News

POST TYPE

RELAX

သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသူတို့၏ ပြောစကား
08-Aug-2017 tagged as မန္တလေး

၂၀၁၆ -၂၀၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် မန္တလေး ဗဟိုအကျဉ်းထောင် စာစစ်ဌာနမှနေ၍ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည့် အကျဉ်းသူ အကျဉ်းသား ငါးဦးကို နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင် သြဂုတ်လ ၇ ရက်နေ့တွင် အကျဉ်းထောင်မှ ပြန်လွှတ်ပေးခဲ့သည်။ ယင်းတို့အနက် ဂုဏ်ထူးရ ကျောင်းသားကျောင်းသူအချို့၏ ပြောစကားများကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

“ပညာရေးနဲ့ ပတ်သက်ပြီး အပြင်ထွက်ခွင့်ရတဲ့အတွက် နေ့ကျောင်းတက်ဖို့ စဉ်းစားထားတယ်”
မောင်လှိုင်မင်းဦး

မူးယစ်မှုနဲ့ ရှစ်နှစ်ကျတာပါ။ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှာ ဇီဝဗေဒဘာသာ ဂုဏ်ထူးနဲ့ အောင်မြင်ခဲ့ပါတယ်။ သမ္မတကနေပြီးတော့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးလိုက်တော့ အတိုင်းမသိ ဝမ်းသာပါတယ်။ မိဘကို လုပ်ကျွေးနိုင်တဲ့ သားကောင်းရတနာ ဖြစ်အောင် ကြိုးစားပါမယ်။ ပညာရေးနဲ့ ပတ်သက်ပြီး အပြင်ထွက်ခွင့်ရတဲ့အတွက် နေ့ကျောင်းတက်ဖို့ စဉ်းစားထားတယ်။ ပြောချင်တာကတော့ အပေါင်းအသင်းမမှားဖို့ပေါ့။ အပေါင်းအသင်းမှားရင် လမ်းမှားရောက်နိုင်ပါတယ်။                                                                             

“စီးပွားရေးတက္ကသိုလ် ဆက်တက်မယ်။ ဆရာမဖြစ်အောင် ကြိုးစားသွားမယ်” 
မရွှန်းလဲ့ဝေကျော်

ကျွန်မက မူးယစ်မှုနဲ့ ထောင်ဆယ်နှစ်ကျတာ။ ပထဝီ၊ သမိုင်း၊ ဘောဂဗေဒ ဘာသာရပ်တွေမှာ ဂုဏ်ထူးနဲ့ အောင်မြင်ခဲ့ပါတယ်။ သမ္မတကနေပြီးတော့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးတော့ အရမ်းပျော်တယ်။ ကျေးဇူးလည်း တင်ပါတယ်။ သမ္မတကြီး ကျန်းမာချမ်းသာစေဖို့ ဆုတောင်းပေးပါတယ်။ ဒီထက်မက အောင်မြင်ပါစေ၊ လိုအင်ဆန္ဒပြည့်ပါစေလို့ ဆုတောင်းပေးပါတယ်။ စီးပွားရေးတက္ကသိုလ် ဆက်တက်မယ်။ ဆရာမဖြစ်အောင် ကြိုးစားသွားမယ်။ သမီးကို အတုယူစေချင်တယ်။ သမီးဖြစ်လာတဲ့ကိစ္စ အပေါ်မှာ အတုယူစေချင်တယ်။ ပြီးတော့ ပညာရေးနဲ့ ပတ်သက်ပြီးတော့ ကြိုးစားစေချင်ပါတယ်။  

                                           

“ကျွန်တော်တို့လို အပေါင်းအသင်းမမှားဖို့ လူငယ်တွေကို ပြောချင်ပါတယ်”
မောင်ထွဋ်ခေါင်မျိုးဝင်း

ကျွန်တော်က လူသတ်မှုနဲ့ဖြစ်ပါတယ်။ ဘောဂဗေဒ ဘာသာရပ် ဂုဏ်ထူးနဲ့ အောင်မြင်ခဲ့ပါတယ်။ သမ္မတက နေပြီးတော့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးတဲ့အတွက် အတိုင်းမသိ ဝမ်းသာပါတယ်။ ကျွန်တော့်မိဘတွေလည်း ဝမ်းသာအားရနဲ့ ကျွန်တော့်ကို လာကြိုနေပါတယ်။ စီးပွားရေးတက္ကသိုလ် တက်မယ်။ စာရင်းကိုင်သင်တန်းတက်မယ်။ ကျွန်တော်တို့လို အပေါင်းအသင်းမမှားဖို့ လူငယ်တွေကို ပြောချင်ပါတယ်။ ကိုယ်ပေါင်းစိတ်ခွာပေါင်းဖို့ ပြောချင်ပါတယ်။




“ကျွန်တော် စီးပွားရေးတက္ကသိုလ် တက်မယ်လို့ စဉ်းစားထားပါတယ်”
မောင်အောင်ချမ်းမင်း

မူးယစ်မှုနဲ့ လေးနှစ်ကျတာ။ ၂၀၁၆ -၂၀၁၇ ပညာသင်နှစ်မှာ ဘောဂဗေဒဘာသာ ဂုဏ်ထူးနဲ့ အောင်မြင်ခဲ့ပါတယ်။ သမ္မတကနေပြီးတော့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးတဲ့အတွက် အတိုင်းထက်အလွန်ကို ဝမ်းသာပါတယ်။ ကျွန်တော် အရမ်းတက်ချင်နေတဲ့ နေ့ကျောင်းတက်ခွင့်ရပြီပေါ့။ ကျွန်တော် စီးပွားရေးတက္ကသိုလ် တက်မယ်လို့ စဉ်းစားထားပါတယ်။ အိမ်ရောက်ရင် ကွန်ပျူတာသင်တန်းတက်မယ်။ အင်္ဂလိပ်စကား ပြောတက်မယ်။ ကျွန်တော်တို့အရွယ် ဆိုတာက ကောင်းတာပဲဖြစ်ဖြစ် မကောင်းတာပဲဖြစ်ဖြစ် စမ်းသပ်ချင်တဲ့အရွယ် ဖြစ်ပါတယ်။ မကောင်းမှန်းသိတဲ့ အခါမှာ ဆက်ပြီးမလုပ်ဖို့ ပြောချင်ပါတယ်။ အကောင်းဆုံးကတော့ မိဘစကားကို နားထောင်ပြီး လိမ်လိမ်မာမာ နေဖို့ပါ။      
                                          





မြတ်မင်း