News

POST TYPE

TIP

တစ်မိနစ်လောက်
02-Jul-2017 tagged as


ဘဝဆိုသည်မှာ အလွန်တိုတောင်းလှသည်ကို သတိထားမိပါသလား။

သတိထားမိသည်ဆိုလျှင် သင်သည် လူငယ်တစ်ယောက် မဟုတ်တော့။ ၄၀ ကျော်လောက်တော့ ဖြစ်နေပြီ။ ၄၀ မကျော်သည့်အချိန်တွင် ဘဝသည် တိုးတောင်လွန်းလှပါလားဟု တွေးမိသူမှာ သာမန် မဖြစ်နိုင်။ မိမိဝန်းကျင်က တစ်ခုခု စေ့စော်နေသည့် တွန်းအားကြောင့်သာ သတိထားမိသူ ဖြစ်ကောင်းဖြစ်နိုင်သည်။

လူတိုင်း အချိန်မရွေး ဘဝကို စွန့်ခွာသွားနိုင်သည်။ ပျော်ရွှင်နေသည့် လူငယ်တို့ဘဝတွင် သေခြင်းတရားဆိုသည်ကို မကြုံတွေ့၊ ရင်မဆိုင်ရသမျှ ဘဝဆိုသည်ကို တိုတောင်းပါလားဟု အသိတရားဝင်ကာ ခံစားနိုင်ဦးမည်မထင်။ မိမိတို့ သူငယ်ချင်းများထဲက တစ်ဦးဦး ချက်ချင်း မမျှော်လင့်ဘဲ သေဆုံးသွားသည်နှင့် ရင်ဆိုင်ကြုံတွေ့လိုက်ရမှသာ ထိတ်လန့်မိသွားနိုင်ပါသည်။
လူ့သက်တမ်းသည် ၈၀ ဝန်းကျင်ခန့်လောက်သာ ဖြစ်လာပါသည်။ ပျမ်းမျှ ၈၀ လောက်သာ လူ့ဘဝတွင် နေထိုင်ကြရသည့်သဘော ဖြစ်သည်။ လောကတွင် အကြောင်း အမျိုးမျိုးကြောင့် အရွယ်မတိုင်မီ သေဆုံးရသူများ ရှိနိုင်သလို၊ ကံကောင်း အကြောင်းလှပြီး အသက်ရှည်ရှည် နေထိုင်သွားကြရသူများလည်း ရှိနိုင်သည်။ နှလုံးရောဂါ၊ ဦးနှောက်သွေးကြောပြတ်၊ ကားတိုက်၊ ရေနစ် စသည့် အကြောင်းအမျိုးမျိုးသည် လူတို့ကို သေမင်းထံ အရွယ်မတိုင်မီ ခေါ်သွားနိုင်သည့် အကြောင်းတရားများ ဖြစ်သည်။ မည်သည့်အချိန် သေမည်ဆိုခြင်းကို မည်သူမျှ မပြောနိုင်။သေမင်းသည် အချိန်မရွေး ရောက်လာနိုင်သည်။

လူတိုင်း အသက်ရှည်စွာ အနာမဲ့ကြောင်း နေထိုင်လိုကြသည်။ မိသားစုနှင့် ပျော်ရွှင်စွာ မခွဲမခွာနေလိုကြသည်။ လူတိုင်း အလုပ်ကိစ္စ၊ ချိန်းဆိုထားသည့်ကိစ္စ၊ တွေ့ဆုံရမည်ကိစ္စအားလုံးကို “တစ်မိနစ်လောက်”ဆိုသည့် အကြောင်းပြချက်ဖြင့် ရွှေ့ဆိုင်းနိုင်သည်။ သို့သော် သေမင်းကို “တစ်မိနစ်လောက်”ဟု အကြောင်းပြချက် အမျိုးမျိုးပေးကာ မရွှေ့ဆိုင်းထားနိုင်ပေ။
လူငယ်များ အထူး သတိပြုသင့်သည့်အချက်မှာ “တစ်မိနစ်လောက်”ဆိုသည့် အကြောင်းပြချက်ပေးကာ အချိန်ဆွဲခြင်းဖြစ်သည်။ ငယ်သေးတာပဲဆိုသည့် အတွေးဖြင့် လုပ်သင့် လုပ်ထိုက်သည်များကို၊ လုပ်သင့်လုပ်ထိုက်သည့်အချိန်တွင် မလုပ်ဆောင်ခြင်းမှာ မဖြစ်သင့်။ အချိန်မရွေး နောက်ကျသွားနိုင်သည်ကို သတိပြုသင့်ပါသည်။

“တစ်မိနစ်လောက်”ဟု အကြောင်းပြတတ်သူသည် တစ်နှစ်လောက် ရွှေ့ဆိုင်းရန်လည်း ဝန်မလေး သူ ဖြစ်သွားတတ်သည်။ သေခြင်းတရားက ကိုယ့်အပေါ် အချိန်ပြည့် လွှမ်းမိုးထားကြောင်း နားလည်ထားလျှင် ကိုယ့်ထံ၌ တစ်မိနစ်ပင် အချိန်မရှိပါလားဟု ဆင်ခြင်မိပေလိမ့်မည်။

သေမင်းကို ဆိုင်းငံ့ပါဦးဟု ပြောခွင့်မရှိ။ “ကျောင်း မပြီးသေးလို့ ဆက်တက်ပါရစေ”၊ “လက်မထပ်ရသေးလို့ စောင့်ပါဦး”သေမင်းကို ဈေးဆစ်၍မရ။ ထို့အတူ မိမိတို့ လုပ်ဆောင်ရမည့် ပြုဖွယ်ကိစ္စများကို တစ်မိနစ်တောင် မကျန်တော့ပါလားဆိုသည့် အသိဖြင့် တွန်းလုပ်ရန်လိုသည်။

ပညာသင်ကြားရန် ရွှေ့ဆိုင်းကောင်း ရွှေ့ဆိုင်းနိုင်သည်။ အလုပ် နောက်ကျသဖြင့် ဆင်ခြေပေးကောင်း ပေး၍ရနိုင်လိမ့်မည်။ ဆာသော်လည်း အလုပ်မပြီးသေးသောကြောင့်ဟု အကြောင်းပြကာ အချိန်ကို လွှဲကောင်း လွှဲနိုင်မည်။ လွှဲလိုက်သောကြောင့် မပြီးသည့်အလုပ်များ ပြီးသွားလျှင် ကောင်းပါသည်။ သို့သော် အချိန်ကို အတိုင်းအတာတစ်ခုအထိ ရွှေ့ဆိုင်းလိုက်သော်လည်း ဘာမှဖြစ်မလာသည့် အကျိုးမဲ့မှု တစ်ခုသည် ရွှေ့ဆိုင်းလိုက်ရသည်သာ အဖတ်တင်သွားပေမည်။ သေမင်းကို ထိုသို့မလွှဲနိုင်ကြောင်း သတိပြုသင့်သည်။

လူငယ်တိုင်း သတိပြုဆင်ခြင်သင့်သည်မှာ လုပ်သင့်လုပ်ထိုက်သည့် (ပညာသင်ခြင်းမျိုး) အလုပ်များကို လုပ်နိုင်သည့်အချိန်တွင် အပြီးအစီး လုပ်ထားရန် ဖြစ်သည်။ “ငယ်သေးတာပဲ နေဦးမယ်”ဆိုသည့် ဆင်ခြေမျိုးကို ဘဝက လက်မခံ၊ သေမင်းကလည်း ခွင့်မပြုထားကြောင်း သတိပြုရမည်။

ဘဝဆိုသည်မှာ တိုတောင်းလွန်းသည်ကို လက်ခံထားလျှင် “တစ်မိနစ်”ဆိုသည့် ဈေးဆစ်မှုမျိုးကို လက်ခံနိုင်တော့မည် မဟုတ်ပေ။ တစ်မိနစ်ဆိုသည့် အချိန် အတိုင်းအတာသာမဟုတ်၊ လက်ဖျစ်တစ်ချက် တီးအချိန်လေးမှာပင် အသက်တို့သည် မမြဲနိုင်ကြောင်း သဘောပေါက်ထားရမည်။

မိနစ်တိုင်းသည် အရေးကြီးသည်။ မိနစ်တိုင်းက ကိုယ့်နောက်ကို တကောက်ကောက် လိုက်နေသည်။ တစ်မိနစ်လောက် နားရန်လူတိုင်းတွင် အချိန်မရှိ။ တစ်မိနစ်လောက် နေပါရစေဟုလည်း သေမင်းထံ တောင်းဆိုပိုင်ခွင့်မရှိ။ မိနစ်တိုင်း တန်ဖိုးရှိကြောင်း ဆင်ခြင်မိလျှင် မိနစ်တိုင်း စက္ကန့်တိုင်း တန်ဖိုးရှိနေကြောင်း တွက်ဆပြီး၊ မိနစ်တိုင်း စက္ကန့်တိုင်း ကြိုးစားနေကြမည်သာဖြစ်သည်။ 
မိနစ်တိုင်းကို တန်ဖိုးရှိစွာ သင် ဘာလုပ်ပြီးပြီနည်း။

E-01 (Just a Minute)

  • VIA
  • TAGS