News

POST TYPE

RELAX

အချဉ်နှင့် အခြားဆောင်းပါးများ စုစည်းမှု
12-Jul-2016
The Voice, 7 Day, The Myanmar Post, The Myanmar Review, Education Digest သတင်းစာ ဂျာနယ်တွေမှာ ရေးသားဖော်ပြခဲ့တဲ့ ဆောင်းပါးတွေကို စုစည်းထားတာ ဖြစ်ပါတယ်။ အောင်အောင် (IR) ရဲ့ စတုတ္ထမြောက် ဆောင်းပါးစုစည်းမှု စာအုပ်ဖြစ်ပြီး အရင်စာအုပ်တွေအတိုင်း လူငယ်တွေ အသိပညာ၊ ဗဟုသုတ တိုးပွားစေရေး အလို့ငှာ ပညာရေး၊ လူမှုရေး နိုင်ငံရေး ဆောင်းပါးတွေကို ထည့်သွင်းထားကြောင်း စာရေးသူက ဆိုပါတယ်။ ပညာရေး ဆောင်းပါးတွေမှာ နိုင်ငံခြားပညာသင်ဆုဆိုင်ရာ အခွင့်အလမ်းတွေနဲ့ လူငယ်ဖွံ့ဖြိုးရေးဆိုင်ရာ ဆောင်းပါးတွေကို ဖတ်ရှုရမှာဖြစ်ကြောင်း၊ လူမှုရေးဆောင်းပါးတွေမှာ နိုင်ငံတကာ ဗဟုသုတတွေနဲ့ ပြည်ပခရီးသွား ဆောင်းပါးတွေကို ဖတ်ရှုရမှာဖြစ်ပြီး နိုင်ငံရေး ဆောင်းပါးတွေမှာတော့ ပြည်တွင်းနိုင်ငံရေးနဲ့ ပြည်ပနိုင်ငံရေး လေ့လာသုံး သပ်ချက်တွေကို ဖတ်ရှုရမှာ ဖြစ်ကြောင်း အမှာစာမှာ ဖော်ပြထားပါတယ်။

ပညာရေး၊ လူမှုရေး၊ နိုင်ငံရေးဆိုပြီး အပိုင်းသုံးပိုင်း ပိုင်းဆစ်ထားတဲ့ အောက်မှာမှ သက်ဆိုင်ရာ အကြောင်းအရာ ခေါင်းစဉ်ခွဲတွေနဲ့ ရေးသားထားတဲ့ ဆောင်းပါးတွေကို စုစည်းထားပါတယ်။ ပညာရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကနေဒါနိုင်ငံ ပညာသင်အခွင့် အလမ်းများ၊ ဂျပန်နိုင်ငံ ပညာသင် အခွင့်အလမ်းများ၊ ပြင်သစ်နိုင်ငံ ပညာသင် အခွင့်အလမ်းများ၊ ကိုရီးယားနိုင်ငံ ပညာသင် အခွင့်အလမ်းများ၊ ရိုထရီ (သို့) အမေရိကန် ပညာသင် အခွင့်အလမ်းများ စတဲ့ နိုင်ငံတကာက ပညာသင် အခွင့်အလမ်း ဆောင်းပါးတွေအပြင် လူငယ်နှင့် စိတ်ပိုင်းဆိုင်ရာ၊ လူငယ်နှင့် သန့်ရှင်းမှု၊ လူငယ်နှင့် အသိစိတ် စတဲ့ ဆောင်းပါးပေါင်း ၁၅ ပုဒ်၊ လူမှုရေးရဲ့အောက်မှာ ဆန်းသစ်တီထွင်ကြံဆပါ၊ နည်းနည်းချင်းစီ ဖဲ့ပေးပါ၊ မြန်မာနဲ့ကွမ်း၊ အိမ်တွေ များများဆောက်ပေးပါ စတဲ့ ဆောင်းပါး ၁၆ ပုဒ်၊ နိုင်ငံရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ အချဉ်ဆိုတဲ့ဆောင်းပါး အပါအဝင် နိုးထလော့မြန်မာ၊ ၂၀၁၅ ကမ္ဘာ့နိုင်ငံရေးစစ်တမ်း၊ မဖားကြပါနဲ့ စတဲ့ ဆောင်းပါးပေါင်း ၂၉ ပုဒ် စုစုပေါင်း ဆောင်းပါးပုဒ်ရေ ၆၀ တိတိ ဖတ်ရှုရမှာပါ။ မျိုးဆက်သစ် စာပေက ဖြန့်ချိတာဖြစ်ပြီး စာအုပ်တန်ဖိုး ၄၅၀၀ ကျပ်ပါ။