News

POST TYPE

RELAX

ပညာဒါန သင်တန်းများနှင့် ပညာရေး ဆွေးနွေးပွဲများ
12-Jul-2016
ယနေ့ခေတ် ရေစီးကြောင်းအရ လုပ်ငန်းခွင် လိုအပ်ချက်အရ ဒါမှမဟုတ် ပညာရေး အခွင့်အလမ်းတွေ ရှာဖွေနေတဲ့ လူငယ်တွေအတွက် ဘာသာစကား တတ်ကျွမ်းမှုနဲ့ နည်းပညာ အခြေခံတတ်ကျွမ်းမှုက မရှိမဖြစ် လိုအပ်လာပါတယ်။ ငွေကြေးတတ်နိုင်သူ လူငယ်တွေအတွက် သင်တန်းတွေတက်ပြီး လေ့လာဖို့ အခက်အခဲ မရှိပေမယ့် ငွေကြေးအခက်အခဲရှိတဲ့ လူငယ်တွေနဲ့ နယ်ဒေသက လူငယ်တွေအတွက် အခွင့်အလမ်းတစ်ခု ဖြစ်လာစေမယ့်၊ အထောက်အကူ ဖြစ်စေမယ့် ဘာသာစကား၊ နည်းပညာအခြေခံ ပညာဒါနသင်တန်းတွေ၊ ဆွေးနွေးပွဲ စကားဝိုင်းတွေကို အလွယ်တကူ လေ့လာနိုင်ဖို့ ဒီကဏ္ဍကနေ ပြောပြချင်ပါတယ်။

သရပါ ပညာဒါန သင်တန်းများ

သရပါ ပညာဒါန သင်တန်းကျောင်းက နေပြီးတော့ လှိုင်၊ ကမာရွတ်၊ စမ်းချောင်းမြို့နယ်တွေမှာ ကျောင်းခွဲတွေ ဖွင့်ပြီးတော့ ဂျပန်ဘာသာစကား၊ အင်္ဂလိပ် ဘာသာစကား၊ စီမံခန့်ခွဲမှုဆိုင်ရာ၊ IELTS သင်တန်းတွေကို အခမဲ့ သင်ကြားပေးနေပါတယ်။ သင်တန်းကြေးအတွက် အခမဲ့ဖြစ်ပြီးတော့ စာအုပ်စာတမ်းကြေးကတော့ သက်ဆိုင်ရာ သင်တန်းအလိုက် သတ်မှတ်ထားတာ ရှိတယ်လို့ သရပါ ပညာဒါန သင်တန်းကျောင်း တာဝန်ရှိသူက ပြောပါတယ်။

လှိုင်မြို့နယ်မှာ ဆိုရင်တော့ Japan N-5 သင်တန်းကို မေလ ၂၈ ရက်၊ အင်္ဂလိပ် ဘာသာစကား 4 Skills သင်တန်းနဲ့ Conversation Class သင်တန်းကို မေလ ၃၀ရက်၊ လူသားရင်းမြစ် စီမံခန့်ခွဲမှုသင်တန်းကို ဇွန်လ ၇ ရက်၊ Conversation Class သင်တန်းကို ဇွန်လ ၁၁ ရက်မှာ စတင်ဖွင့်လှစ်သွားမယ်လို့ သရပါ ပညာဒါနကျောင်းထံမှ သိရပါတယ်။

ဒါ့အပြင် ကမာရွတ်မြို့နယ် အတွင်းမှာ အင်္ဂလိပ် ဘာသာစကား General 4 Skills Level 1 သင်တန်းကို မေလ ၂၂ ရက်၊ ဇွန်လ ၄ ရက်နဲ့ ၁၀ ရက်၊ Conversation Class သင်တန်းကို ဇွန်လ ၉ ရက်မှာ ဖွင့်လှစ်သင်ကြားမှာ ဖြစ်ပါတယ်။ စမ်းချောင်းမြို့နယ် အတွင်းမှာတော့ General English 4 Skills Level 1 သင်တန်းနဲ့ လူသားရင်းမြစ် စီမံခန့်ခွဲမှုသင်တန်းကို မေလ ၂၈ ရက်မှာ စတင်ဖွင့်လှစ်သင်ကြားပေးမှာ ဖြစ်ပါတယ်။ လှိုင်မြို့နယ်အတွင်း တက်မယ်ဆိုရင်တော့ သံလမ်းမှတ်တိုင်အနီး Thai Pot မျက်စောင်းထိုး လမ်းမပေါ်က ပြည်သူ့စာကြည့်တိုက်၊ ကမာရွတ်မြို့နယ်မှာ တက်မယ်ဆိုရင်တော့ လှည်းတန်းကားမှတ်တိုင် အနောက်ဘက်၊ အနော်ရထာအိမ်ရာဝင်းထဲက ပြည်သူ့စာကြည့်တိုက်နဲ့ စမ်းချောင်းမြို့နယ်မှာ တက်မယ်ဆိုရင်တော့ ဗားကရာလမ်းနဲ့ ဗဟိုလမ်းထောင့်၊ New Day ဆီဆိုင်မျက်စောင်းထိုးက ပြည်သူ့စာကြည့်တိုက်မှာ တက်ရမှာ ဖြစ်ပါတယ်။

သင်တန်းတွေနဲ့ ပတ်သက်ပြီး တက်ရမယ့်အချိန်၊ ရက်၊ သင်တန်းကာလတွေနဲ့ အခြားအသေးစိတ်ကိစ္စတွေအတွက် Facebook ကနေ သရပါ ပညာဒါနကို ရှာပြီး လေ့လာနိုင်ပါတယ်။ ဒါ့အပြင် ဖုန်း ၀၉-၇၉၅၉၅၈၉၉၆၊ ၀၉-၇၉၅၇၉၂၁၁၅၊ ၀၉-၅၀၆၀၃၇၆ ကို ဆက်သွယ်မေးမြန်းနိုင်ပြီး အွန်လိုင်းကနေ သင်တန်းအပ်မယ်ဆိုရင် http://goo.gl/forms/9UqSsYt28h က အပ်နှံနိုင်တယ်လို့ သရပါ ပညာဒါန သင်တန်းကျောင်းထံမှ သိရပါတယ်။

မနောရမ္မ အခမဲ့သင်တန်းများ

မနောရမ္မ ပညာဒါန သင်တန်းကျောင်းမှာ ကွန်ပျူတာ၊ ဘာသာစကား၊ သက်မွေးပညာရေးနဲ့ စီးပွားရေးဆိုင်ရာ သင်တန်းတွေကို ဇူလိုင်လကုန်ပိုင်းမှာ ထပ်မံဖွင့်လှစ်ပေးမှာ ဖြစ်ပါတယ်။ သင်တန်းကာလ သုံးလကြာမှာ ဖြစ်တယ်လို့ မနောရမ္မ သင်တန်းကျောင်း တာဝန်ရှိသူက ပြောပါတယ်။

ဒီသင်တန်းတွေက တက္ကသိုလ်ဝင်တန်း ဖြေပြီးတဲ့ ကျောင်းသား၊ ကျောင်းသူတွေ၊ ဘာသာစကား လေ့လာလိုသူတွေနဲ့ သက်မွေးပညာရေး လေ့လာနေတဲ့ လူငယ်တွေအတွက် စိတ်ဝင်တစား ကြိုးစားသင်ယူမယ်ဆိုရင် ငွေကြေးသက်သာစွာနဲ့ သင်ယူနိုင်မယ့် အခွင့်အလမ်းတွေ ရနိုင်မှာ ဖြစ်ပါတယ်။

ဘာသာစကားမှာ အင်္ဂလိပ်၊ ဂျပန်၊ ကိုရီးယား၊ တရုတ်၊ ပြင်သစ်၊ ဂျာမန်၊ ထိုင်းဘာသာစကားများ သင်ကြားပေးမှာ ဖြစ်ပါတယ်။ ယခင်က ဖွင့်လှစ် သင်ကြားပေးခဲ့တဲ့ စပိန်နဲ့ မလေးရှား ဘာသာစကား သင်တန်းတွေကိုတော့ အခုအချိန်မှာ သင်ကြားတဲ့ဆရာတွေ မအားလပ်သေးတာကြောင့် ခဏရပ်နားထားတယ်လို့ တာဝန်ရှိသူက ရှင်းပြပါတယ်။

ဒါ့အပြင် စီးပွားရေးဆိုင်ရာနဲ့ ပတ်သက်လို့ စီမံခန့်ခွဲမှုဆိုင်ရာ သင်တန်း၊ စာရင်းကိုင်သင်တန်း Level 1,2,3 ကို သင်ကြားပေးမှာ ဖြစ်ပါတယ်။ သက်မွေးပညာရေးဆိုင်ရာနဲ့ ပတ်သက်လို့ကတော့ Electronic နှင့် Electrical ဆိုင်ရာ သင်တန်းတွေ ဖွင့်လှစ်သင်ကြားမှာ ဖြစ်ပါတယ်။

ကွန်ပျူတာသင်တန်း တက်ချင်တယ် ဆိုရင်တော့ သင်တန်းမဖွင့်ခင် တစ်လ ကြိုလက်ခံပြီး ဘာသာစကား သင်တန်းတွေကိုတော့ သင်တန်းဖွင့်ပြီး သုံးပတ်ကြာသည်အထိ လက်ခံတယ်လို့ သင်တန်းကျောင်း တာဝန်ရှိသူက ပြောပါတယ်။ သင်တန်းကြေး အနေနဲ့ကတော့ အခမဲ့ ဖြစ်ပြီးတော့ စာရွက်စာတမ်းကြေးကိုတော့ သင်ကြားတဲ့ ဆရာတွေဆီကနေ ဝယ်ယူရမှာ ဖြစ်တယ်လို့ တာဝန်ရှိသူက ဆိုပါတယ်။

အသေးစိတ် အချက်အလက်တွေအတွက် သင်တန်းကျောင်းကို ဆက်သွယ်ချင်တယ် ဆိုရင်တော့ မနောရမ္မ ပညာဒါန သင်တန်းကျောင်း၊ ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ ရှမ်းလမ်းမှတ်တိုင်အနီး၊ ဗဟိုလမ်း၊ အရှေ့ဥယျာဉ်တိုက်၊ ဖုန်း ၀၁-၅၁၈၀၂၄၊ ၀၁-၅၃၇၀၂၆ ကို ဆက်သွယ်စုံစမ်း မေးမြန်းကြည့်နိုင်ပါတယ်။

Connect Institute က အခမဲ့ တနင်္ဂနွေ စကားဝိုင်း

အင်္ဂလိပ် ဘာသာစကား အပြော၊ အကြားအနာ စွမ်းရည်လေ့ကျင့်နေသူတွေ အတွက် သိသိသာသာ တိုးတက်ပြောင်းလဲလာစေမယ့်အပြင် အထွေထွေ ဗဟုသုတတွေ၊ ဖြန့်ထွက်စဉ်းစားခြင်း အလေ့အကျင့်တွေနဲ့ ဆွေးနွေးတင်ပြမှု စွမ်းရည်တွေ တိုးတက်လာနိုင်စေမယ့် လူငယ်တွေ စုပေါင်းဆွေးနွေးတဲ့ တနင်္ဂနွေ စကားဝိုင်းကို Connect Institute ကနေ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပြုလုပ်ပေးနေပါတယ်။

Connect Institute က အမေရိကန်ပြည်ထောင်စုရဲ့ Liberal Arts and Sciences တက္ကသိုလ် ပရိုဂရမ်တွေကို မြန်မာနိုင်ငံမှာ သင်ကြားပေးနေတာဖြစ်ပြီး အမေရိကန်ပြည်ထောင်စု အစိုးရတက္ကသိုလ်တွေက ဆရာတွေ လာရောက်သင်ကြားပေးတာကြောင့် အဲဒီဆရာတွေနဲ့ပါ ဆွေးနွေးနိုင်မယ့် အခွင့်အလမ်းတွေ ရစေနိုင်မှာ ဖြစ်တယ်လို့ ကျောင်းတာဝန်ရှိသူက ပြောပါတယ်။

တနင်္ဂနွေ စကားဝိုင်းမှာ အသက် ၁၆ နှစ်ကနေ ၂၀ အတွင်း တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး ကျောင်းသား၊ ကျောင်းသူတွေအတွက် အဓိက ရည်ရွယ်တာ ဖြစ်ပြီး အင်္ဂလိပ် ဘာသာစကားနဲ့သာ ပြောဆိုဆွေးနွေးရမှာ ဖြစ်တယ်လို့ Connect Institute ရဲ့ တာဝန်ရှိသူတွေက ဆိုပါတယ်။

အဲဒီတနင်္ဂနွေ စကားဝိုင်းကို အခမဲ့ဖြစ်ပြီး ဘယ်သူမဆို လာရောက်ပြီး ဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်။ သင်တန်းနေရာကတော့ Connect Institute အမှတ် (၃-အေ)၊ Pansodan Business Tower၊ ပန်းဆိုးတန်းလမ်းနဲ့ အနော်ရထာလမ်းထောင့်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း ၀၉-၇၇၉၀၀၀၉၀၀ ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်တယ်လို့ အဆိုပါ ကျောင်းတာဝန်ရှိသူတွေက ရှင်းပြပါတယ်။

အမေရိကန်သံရုံးက အမေရိကန် ပညာရေး စကားဝိုင်း

မြန်မာနိုင်ငံကနေ အမေရိကန်ပြည်ထောင်စုကို သွားရောက်ပညာသင်ကြားဖို့ ရည်ရွယ်ထားတဲ့ လူငယ်တွေအတွက် အမေရိကန်ပြည်ထောင်စု သွားရောက်ပညာသင်ယူခြင်းနဲ့ ပညာသင်ဆု အခွင့်အလမ်းတွေအကြောင်း ဆွေးနွေးပေးမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စု သံရုံးကနေ သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီအကြောင်းအရာတွေကို Rhode Island ပြည်နယ် Johnson & Wales University (JWU) တက္ကသိုလ်က လာရောက်ဆွေးနွေးပေးမှာ ဖြစ်ပြီးတော့ အမေရိကန်ပြည်ထောင်စု ပညာရေး Education USA ကနေလည်း အမေရိကန်ပြည်ထောင်စု ပညာရေး အချက်အလက်တွေကို ရှင်းလင်းပြောကြားပေးမှာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိမြန်မာနိုင်ငံရဲ့ ပြည်တွင်း နိုင်ငံတကာ အဆင့်မြင့်ပညာရေး ဈေးကွက်မှာ လေ့လာနေတဲ့ ကျောင်းသားစာရင်းအရ ဗြိတိန်ပညာရေးစနစ်က ဦးဆောင်နေပါတယ်။ အရည်အသွေး၊ အလုပ်အကိုင် အခွင့်အလမ်း အာမခံချက်တွေကလည်း အားကောင်းပါတယ်။ ဗြိတိန်ပညာရေးနည်းတူ အမေရိကန်ပြည်ထောင်စု ပညာရေးကလည်း တိုးချဲ့လာပါတယ်။

မြန်မာနိုင်ငံက ကျောင်းသား၊ ကျောင်းသူတွေလည်း အမေရိကန် ပညာရေးကို စိတ်ဝင်စားမှု ပိုများလာတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ ဘာတွေပြင်ဆင်ရမလဲ၊ ဘာတွေသတိထားရမလဲ ဆိုတာတွေနဲ့ ပညာသင်ဆု အခွင့်အလမ်းတွေကို ဒီဆွေးနွေးပွဲကနေ အတိုင်းအတာတစ်ခုထိ ရစေနိုင်မှာ ဖြစ်ပါတယ်။

မေလ ၂၄ ရက် ညနေ ၄ နာရီကနေ ၅ နာရီအထိ ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ တော်ဝင်လမ်း၊ အမှတ် (၁၄) က အမေရိကန်စင်တာမှာ ဆွေးနွေးပေးမှာ ဖြစ်ပါတယ်။ အသေးစိတ်ကိုတော့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် ပြည်ထောင်စုသံရုံး ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်း၊ အမှတ် (၁၁၀)၊ ဖုန်း ၀၁-၅၃၆၅၀၉ နဲ့ https://www.facebook.com/usembassy.rangoon/ မှာ ဝင်ရောက်လေ့လာ၊ မေးမြန်းနိုင်မှာ ဖြစ်ပါတယ်။

နေဇာကျော်