News

POST TYPE

RELAX

Myanmar Idol သီးချင်းဆိုပြိုင်ပွဲ Season (2) အတွက် အသံစစ် လူရွေးချယ်မှု စက်တာဘာလမှာ စတင်မယ်
25-Aug-2016

ကမ္ဘာကျော် သီချင်းဆိုပြိုင်ပွဲတစ်ခု ဖြစ်တဲ့ American Idol ကို ပုံစံယူ ကျင်းပတဲ့ Myanmar Idol သီချင်းဆိုပြိုင်ပွဲ Season 2 အတွက် အသံစစ် လူရွေးချယ်မှုကို စက်တင်ဘာလအတွင်း စတင်တော့မှာ ဖြစ်ကြောင်း ယင်းသီချင်းဆိုပြိုင်ပွဲကို စီစဉ်တင်ဆက်တဲ့ MNTV ရုပ်သံလိုင်းရဲ့ ဥက္ကဋ္ဌ ဒေါ်နန်းမောက်လောက်ဆိုင်က ပြောကြားပါတယ်။
“ဒီနှစ်ပြိုင်ပွဲမှာတော့ တစ်နိုင်ငံလုံးက ဂီတဝါသနာရှင်တွေ အားလုံး ပါဝင်ယှဉ်ပြိုင်ခွင့်ရအောင် အသံစစ်ဆေးမယ့် မြို့တွေကိုလည်း တိုးချဲ့ထားပါတယ်။ အဓိက မြို့ကြီးငါးမြို့အပြင် နီးစပ်ရာမြို့ ဆယ့်ငါးမြို့ကိုလည်း ကားတွေနဲ့သွားပြီး အသံစစ်ဆေးဖို့ စီစဉ်ထားပါတယ်။ ဒီလိုလုပ်ပေးရတာကတော့ နယ်က ဂီတဝါသနာရှင် လူငယ်တွေလည်း အခွင့်အရေး ရအောင်လို့ပါ” လို့ ယခုနှစ် ပြိုင်ပွဲနဲ့ ပတ်သက်ပြီး ၎င်းက ထပ်လောင်းပြောဆိုပါတယ်။

ပြိုင်ပွဲအတွက် အသံစစ်ဆေးမှုကိုတော့ စက်တင်ဘာလ ၁၇ ရက်နေ့နဲ့ ၁၈ ရက်နေ့မှာ နေပြည်တော်၊ စက်တင်ဘာလ ၂၄ ရက်နေ့နဲ့ ၂၅ ရက်နေ့မှာ မန္တလေး၊ အောက်တိုဘာလ ၁ ရက်နေ့နဲ့ ၂ ရက်နေ့မှာ တောင်ကြီး၊ အောက်တိုဘာလ ၈ ရက်နေ့နဲ့ ၉ ရက်နေ့မှာ ဘားအံ၊ အောက်တိုဘာလ ၁၅ ရက်နေ့နဲ့ ၁၆ ရက်နေ့မှာ ရန်ကုန် စတဲ့ မြို့ကြီးငါးမြို့မှာ ပြုလုပ်သွားမယ့်အပြင် တောင်ငူ၊ ပျဉ်းမနား၊ မိတ္ထီလာ၊ ပြင်ဦးလွင်၊ စစ်ကိုင်း၊ ကလော၊ ရွှေညောင်၊ ဟိုပုံး၊ မော်လမြိုင်၊ သထုံ၊ ပုသိမ်၊ မကွေး၊ ပြည်၊ ပဲခူး၊ သန်လျင် စတဲ့ မြို့တွေကိုလည်း Mobile Casting စနစ်နဲ့ အသံလာရောက် စစ်ဆေးပေးမှာ ဖြစ်ပါတယ်။

ယခုနှစ် ပြိုင်ပွဲမှာတော့ အစီအစဉ်တင်ဆက်သူအဖြစ်၊ ကျော်ထက်အောင်၊ အကဲဖြတ်ဒိုင်များအဖြစ် တေးသံရှင် မြန်မာပြည်သိန်းတန်၊ မေဆွိ၊ တင်ဇာမော်တို့က တာဝန်ယူ ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး၊ ပြိုင်ပွဲဝင်တွေရဲ့ အသံစစ်ဆေးမှုနဲ့ ပြိုင်ပွဲကာလ တစ်လျှောက် သီဆိုယှဉ်ပြိုင်မှုတွေကိုတော့  MNTV ရုပ်သံလိုင်း နဲ့ Channel 9 ရုပ်သံလိုင်းတို့မှာ ထုတ်လွှင့်ပြသပေးသွားမှာ ဖြစ်ပါတယ်။

ပြိုင်ပွဲဝင် လျှောက်လွှာတွေကိုတော့ နီးစပ်ရာ မြို့နယ်များမှာရှိတဲ့ Sky Net RSP ရုံးခွဲများမှာ အခမဲ့ တောင်းယူနိုင်ပြီး Grand Final  ပြိုင်ပွဲမှာ Winner ဆုရရှိသူကိုတော့ ဆုကြေးငွေ ကျပ်သိန်းနှစ်ရာနဲ့ တေးစီးရီးတစ်ခွေ ထုတ်ပေးသွာ မှာ ဖြစ်ပါတယ်။

Myanmar Idol သီချင်းဆိုပြိုင်ပွဲ Season 1 ကိုတော့ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလက ကျင်းပခဲ့ပြီး Winner ဆုကိုတော့ စောလားထော်ဝါးက ရရှိခဲ့ပါတယ်။