လူကလည်း အမြဲတမ်း လန်းဆန်း တက်ကြွနေကြောင်း သရုပ်ဆောင် စိုးမြတ်သူဇာက ပြောကြားပါတယ်။

“မကြီးကတော့ ကိုယ်လည်း ကျန်းမာရေး ကောင်းနေတယ်။ ပရိသတ်ကလည်း လက်ခံနေတယ်ဆိုရင် ဒီ အနုပညာ အလုပ်ကို ဆက်လုပ်သွားမှာပါ။ ကိုယ်က ဒီအလုပ် လုပ်နေရရင်ကို ပျော်နေတာဆိုတော့လေ။ အလုပ် မရှိရင်သာ လူက စိတ်ဓာတ် ကျချင်သလို ဖြစ်တာ။ အဲ့ဒါကြောင့် အလုပ် လုပ်နေရရင် မကြီးက ပျော်တယ်”လို့ ၎င်းက ဆိုပါတယ်။

လတ်တလော အနုပညာ လှုပ်ရှားမှု အနေနဲ့ကတော့ ဒါရိုက်တာ မိုက်တီး ရိုက်ကူးတဲ့ ရိုက်စား ရုပ်ရှင်ဇာတ်ကားနဲ့ ဒါရိုက်တာ အရုဏ်ဦး ပွင့်သိင်္ဂီဇော် ရိုက်ကူးတဲ့ သူငယ် ရုပ်ရှင်ဇာတ်ကားတို့မှာ စိုးမြတ်သူဇာက ပါဝင် သရုပ်ဆောင်နေပါတယ်။



  • VIA