News

POST TYPE

RELAX

သု ရောက်နေတဲ့နေရာကလည်း ဘာမှမဟုတ်သေးဘူး။ အဲဒီအတွက် သု အနာဂတ်က မသေချာဘူး။
27-Aug-2016
ပန်းဒေါင်း ဇာတ်ကားမှာ ခင်နွယ်စိုး ကာရိုက်တာရဲ့ ဝတ်စား ဆင်ယင်မှုအပေါ် ပရိသတ် တချို့ရဲ့ ဝေဖန်မှု၊ ရုပ်ရှင် ဗီဒီယို ဇာတ်ကားတွေကို ဘယ်လိုပုံစံမျိုး လက်ခံဖြစ်ပုံ၊ နောက်ထပ် လုပ်ဆောင်နေတဲ့ အနုပညာ လှုပ်ရှားမှုတွေနဲ့ ပညာရေး အကြောင်းတွေကို The Voice က သရုပ်ဆောင် ပိုင်ဖြိုးသုနဲ့ တွေ့ဆုံပြီး မေးမြန်းထားတာ ဖြစ်ပါတယ်။

Voice : အခုလက်ရှိ အနုပညာ လှုပ်ရှားမှု ပြောပြပါဦး။
PPT : ဒါရိုက်တာ ကိုသားကြီး၊ သရုပ်ဆောင် မြင့်မြတ်နဲ့ ဗီဒီယို ရိုက်နေပါတယ်။ အဲဒီမှာ သု ကာရိုက်တာက ကျောင်းဆရာမပါ။

Voice : ပန်းဒေါင်း ရိုက်ကူးပြီးပြီဆိုတော့ ဇာတ်ဆောင် ခင်နွယ်စိုး သရုပ်ဆောင်မှု အပေါ် ကျေနပ်မှုရှိခဲ့လား။
PPT : သု အနေနဲ့ကတော့ ကိုယ့်ဘက်က အတတ်နိုင်ဆုံး အပီပြင်ဆုံး ခင်နွယ်စိုး ဖြစ်အောင် ကြိုးစားခဲ့ပါတယ်။

Voice : လမ်းခရီး အခက်အခဲတွေ ဘာတွေ ကြုံတွေ့ရလဲ။
PPT : Location သွားရတာ ခက်တဲ့ နေရာတွေပေါ့နော်။ ဥပမာ ကားလမ်း သိပ် မပေါက်ဘူး၊ ခက်ခက်ခဲခဲတွေ သွားရတယ်။ တစ်ဖက်မှာ ချောက်ကြီး၊ ကားတစ်စီး သွားသာရုံလေး အဲဒီလိုမျိုးလေးတွေပေါ့နော်။ တချို့နေရာတွေမှာ သွားတာတွေက ရိုက်တဲ့နေရာက လှတဲ့နေရာ ရောက်ဖို့အတွက် ကားတွေ ထားခဲ့ပြီး တောင်တွေ မတ်မတ်ကြီး တက်ခဲ့ရတယ်။ အခက်အခဲကတော့ အဲဒီလောက်ပဲ ရှိပါတယ်။ ကျန်တာတော့ အားလုံး အဆင်ပြေပါတယ်။

Voice : ဒီကား ရိုက်ကူးနေတုန်း ဖိနပ်စီးမှုနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေအပေါ် ဘယ်လို မြင်မိလဲ။
PPT : တော်တော်များများ ဝေဖန်ကြတယ် ဆိုတာက သု ထင်တာကတော့ အပြင်က မခင်နှင်းကြည်သာ ဒီလို ဖိနပ်မျိုး မစီးလို့ ပေါ့နော်။ ဒါပေမဲ့ ဒီကားလေးက မခင်နှင်းကြည်သာ အကြောင်းကို ရိုက်ထားတာ မဟုတ်ဘူး။ လူ တော်တော်များများ ထင်တာက ဒါ မခင်နှင်းကြည်သာရဲ့ Biography ပေါ့နော်၊ သူ့အတ္ထုပ္ပတ္တိ ထင်ကြတယ်။ အမှန်တော့ မဟုတ်ဘူး၊ Based လုပ်ထားတာ။ ဆရာလင်္ကာရည်ကျော်ရဲ့ ဝတ္ထုထဲမှာဆိုရင် သူ့ဇာတ်ကောင် ခင်နွယ်စိုးက အရမ်းကို ချမ်းသာတဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးရဲ့ သမီးပေါ့နော်။ ဒါပေမဲ့ သူက အဲဒီဘဝကို စွန့်လွှတ်ပြီးတော့ လုပ်ထားတာပါ။ သု ပြောချင်တာတော့ မခင်နှင်းကြည်သာနဲ့ ချွတ်စွပ်တူမှာ မဟုတ်ဘူး။ ဝတ္ထုထဲက ခင်နွယ်စိုး ဖြစ်အောင် ကြိုးစား ထားပါတယ်။ အဲဒီမှာ ဖိနပ် စီးဖြစ်သွားတာကလည်း အန်ကယ်လေးက တောလမ်း ခရီးသွားမှာ အဆင်ပြေဆုံးပဲ။ ဘယ်လောက် ကြမ်းတဲ့ခရီး ဖြစ်ပါစေ အဆင်ပြေတယ်ဆိုလို့ သု စီးဖြစ်တာပါ။ အကယ်၍ သုသာ မခင်နှင်းကြည်သာရဲ့ အတ္ထုပ္ပတ္တိ ရိုက်မှာဆိုရင် ဒါမျိုး မရွေးပါဘူး။ အခုက မခင်နှင်းကြည်သာရဲ့ အတ္ထုပ္ပတ္တိ မဟုတ်ဘဲနဲ့ ခင်နွယ်စိုး ဖြစ်အောင် ကြိုးစားရမှာ ဖြစ်တဲ့အတွက် ရွေးချယ်လိုက်တာပါ။

Voice : လက်ရှိ ရိုက်ဖို့ လက်ခံထားတဲ့ ရုပ်ရှင်ကားတွေ ရှိလား။
PPT : စက်တင်ဘာမှာ တစ်ကား ရှိတယ်။ တောက်လျှောက် တစ်လ တစ်ကားလောက် ရိုက်ဖို့ ပြောထားတာ သုံးကားလောက် ရှိတယ်။ သေချာတော့ လက်မခံရသေးဘူး။

Voice : အခုနောက်ပိုင်း ရိုက်ကူးမှုများ လာတာဆိုတော့ ကိုယ့်အတွက် ဘယ်လို အတွေ့အကြုံ ပိုရလာလဲ။
PPT : သု အနေနဲ့ကတော့ ကားကြီးပဲ ဖြစ်ဖြစ်၊ ဗီဒီယိုပဲဖြစ်ဖြစ် နောက်ဆုံး သီချင်း Music Video ပဲဖြစ်ဖြစ် ကိုယ့်ဘက်က အတတ်နိုင်ဆုံး အပီပြင်ဆုံး ဖြစ်အောင် ကြိုးစားပါတယ်။ ကားကြီး ရိုက်လာတဲ့အတွက် ပိုပြီးတော့ တိုးတက်လာတာ ဆိုရင် အတွေ့အကြုံ ပညာတွေ ပိုရလာတယ်။ ကားကြီးမှ မဟုတ်ပါဘူး၊ ရိုက်ကူးမှုတွေ များလာတာနဲ့ အလုပ်က သင်ပေးတဲ့ ပညာတွေ များလေလေပါ။

Voice : ဆေးပညာနဲ့ ပတ်သက်ပြီး သင်တန်း ထပ်တက်ဖို့ ရှိနေတယ် ဆိုတော့ တက်ဖြစ်ပုံ ပြောပြပါဦး။
PPT : ဘွဲ့လွန်တက်ဖို့ပါ။ သု အနေနဲ့က အွန်လိုင်းပဲ တက်ဖြစ်မယ်။ သု သွားတက်ဖို့အတွက်က အဆင်မပြေဘူး။ ဒီဘက်မှာလည်း အလုပ်တွေ တစ်ဖက်နဲ့ဆိုတော့ အွန်လိုင်းကနေ တက်ဖို့ စဉ်စားထားပါတယ်။

Voice : ဆရာဝန်ဘက်ကို ပြန်ကူးပြောင်းဖို့အတွက် တက်ဖြစ်တာလား။
PPT : ဟိုဘက်ကို ကူးပြောင်းမလားလို့ သုကို မေးရင်တော့ ကံကြမ္မာ ဆိုတာ ဘယ်သူမှ ကြိုတင် မမြင်နိုင်ဘူး။ သု ကိုယ်တိုင်လည်း သု ကံကြမ္မာက ဘာပေးလာမယ် ဆိုတာ မသိဘူး။ အဲဒီအတွက် သု အနေနဲ့ မိဘကို ကိုယ့်ကြောင့် စိတ်မဆင်းရဲစေချင်ဘူး။ အဲဒါကြောင့် အတတ်နိုင်ဆုံး ကိုယ့်ဘက်က ပြင်ဆင်နိုင်တာ ရှိသမျှ ပြင်ဆင်ထားတဲ့ သဘောပါပဲ။

Voice : အနုပညာဘက် ရွေးချယ်မှုအပေါ် ကျေနပ်အားရမှု ရှိပြီလား။
PPT : အခုအချိန်မှာ သု အနေအထားက ပြောရမယ်ဆိုရင် ပရိသတ်အားပေးမှု အပြည့်အဝ ရရှိတဲ့ အနေအထား မဟုတ်သေးပါဘူး။ ပရိသတ် အသိအမှတ် ပြုတာကို နည်းနည်းလေးပဲ ခံရသေးတယ်လို့ ခံယူထားတယ်။ အဲဒီအတွက် အခု အနေအထားကို ကျေနပ်လားဆိုရင် မကျေနပ်ပါဘူး။ ဆရာဝန် လုပ်မယ်ဆိုရင် သု အတွက်ကတော့ သေချာတဲ့ အသက်မွေးဝမ်းကျောင်း တစ်ခုဖြစ်တယ်။ သေချာတာကတော့ ဆရာဝန် တစ်ယောက်ဟာ အစိုးရ အလုပ်ပဲ ဝင်လုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ၊ အပြင်မှာ ဆေးကုမ္ပဏီမှာ လုပ်တာပဲဖြစ်စေ ဘယ်လိုပဲဖြစ်ဖြစ်ပါ ဆရာဝန် တစ်ယောက် အနေနဲ့ ပိုင်ပိုင်နိုင်နိုင် ရရှိပြီးသားကို သုက သေချာတဲ့ အသက်မွေးဝမ်းကျောင်း တစ်ခုကို စွန့်ပစ်ပြီးတော့ ဒီဘက် အနုပညာ လမ်းကြောင်းကို ဝင်လာတာ။ အမှန်တိုင်း ပြောရရင်တော့ အနုပညာမှာ သု အောင်မြင်လား မအောင်မြင်လားဆိုတာ ဘယ်သူမှ သုကို အာမခံချက် မပေးနိုင်ဘူး။ အခု သု ရောက်နေတဲ့ နေရာကလည်း ဘာမှ မဟုတ်သေးဘူး အဲဒီအတွက် သု အနာဂတ်က မသေချာဘူး။ ဒါပေမဲ့ သု မိုက်မဲစွာနဲ့ပဲ အနုပညာ အလုပ်ကို အရမ်းချစ်တဲ့အတွက် ရွေးချယ်ထားတာပါ။

Voice : ဇာတ်ဆောင်အတွက် ဘယ်လိုမျိုး ပြင်ဆင်လေ့ရှိလဲ။
PPT : အဓိကတော့ ဝတ္ထုပေါ့နော်။ ဝတ္ထုရှိရင် သု အကြိမ်ကြိမ် အခါခါ ဖတ်တယ်။ ပြီးရင် ဉာဏ်မီသလောက် ဒါရိုက်တာနဲ့ မတွေ့ရသေးခင်မှာ စဉ်းစားထားတယ်။ ဒါရိုက်တာနဲ့ တွေ့ရင် ဘယ်အချက် ဘယ်အချက်လေးတွေ မေးမယ်ပေါ့နော်။ ကားရိုက်ကူးမှု မစခင် ဘာတွေ ဘာတွေ မေးမယ်ဆိုပြီး ချရေးထားတယ်။ ဇာတ်ညွန်း တစ်ခါ ရလာရင် ဒါရိုက်တာနဲ့ တွေ့ရင် သမီး ကာရိုက်တာကို ဘယ်လို လုပ်စေချင်လဲ မေးတယ်။ ဒါရိုက်တာရဲ့ ညွှန်ကြားမှု ရပြီဆိုရင် ဇာတ်ညွှန်းကို သေချာ ဖတ်တယ်။ ဖတ်ပြီးရင် ဇာတ်ညွှန်းမှာ မရှင်းတာရှိရင် ဒီအခန်းမှာ သု ကာရိုက်တာက ဒီစကားလေး ပြောရတာလဲဆိုတာ အဓိကတော့ ဒါရိုက်တာရဲ့ ညွှန်ကြားမှုအောက်မှာ ဇာတ်ညွှန်းတွေ ဝတ္ထုတွေကို ထပ်ခါ ထပ်ခါ ဖတ်ရင်းနဲ့ပဲ ကာရိုက်တာကို ပြင်ဆင်ပါတယ်။

Voice : ကိုယ် သရုပ်ဆောင်ချင်တဲ့ ဇာတ်ဆောင် ဆိုရင် ဘယ်လို ဇာတ်ဆောင် ဖြစ်မလဲ။
PPT : မျက်မမြင် ကားရိုက်တာတွေပေါ့။ ဒါမှမဟုတ် အော်တစ်ဇင်ပေါ့။ သု အော် တစ်ဇင် ကလေးတွေအတွက် အကျိုးပြု ဇာတ်လမ်းတိုလေး တစ်ခု ရိုက်ပေးထားတယ်။ အဲဒီနောက်ပိုင်း အော်တစ်ဇင် ကာရိုက်တာ အနေနဲ့ ရိုက်ချင်တယ်။ ဘာဖြစ်လဲ ဆိုတော့ ကလေးတွေရဲ့ အကြောင်းကို လူသိအောင် လုပ်ပြချင်တယ်။ ကိုယ်က အနုပညာသည်ဆိုတော့ ကိုယ်တတ်နိုင်တဲ့ဘက်ကလေးက ဒီကလေးတွေအတွက် ကူညီတဲ့အနေနဲ့ ကား တစ်ကား ရိုက်ကြည့်ချင်တယ်။ ဒါက သု လုပ်ချင်တာပေါ့။ ဒါမှမဟုတ်လည်း လိုအပ်ချက် တစ်ခုခုရှိနေတဲ့ ကာရိုက်တာမျိုး ရိုက်ကြည့်ချင်တယ်။

Voice : ဖေ့စ်ဘွတ်ပေါ်မှာ အပတ်စဉ် ကြာသပတေးနေ့တိုင်း ပရိသတ်အတွက် အချိန် ပေးဖြစ်ပုံကို ပြောပြပါဦး။
PPT : အဓိက ကိုယ်က ပရိသတ်အပေါ်မှာ Guilty (အပြစ် ရှိသလို) ဖြစ်တယ်။ အဲဒီလို ဖြစ်တယ် ဆိုတာက ကိုယ် အောင်မြင်ဖို့ ကြိုးစားတယ်။ ကိုယ့်ကို ပရိသတ်က အသိအမှတ်ပြုအောင် ကြိုးစားရတယ်။ သု အနေအထားဆိုရင် အခုမှစတာ ဖြစ်တဲ့အတွက် အရမ်း ကြိုးစားရတယ်။ အဲဒီအတွက် တစ်ချိန်လုံး အလုပ်အလုပ် ဖြစ်နေတယ်။ တစ်ခါတလေကျရင် အလုပ်တွေ လုပ်ရင်း မေ့သွားတယ်။ သုတို့ ဘာကြောင့် အလုပ်တွေ လုပ်လဲဆိုတာ ကိုယ့်ကိုယ်ကိုယ် မေ့သွားတယ်။ အဓိက ပရိသတ် အားပေးမှု၊ ပရိသတ် ထောက်ခံမှ သရုပ်ဆောင် ဆိုတာ ရပ်တည်လို့ ရမှာ။ အဲဒီအတွက် ပရိသတ်ကို လုံးဝ မေ့နေလို့ မရဘူး။ ကိုယ်က ပရိသတ်ကို ဖျော်ဖြေဖို့အတွက်ပဲ ဒီအလုပ်တွေ လုပ်တာ။ ဒါပေမဲ့ တစ်ခါတလေကျရင် ကိုယ် Entertain လုပ်တာ ကိုယ်ကို အားပေးတဲ့ ပရိသတ်ကို ပြန်အချိန်ပေးဖို့ မေ့နေတာ။ အဲဒါကြောင့် ဘယ်လောက် အလုပ်ရှုပ်ရှုပ် ကြာသပတေးနေ့မှာ ပရိသတ်ကို ပြန်အချိန်ပေးပြီး စကား ပြောမယ်။ သူတို့ မေးထားတဲ့ အဖြေတွေ ပြန်ဖြေမယ်လို့ ဆုံးဖြတ်ချက် ချလိုက်တယ်။

Voice : 3 Girls ရုပ်ရှင်မှာ ဝါရင့် သရုပ်ဆောင်တွေနဲ့ အပြိုင် လုပ်ရတာဆိုတော့ ဘယ်လိုမျိုး ကြိုးစားခဲ့ရလဲ။
PPT : 3 Girls ကတော့ ဒါရိုက်တာ ကိုဝိုင်း ဖြစ်တဲ့အတွက် ကိုဝိုင်းက အမြဲ ဇာတ်ညွှန်းကို အစောကြီး ပေးထားတယ်။ သုကို ဇာတ်ညွှန်းပေးတာ ၂ လပိုင်း အကုန်ကတည်းက ပေးထားတယ်။ သုတို့ ရိုက်ဖြစ်တာ ဟိုတလောကမှ ရိုက်ဖြစ်တာ။ အကြာကြီး ကြိုပေးထားတာ ဖတ်ပေါ့နော်။ သမီးဖတ်ပြီး မေးချင်တာတွေ သိချင်တာ ရှိရင် အစ်ကို့ကို ပြန်မေး၊ ညှိလို့ ရတယ်ပေါ့။ အကုန် ညှိခွင့်ရှိတယ်။ ဇာတ်ကောင် စရိုက်၊ အဝတ်အစားက အစ အစောကြီးကတည်းက သေချာ ပြင်ခွင့်ရှိတယ်။ အဲဒီအတွက် သေချာလေးကို အဲဒီကားမှာ လုပ်ထားတယ်။ မဖွေး၊ မအိချောတို့ ဆိုတာလည်း သရုပ်ဆောင် ကောင်းတယ်ဆိုတဲ့ နာမည်ကြီး မင်းသမီးတွေချည်းပဲ။ အဲဒီလိုမျိုး ဆိုတော့ ကိုယ်ကလည်း အဓိက ဒီလိုတော်တဲ့ မင်းသမီးတွေကြားမှာ ကိုယ်လိုအပ်ချက် အများကြီး ဖြစ်မနေအောင် ပရိသတ်က ယှဉ်ကြည့်တဲ့အခါမှာ ပိုင်ဖြိုးသု ညံ့လိုက်တာ၊ ဒီလောက် ကောင်းတဲ့ မင်းသမီး နှစ်ယောက်နဲ့ သရုပ်ဆောင်ရမှာ သူက သရော်ကမော် လုပ်ထားတယ်လို့ မပြောအောင် ဖြည့်ဆည်းပြီး ကြိုးစားထားပါတယ်။

Voice : ဇာတ်ကားတွေ လက်ခံမယ်ဆိုရင် ဇာတ်လမ်း၊ သရုပ်ဆောင် အပိုင်း ဘယ်ဟာကို အဓိက ကြည့်ပြီး လက်ခံဖြစ်လဲ။
PPT : အဲဒါက နှစ်ခုလုံး ဖြစ်မယ်။ ဇာတ်လမ်းလည်း ကြည့်တယ်၊ နောက်တစ်ခါ ကိုယ့်ရဲ့ ကာရိုက်တာလည်း ကြည့်တယ်။ ကိုယ့် ဇာတ်ကောင်စရိုက် အနေနဲ့ လုပ်ကွက်လေး လိုချင်တာပေါ့နော်။ ကိုယ်က ကြိုးစားဆဲကာလ ဆိုတော့ ပရိသတ်ကို လုပ်ပြချင်တာပေါ့နော်။

Voice : ငြင်းခဲ့တဲ့ ဇာတ်လမ်းတွေရော ရှိခဲ့လား။
PPT : ရှိပါတယ်။ အဓိက သု ငြင်းခဲ့တယ် ဆိုတာက သုရဲ့ ကာရိုက်တာအားဖြင့် အဆင် မပြေဘူး။ ဒီကာရိုက်တာ တစ်ခုတည်းပေါ့။ ဟိုတလောကဆိုရင် စိုင်းစိုင်းကို ချစ်တယ်၊ ဧဒင်နတ်သမီး ရိုက်တယ်။ အရူး ကာရိုက်တာတွေ များနေတယ်။ အချစ်ရူး ကာရိုက်တာတွေ အရမ်း ရိုက်ရတယ်။ အဲဒီလို ဇာတ်ကောင်နဲ့ ခေါက်ရိုးကျိုးသွားမှာ စိုးတာပေါ့နော်။ ကိုယ်က အများကြီး လုပ်ချင်တဲ့လူဆိုတော့ အခုလောလောဆယ် ခဏ ရပ်ထားတယ်။

Voice : သုရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး သိပ် မသိရဘူး၊ ချစ်သူ အိမ်ထောင်ဖက်ကို ဘယ်လို ပုံစံမျိုး ဆိုပြီး စိတ်ကူးထားတာမျိုး ရှိလား။
PPT : သေချာတာတော့ ပရိသတ်ကို အသိပေးပြီးမှ လက်ထပ်မှာပါ။ အဓိကတော့ စိတ်ဓာတ်ပေါ့နော်။ သု ချစ်သူက သု လေးစား နိုင်တဲ့သူ ဖြစ်ရမယ်။ လက်ထပ်ဖို့ ရည်ရွယ်ပြီး ထားတဲ့ချစ်သူဆိုတော့ ကိုယ့်အိမ်ဦးနတ်အဖြစ် လေးစားနိုင်တဲ့ စိတ်ဓာတ်မျိုးရှိတဲ့ ယောက်ျားပီသတဲ့သူ ဖြစ်စေချင်တယ်။

ဆုအိန္ဒြေဦး


  • VIA