News

POST TYPE

RELAX

ကရင်နှင့် ဗမာ ထိပ်တိုက်ရင်ဆိုင်မှုပြဿနာ
12-Jul-2016
အမျိုးသားစာပေဆုနဲ့ စာပေလွတ်လပ်ခွင့်ဆုရ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ ကရင်နဲ့ ဗမာ ထိပ်တိုက်ရင်ဆိုင်မှု ပြဿနာကို ဘက်ပေါင်းစုံက ချဉ်းကပ်ပြထားတာပါ။ ‘မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ဒေသခံလူမျိုးရေး ထိပ်တိုက်ရင်ဆိုင်မှုတွင် အဆင့်နှစ်ဆင့် ရှိလေသည်။ ပထမအဆင့်တွင် ကရင်နှင့် ဗမာ ပဋိပက္ခဖြစ်၍ ဒုတိယအဆင့်တွင် ဗမာနှင့် လူမျိုးစုများ၏ ပဋိပက္ခပင် ဖြစ်လေသည်။ ပထမအဆင့် ထိပ်တိုက်ရင်ဆိုင်မှုကို သုံးသပ်လျှင် ဂျပန်ဝင်စနှင့် အင်္ဂလိပ်ဆုတ်ခွာစ လစ်လပ်နေသော အုပ်ချုပ်ရေးတွင် ဘီအိုင်အေ (B.I.A) က ဝင်ရောက်တာဝန်ယူလာချိန်တွင် စတင်သည် ...’ ဆိုပြီး ကရင်-ဗမာ ထိပ်တိုက်ရင်ဆိုင်မှုကို နိဒါန်းချီထားပါတယ်။

ဂျပန်ခေတ်မှာ စတင်ခဲ့တဲ့ ပထမအဆင့် လူမျိုးရေး ထိပ်တိုက်ရင်ဆိုင်မှုနဲ့ ၁၉၄၉ ခုနှစ်မှာ စတင်ခဲ့တဲ့ အင်းစိန်အရေးအခင်းက အစပြုခဲ့တဲ့ ဒုတိယအဆင့် လူမျိုးရေး ထိပ်တိုက်ရင်ဆိုင်မှု နှစ်ရပ်လုံးကို ထိုစဉ်က မြန်မာနိုင်ငံရဲ့ အဓိက ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ဒေါက်တာဘမော်၊ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်နုတို့ဟာ အတော်အတန် ပြည့်ပြည့်စုံစုံ တင်ပြခဲ့ကြတယ်လို့ စာအုပ်နိဒါန်းမှာ ရေးသားထားပါတယ်။ ဒီသမိုင်းဝင်ပုဂ္ဂိုလ် သုံးဦးနဲ့ ပတ်သက်တဲ့ သဘောထားအမြင်တွေ၊ ဆောင်ရွက်ချက်တွေကိုလည်း လေ့လာဖတ်ရှုရမှာ ဖြစ်ပါတယ်။

အပိုင်းလေးပိုင်း ပိုင်းဆစ်ထားတဲ့ အောက်မှာမှ ထိပ်တိုက်ရင်ဆိုင်မှု၏ နိဒါန်း၊ ကံကြမ္မာ၏ စီရင်ခြင်းကို ခံရရှာသော ကရင်ဝန်ကြီးသုံးဦး၊ ကေအင်န်ယူအဖွဲ့ချုပ်၏ ဆုံးဖြတ်ချက်၊ စောဘဦးကြီး၏ နုတ်ထွက်လွှာနှင့် ကရင်အဖွဲ့အစည်းများ၏ သဘောထားဆိုတဲ့ အကြောင်းအရာတွေအပြင် အခန်းပေါင်း ၉ ခန်းနဲ့ နောက်ဆက်တွဲ (က) (ခ) တို့ ပါဝင်ပါတယ်။ အခန်းတစ်ခုချင်းစီရဲ့ အောက်မှာမှ သက်ဆိုင်ရာ အကြောင်းအရာအလိုက် ခေါင်းစဉ်ခွဲတွေနဲ့ ရေးသားထားပါတယ်။ ဒေါက်တာဘမော်၏ ကြိုးပမ်းမှု၊ ဇာတ်လမ်းအစ (၁) (၂)၊ မြန်မာ့တော်လှန်ရေး ခရီးကြမ်း၊ ကရင်-မြန်မာ အဓိကရုဏ်း၊ ရခိုင်-အိန္ဒိယ အဓိကရုဏ်း၊ လူမျိုးစုများ ပြဿနာ ဖြေရှင်းရေး၊ ဗိုလ်ချုပ်အောင်ဆန်း၏ အခြေခံမူလေးချက်၊ လမ်းညွှန်ချက် (၇) ချက်၊ ဂျပန်ခေတ် အတွင်းရေး (ဗန္ဓုလဦးစိန်)၊ ကရင်-ဗမာ ချစ်ကြည်ရေး၊ ကရင်နိုင်ငံရေး လှုပ်ရှားမှုများ၊ ကေအင်ဒီအို စတဲ့ ခေါင်းစဉ်ခွဲ အကြောင်းအရာပေါင်း ၂၀ ကျော် ပါဝင်တယ်။

မြန်မာ့ခြေရာ စာအုပ်တိုက်က ထုတ်ဝေတာဖြစ်ပြီး စာအုပ်တန်ဖိုး ၃၅၀၀ ကျပ်ပါ။