News

POST TYPE

RELAX

လွှမ်းမိုး၏ လွှမ်းမိုးခဲ့သော သီချင်းများ ဂီတဖျော်ဖြေပွဲ အောက်တိုဘာလအတွင်း ပြုလုပ်မယ်
26-Aug-2016
ရန်ကုန်၊ သြဂုတ် ၂၅

တစ်ခေတ်တစ်ခါက အောင်မြင်ကျော်ကြားခဲ့တဲ့ တေးသံရှင်လွှမ်းမိုးရဲ့ လွှမ်းမိုးခဲ့သော သီချင်းများကို နားဆင်ခံစားရမယ့် အမှတ်တရ ဂီတဖျော်ဖြေပွဲ ကို အောက်တိုဘာလအတွင်း ရန်ကုန်မြို့၊ မြို့မကျောင်းလမ်းမှာရှိတဲ့ အမျိုးသားကဇာတ်ရုံမှာ ပြုလုပ်သွားဖို့ရှိကြောင်း ယင်းပွဲကို စီစဉ်တင်ဆက်တဲ့ Forever Blossom မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးပြည့်ဖြိုးဟန်က The Voice ကို ပြောကြားပါတယ်။

“ဒီနှစ်က ကိုလွှမ်းမိုး ဆုံးသွားတာ ဆယ့်ငါးနှစ် ပြည့်ပြီပေါ့။ သူ့သီချင်းတွေက ပရိသတ်တွေ ကြားမှာလည်း နည်းနည်းလေး ပျောက်နေတာကြာပြီ။ တချို့ကျတော့လည်း ဒီဘက်ခေတ် ကလေးတွေ ပြန်ဆိုတာကို ကြိုက်တဲ့သူတွေ ကြိုက်သလို၊ မကြိုက်တဲ့သူတွေလည်း မကြိုက်ကြဘူး။ ကျွန်တော်တို့ကတော့ ကိုလွှမ်းမိုးဆိုခဲ့တဲ့ သီချင်းတွေကို သူနောက်ဆုံးတီးခဲ့တဲ့ Professional Band နဲ့ သေသေချာချာလေး ပြန်လုပ်ချင်လို့ ဒီပွဲကို လုပ်ဖြစ်တာပါ” လို့ ယင်းပွဲပြုလုပ်ရခြင်း အကြောင်းနဲ့ ပတ်သက်ပြီး ၎င်းက ထပ်လောင်းပြောဆိုပါတယ်။

ယင်းပွဲမှာတော့  တေးသံရှင်လွှမ်းမိုး သီဆိုခဲ့တဲ့ သီချင်းတွေကို သူနဲ့ လက်တွဲခဲ့တဲ့ Professional Band မှ ဝိုင်းတော်သားတွေက  မူရင်းအရသာ မပျက်အောင် ပြန်လည်တီးခတ်ပေးမှာ ဖြစ်ပြီး၊ လွှမ်းမိုးရဲ့ သီချင်းတွေကို သေချာသိမီလိုက်ပြီး ကောင်းမွန်စွာ သီဆိုနိုင်မယ့် အနုပညာရှင်တွေက ပြန်လည်သီဆို ဖျော်ဖြေပေးသွားမှာ ဖြစ်ကြောင်း  ဦးပြည့်ဖြိုးဟန်က ဆိုပါတယ်။

“ကျွန်တော်တို့က တစ်ချိန်က နာမည်ကြီးခဲ့တဲ့ ဂီတအနုပညာရှင်ကြီးတွေကို ဂုဏ်ပြုတဲ့အနေနဲ့ တစ်နှစ်ကို တစ်ပွဲလောက်တော့ လုပ်ဖြစ်တယ်။ ရှေ့မှာဆို ထူးအိမ်သင်တို့၊ စောဘွဲ့မှူးတို့ အမှတ်တရပွဲတွေ လုပ်ခဲ့တယ်။ ကိုလွှမ်းမိုးရဲ့ ပွဲအတွက်လည်း သူ့သီချင်းတွေရဲ့ မူပိုင်ခွင့်ကို ပိုင်တဲ့ သူ့အမျိုးသမီးဆီကနေ ခွင့်တောင်းထားပြီးပါပြီ” လို့ ၎င်းက ပြောကြားပါတယ်။