News

POST TYPE

RELAX

မြန်မာပြည်သိန်းတန်နဲ့ တွေ့ဆုံခြင်း
25-Aug-2016

ပရိသတ်အားပေးမှု ရနေတဲ့ Myanmar Idol သီချင်းဆိုပြိုင်ပွဲ Season 2 မှာ အကဲဖြတ်ဒိုင်တစ်ဦးအဖြစ် ပါဝင်မယ့် တေးသံရှင် မြန်မာပြည်သိန်းတန်နဲ့ တွေ့ဆုံပြီး ဒိုင်အဖြစ် လက်ခံဆောင်ရွက်ဖြစ်ပုံ၊ ပြိုင်ပွဲဝင်တွေကို အကဲဖြတ် အမှတ်ပေးသွားမယ့် ပုံစံများနဲ့ ပရိသတ်တွေ စိတ်ဝင်စားကြတဲ့ သူ့ရဲ့ဖက်ရှင်အကြောင်းတို့က The Voice က မေးမြန်းဖော်ပြထားပါတယ်။

Voice : ပရိသတ်အားပေးမှု ရနေတဲ့ Myanmar Idol သီချင်းဆိုပြိုင်ပွဲ Season 2 မှာ အကဲဖြတ်ဒိုင်တစ်ယောက် အနေနဲ့ ပါဝင်ခွင့်ရတဲ့အပေါ် ခံစားမှုကို အရင်ပြောပြပေးပါဦး။

MPTT :  ဒီအစီအစဉ်မှာ အကဲဖြတ်ဒိုင်တစ်ယောက် အနေနဲ့ ပါဝင်ရမယ့်အတွက် ပျော်လည်း ပျော်သလို၊ ရင်လည်း တော်တော်ခုန်ပါတယ်။ ကိုယ်လုပ်ရမယ့် ဂီတပညာ တာဝန်ပိုင်းကလည်း တော်တော်လေး ကြီးပါတယ်။ တကယ့်ကျောက်စစ် ကျောက်မှန်၊ ကျောက်ကောင်းတွေကို ရွေးထုတ်မယ့် နေရာမှာ ကိုယ်တို့က အဓိက နေရာကနေ ပါဝင်ကူညီပေးရမယ်။ နောက်ဆုံးတော့ ပရိသတ်တွေရဲ့ Voting နဲ့ ရွေးချယ်ပေးရမှာကိုး။ ပရိသတ်ကိုလည်း ဘယ်ကျောက်ကလေးက ကျောက်ကောင်းဖြစ်တယ်ဆိုတဲ့ အကြောင်းကို အသိပေးရမှာက ကိုယ်တို့တာဝန်ပေါ့။ ဒီကျောက်ကလေးတွေကို ပိုပြီး အရောင်တောက်လာအောင် ကိုယ်တို့က ရွေးပေးရမယ်။ ဂီတပညာပိုင်းမှာလည်း  သူတို့ရဲ့ လိုအပ်ချက်လေးတွေကို ကိုယ်တို့က သွန်သင်ပေးရမှာပေါ့။

Voice :  ဒီအစီအစဉ်မှာ အကဲဖြတ်ဒိုင် အနေနဲ့ ပါဝင်ဖို့ မဆုံးဖြတ်ခင်မှာ ဦးသိန်းတန် ဘယ်အချက်တွေကို စဉ်းစားဖြစ်ခဲ့သေးလဲ။

MPTT : အဓိကကတော့ ဒီအစီအစဉ်အတွက် လူရွေးပွဲတွေကို ကိုယ်တို့က နှစ်လ၊ သုံးလ အချိန်ပေးပြီး သွားရမယ်။ ဒီအစီအစဉ်တွေမှာ ကိုယ်က ပိုင်ပိုင်နိုင်နိုင် ပါဝင်ပြီးတော့ တာဝန်ယူပေးနိုင်ရဲ့လား ဆိုတာကို အရင်စဉ်းစားရတယ်။ ကိုယ်က အမေရိကမှာ တစ်လှည့်၊ ဒီမှာ တစ်လှည့် နေနေတာ ဆိုတော့လေ။ ဒီအစီအစဉ်က ကိုယ်ရန်ကုန်မှာနေမယ့် အချိန်နဲ့ ကိုက်ညီမှလည်း ဖြစ်မှာဆိုတော့ စဉ်းစားရတာပေါ့။ တစ်ခုရှိတာက ဦးက အကောင်းကြိုက်တဲ့အထဲမှာ ပါတယ်။ စားရင်လည်း ကောင်းကောင်းစားသလို၊ ဝတ်ရင်လည်း ကောင်းကောင်းဝတ်တယ်။ ဂီတလောကမှာ လင်းလက်လာမယ့် ကျောက်ကလေးတွေကို တစ်နိုင်ငံလုံးကနေ ရွေးရမှာဆိုတော့ ဒီအလုပ်က တာဝန်တော့ကြီးတယ်။ ငါဒီအလုပ်ကို လုပ်ချင်ရဲ့လားလို့ အရင်စဉ်းစားတယ်။ ဦးတို့ ငယ်ငယ်တုန်းက ဒီလိုအခြေအနေမပေးတဲ့ ခေတ်ကာလ အခြေအနေမှာ ရုန်းကန်ခဲ့ရလေတော့ ဂီတဝါသနာရှင်လေးတွေကို ကိုယ်ချင်းစာတယ်။ ကိုယ်ကူညီနိုင်တဲ့ အချိန်လေး ရှိတုန်းမှာ ဂီတဝါသနာရှင် လေးတွေအတွက် တစ်တပ်တစ်အား ကူညီပေးမယ်ဆိုတဲ့စိတ်နဲ့ လက်ခံခဲ့တာပါ။

Voice : ကိုယ်တိုင်က ဂီတလောကမှာ နှစ်ပေါင်းများစွာ ဖြတ်သန်းလာခဲ့တဲ့ ဝါရင့်ဂီတသမား တစ်ယောက်လေ။ Myanmar Idol  ပြိုင်ပွဲ Season 2 မှာ ပြိုင်ပွဲဝင်တွေကို ဘယ်လိုအကဲဖြတ် ရွေးချယ်သွားမလဲ။


MPTT : Myanmar Idol ပြိုင်ပွဲမှာက အဓိက အကဲဖြတ်အမှတ်ပေးတာက အဆိုပညာပေါ့။ ပြိုင်ပွဲဝင် တစ်ယောက်မှာ ဂီတနဲ့ ပတ်သက်ပြီး ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းလေးတွေ ရှိရမယ်။ နောက်ပြီး ပရိသတ်ရဲ့ ချစ်ခင်မှု၊ မေတ္တာထားမှု၊ အားပေးမှုတွေကို ဘယ်သူက ပိုရလဲ။ ပြောရရင် ချစ်မွှေးပေါ့။ ဒါလေးတွေလည်း စဉ်းစားရမှာပေါ့။ သီချင်းသီဆိုတဲ့ နေရာမှာလည်း စွယ်စုံလေးတွေ ဆိုနိုင်လား၊ လောလောဆယ် မဆိုနိုင်သေးဘူးဆိုလည်း ရှေ့မှာဆိုနိုင်မယ့် အလားအလာလေးတွေ သူ့မှာရှိနေသလား၊ မြုပ်နေသလား ဆိုတာလေးတွေ ကြည့်မှာပေါ့။ သီချင်းသီဆိုတဲ့ အခါမှာလည်း အသံရဲ့လှပမှု ရှိမရှိ ကြည့်မှာပေါ့။ ဦးတို့ သီချင်းစဆိုတုန်းက ပရိသတ်က စာလေးတွေ လှမ်းရေးကြတယ် အသံသိပ် ကောင်းတာပဲလို့ ပရိသတ်က ချီးကျူးကြတယ်။ ပရိသတ်တွေက အသံကောင်းတယ်၊ မကောင်းဘူး ဆိုတာကိုလည်း ဂရုစိုက်ပြီး ကြည့်ကြတယ်လေ။

Voice :  ပြိုင်ပွဲဝင်တွေကို ရွေးချယ်တဲ့အခါမှာလည်း အကဲဖြတ်ဒိုင်တွေရဲ့ အမြင်နဲ့ ပရိသတ်တွေရဲ့ အမြင်က ကွဲပြားမှုတွေ ရှိတတ်တယ်လေ။ အဲ့ဒီအတွက်ရော ပရိသတ်တွေကို ဘာများကြိုပြောထားချင်လဲ။

MPTT : ဒိုင်ရဲ့ တာဝန်ကတော့ ပြိုင်ပွဲဝင်တွေကို တရားမျှမျှတတ အကဲဖြတ် အမှတ်ပေးရမှာပေါ့။ အကဲဖြတ်တဲ့ အခါမှာလည်း မေတ္တာစေတနာ ပါရမယ်။ တကယ်အရည်အချင်းရှိတဲ့၊ ကောင်းတဲ့သူကိုလည်း ရွေးတတ်ရမယ်။  အဆိုတော်ကောင်း တစ်ယောက် ဖြစ်ဖို့အတွက် လိုအပ်ချက်တွေ သူ့မှာပြည့်စုံရဲ့လား ကြည့်ပေးရမယ်။ ဦးတို့ ဒိုင်တွေက ပြိုင်ပွဲဝင်တွေကို မျှမျှတတ ကြည့်ရှုအကဲဖြတ်ပြီး ပရိသတ်တွေကို အသိပေးရမယ်။ အဲ့ဒီတော့မှ ပရိသတ်တွေကလည်း ဘယ်သူကတော့ တကယ်အရည်အချင်း ရှိတယ် ဆိုတာကို မြင်သွားကြမှာပေါ့။

Voice : အခုနောက်ပိုင်း ဦးသိန်းတန်ရဲ့ ဖက်ရှင်တွေကိုလည်း ပရိသတ်တွေက စိတ်ဝင်စားကြတယ်နော်။ ဒီသီချင်းဆိုပြိုင်ပွဲမှာရော ဘယ်လိုဖက်ရှင်မျိုးတွေဝတ်ဖို့ စဉ်းစားထားလဲ။


MPTT :  ဒီအစီအစဉ်မှာလည်း ဖက်ရှင်မျိုးစုံ ဝတ်မှာပါပဲ။ တစ်ပတ်နဲ့တစ်ပတ် မတူအောင် ဝတ်သွားမှာပါ။ မြန်မာမှု ဖက်ရှင်လေးတွေလည်း ပါမယ်။ အနောက်တိုင်း ဖက်ရှင်လေးတွေလည်း ပါပါမယ်။ အခုနောက်ပိုင်းမှာ သီချင်းရေစီးကြောင်း ခေတ်ကလည်း အမျိုးမျိုး ပြောင်းလဲလာခဲ့ပြီလေ။ ဒီခေတ်လို တစ်အားထွန်းပေါက်ပြီး လှပဝေဆာနေတဲ့ ဂီတအနုပညာနယ်မြေမှာ ဖက်ရှင်လေးတွေ ကလည်း အဓိကကျလာပြီလေ။ ဖက်ရှင်က ကိုယ့်ရဲ့ သီဆိုဖျော်ဖြေမှုမှာ အထောက်အပံ့ ဖြစ်စေတယ်။ ဦးကလည်း ဒီလိုလေးတွေ ကြိုက်တတ်တော့ ဝတ်တာပေါ့။ အဲ့ဒီမှာ ပရိသတ်တွေက ဦးကို သီချင်းလည်း နားထောင်ရ၊ ဖက်ရှင်လည်းကြည့်ရ ဆိုတော့ အခုနောက်ပိုင်းမှာ အသစ်တစ်ဖန်ပြန်ပြီး အားပေးခဲ့ကြတာပေါ့။

Voice : အမျိုးသမီးရေးရာက လုပ်တဲ့ ဝတ်စားဆင်ယင်ထုံးဖွဲ့မှုပြပွဲမှာ လူငယ်အဆိုတော် ပိုပိုဟေသာရဲ့ ချစ်တဲ့စိတ်ဆိုတာ သီချင်းကို ဦးသိန်းတန် ပြန်ဆိုတဲ့ အပေါ်မှာလည်း ပရိသတ်တွေက သဘောကျကြတယ်နော်။


MPTT :
အမျိုးသမီးရေးရာက လူကြီးများက ဒီသီချင်းလေးကို သီဆိုပေးဖို့ ဦးကို ကမ်းလှမ်းပါတယ်။ အဲ့ဒီမှာ ဦးဇနီးနဲ့ တိုင်ပင်ပြီး ဒီသီချင်းကိုရှာပြီး နားထောင်ကြတယ်။ စာသားနဲ့ သံစဉ်အလိုက်က ဦးဆိုလို့ လိုက်ဖက်လား ဆိုတာကို ဦးဇနီးက ကြည့်ပေးတယ်။ ဦးက ဒီသီချင်းကို ဟော်လိုဂစ်တာနဲ့တီးပြီး အိမ်မှာ သူ့ကိုဆိုပြတယ်။ သူက နားထောင်ပြီးတော့ ဆိုသင့်တယ်လို့ အကြံပေးပါတယ်။ သီဆိုတဲ့ အခါမှာတော့ ပိုပိုဆိုထားတဲ့ သံစဉ်အလိုက်ကို ဦးက နည်းနည်းနှေးလိုက်တယ်။ အဲ့ဒါကတော့ တေးရေးဇဝါ ရေးထားတဲ့ စာသားလေးတွေရဲ့ အလှအပ၊ အနုအရွလေးတွေကို ပိုပြီး ပေါ်လွင်အောင်လို့ပါ။  အသံနေ၊ အသံထားကိုလည်း ရေးထားတဲ့ အဓိပ္ပာယ်အတိုင်း နွဲ့သင့်တဲ့နေရာနွဲ့၊ ပျော့သင့်တဲ့နေရာပျော့ပြီး ဆိုခဲ့တာပါ။ အခုနောက်ပိုင်း ဦးကို ခေါ်တဲ့ပွဲတွေမှာလည်း ဒီသီချင်းက မဆိုမဖြစ် သီချင်းဖြစ်နေပါတယ်။

သန့်ဇင်ဦး



ABOUT AUTHOR

(သန့်ဇင်ဦး)