News

POST TYPE

TIP

စဉ်းစားစရာ ကိုယ်ပိုင်စီးပွားရေး အိုင်ဒီယာ အထည်ဆိုင်တစ်ဆိုင် ဖွင့်မယ်ဆိုရင်
19-Aug-2016 tagged as ဈေးကွက်

ကိုယ်ပိုင်လုပ်ငန်း တစ်ခုစချင်လို့ စုထားတဲ့ ပိုက်ဆံတွေနဲ့ အထည်ဆိုင်တစ်ဆိုင်ဖွင့်ဖို့ စဉ်းစားမယ်ဆိုရင် ဘယ်က စလုပ်ရမလဲ၊ ဆိုင်မှာ ဘာပစ္စည်းတွေ တင်မလဲ၊ အဲ့ဒီပစ္စည်းတွေကို ဘယ်မှာ ဝယ်ကြမလဲ၊ အရင်းအနှီး ဘယ်လောက်ဆို ရနိုင်ပြီလဲ စတဲ့ သိဖို့လိုအပ်နေတဲ့ အကြောင်းအရာတွေက အများကြီး ရှိနေမှာပါ။ ဒါတွေထဲကမှ အခြေခံအကျဆုံး အချက်တချို့ကို စုစည်းဖော်ပြလိုက်ပါတယ်။

အရေးကြီးတဲ့ အခြေခံအချက်တွေက ဘာတွေလဲ


အဓိကကတော့ ကိုယ်က ဘယ်လိုလူတန်းစားကို ဦးတည်မလဲ ဆိုတာပါပဲ။ နောက်ပြီး ဗမာဝတ်စုံ၊ ဖန်စီဒီဇိုင်း စတာတွေကမှ ဘယ်လိုဖက်ရှင် ဒီဇိုင်းမျိုးကို တင်မှာလဲ၊ ချုပ်ထည်တွေကို ရောင်းမှာလား၊ ယိုးဒယားထည်လား၊ တရုတ်ထည်လား ဆိုတာမျိုးကိုလည်း စဉ်းစားထားရမှာပါ။ ဒါ့အပြင် ဆိုဒ်ကြီးတွေ သီးသန့်ရောင်းမှာလား၊ ဆိုဒ်သေးတွေလည်း ရောင်းမှာလား၊ စုံအောင်တင်မှာလား ဆိုတာမျိုးတွေလည်း စဉ်းစားရမှာပါ။

ဘယ်မှာရောင်းမှာလဲ

ကိုယ်က ဘယ်လိုလူတန်းစားကို ဦးတည်မယ်၊ ဘယ်လိုပစ္စည်းမျိုး ရောင်းချမယ် ဆိုတာကို ဆုံးဖြတ်ပြီးရင်တော့ ဈေးမှာရောင်းမှာလား၊ ကိုယ့်ပတ်ဝန်းကျင်မှာပဲ ရောင်းမှာလားဆိုတာ စဉ်းစားရတော့မှာပါ။ ရောင်းချမယ့်နေရာအပေါ် မူတည်ပြီးတော့ အခန်းအတွက် ကုန်ကျစရိတ်က အပြောင်းအလဲ ရှိနိုင်ပါတယ်။

ဘယ်လောက် ရင်းနှီးရမှာလဲ


ကိုယ်ဘယ်လောက်ရင်းနှီးမလဲ၊ ကိုယ်ဘယ်လောက် ရင်းနှီးနိုင်သလဲ ဆိုတာပေါ် မူတည်ပါတယ်။ ကိုယ်ဆိုင်ဖွင့်မယ့် တည်နေရာအလိုက် အခန်းငှားခ၊ စာချုပ်ကာလ၊ ဆိုင်အပြင်အဆင်၊ တင်မယ့်ပစ္စည်းတွေပေါ် မူတည်ပြီး အနည်းဆုံး ကျပ်သိန်း ၂၀ ကနေ ချဲ့ရင်ချဲ့သလောက် ကုန်ကျနိုင်ပါတယ်။ အရင်းအနှီးအတွက် ကုန်ကျမယ့် ငွေထဲမှာ ဆိုင်တွင်း ပြင်ဆင်စရိတ်၊ ဆိုင်မှာ ပြထားရမယ့် အရုပ်တွေရဲ့ စရိတ်ကိုလည်း ထည့်တွက်ထားရမှာပါ။

အရမ်းလည်းမသေး၊ အရမ်းလည်းမကြီးဘဲ စတုရန်းပေ ၇၅ ပေလောက်ရှိတဲ့ ဆိုင်ခန်းအကျယ်ထဲမှာ အဝတ်အစား ဒီဇိုင်းစုံစုံလင်လင်၊ အရုပ်စုံစုံလင်လင်နဲ့ ဆိုင်တွင်းအပြင်ဆင်ကိုလည်း ကြည့်ကောင်းအောင် ခင်းကျင်းပြသထားနိုင်ဖို့ ဆိုရင်တော့ ဆိုင်ခန်းခမပါ ကျပ်သိန်း ၅၀ လောက် ရင်းနှီးရမယ်လို့ လက်ရှိ အထည်ဆိုင်ဖွင့်ထားသူ တစ်ဦးက ပြောပါတယ်။

ဆိုင်အပြင်အဆင်

ဆိုင်တွင်းအပြင်အဆင်ကလည်း အရေးကြီးသလို အဝတ်အစားတွေ ပြထားတာမှာလည်း လူစိတ်ဝင်စားအောင် ပြထားနိုင်ဖို့က အရေးကြီးပါတယ်။ လူတွေက ဆိုင်မှာ ပြထားတဲ့ ဒီဇိုင်းတွေကိုတွေ့ပြီး ကြိုက်မှ ဆိုင်ထဲ ဝင်လာတာဆိုတော့ ဆိုင်ရဲ့ အပြင်အဆင်ကလည်း ထိုက်သင့်သလောက် အရေးကြီးပါတယ်။

ဝယ်သူတွေအနေနဲ့ ကိုယ်နဲ့ တော်မတော်၊ အဆင်ပြေမပြေ စမ်းဝတ်ကြည့်ဖို့အတွက် လုံခြုံတဲ့နေရာတစ်ခု ရှိတာကလည်း ဆွဲဆောင်မှုတစ်ခု ဖြစ်နိုင်ပါတယ်။ တကယ်လို့ လုံခြုံတဲ့ နေရာတစ်ခု ထားပေးဖို့ အဆင်မပြေဘူး ဆိုရင်လည်း ကိုယ်နဲ့ လိုက်မလိုက်၊ အဆင်ပြေမပြေ ကြည့်ရှုနိုင်ဖို့ အနည်းဆုံး ကိုယ်လုံးပေါ် မှန်တစ်ချပ်လည်း ရှိသင့်ပါတယ်။

ဘယ်မှာ ဝယ်ကြမလဲ

မင်္ဂလာဈေးနဲ့ ယုဇနပလာဇာမှာ ဝယ်လို့ရပါတယ်။ ကိုယ်က ဈေးနှုန်းအသင့်အတင့်နဲ့ ပစ္စည်းလေးတွေ လိုချင်တယ်ဆိုရင် မင်္ဂလာဈေးမှာ ဝယ်လို့ရတယ်။ ချုပ်ထည်တွေ၊ တရုတ်ထည်တွေလည်း မင်္ဂလာဈေးမှာ ဝယ်လို့ရတယ်။

တကယ်လို့ ကိုယ့်ဆိုင်မှာ ယိုးဒယာထည်တွေ၊ ဗန်ကောက်ထည်အစစ်တွေ တင်ချင်တာမျိုး ဆိုရင်တော့ ယုဇနပလာဇာမှာ ဝယ်လို့ရတယ်။

တချို့အထည်တွေကျတော့လည်း ပလာဇာမှာရော၊ မင်္ဂလာဈေးမှာရော ရှိတတ်ပေမယ့် မင်္ဂလာဈေးက ဈေးသက်သာတာမျိုး ရှိတတ်တယ်လို့ လက်ရှိဆိုင်ဖွင့်ထားတဲ့ သူတွေက ပြောပြထားပါတယ်။

နောက်တစ်ခုက အချိန်ပေးပြီး ရှာနိုင်ရမှာပါ။ ဒီဇိုင်းတစ်မျိုးတည်း အမျိုးအစား တစ်မျိုးတည်းကိုတောင် တစ်ဆိုင်နဲ့တစ်ဆိုင် ဈေးနှုန်းမတူကြလို့ ရှာနိုင်လေ ပိုဈေးသက်သာတာကို ရနိုင်လေပဲ ဖြစ်ပါတယ်။

ဘယ်လိုဒီဇိုင်းမျိုးတွေ ရွေးချယ်ဝယ်ကြမလဲ


ဆိုင်ဖွင့်ဖို့ ပစ္စည်းတွေဝယ်ကြပြီ ဆိုရင်တော့ ကိုယ်က ဘယ်လို customer မျိုးကို target ထားသလဲ ဆိုတာကို ဦးတည် စဉ်းစားရမှာပါ။ ကိုယ့် Customer က ဘယ်လိုပစ္စည်းမျိုး၊ ဘယ်လိုဒီဇိုင်းမျိုးတွေ ကြိုက်နိုင်တယ် ဆိုတာမျိုးကို စဉ်းစားပြီး သူတို့ ကြိုက်နိုင်တဲ့ ဒီဇိုင်းမျိုးကို ဦးစားပေး လိုက်ရှာဝယ်ရမှာပါ။ သူတို့ကြားထဲမှာ ဘယ်လိုဒီဇိုင်းတွေက ခေတ်စားနေတယ် ဆိုတာမျိုးကိုလည်း ကိုယ်က မျက်ခြေမပြတ် လေ့လာနေသင့်ပါတယ်။

ကိုယ့်ဆိုင်မှာ လာမေးတာတွေကို မှတ်ထားပြီး နောက်တစ်ခေါက် ကိုယ်ဈေးသွားတဲ့ အခါမျိုးဆို သတိထားပြီး ဝယ်လာပေးခြင်းအားဖြင့် ဆိုင်နဲ့ Customer ဆက်ဆံရေးလည်း တည်ဆောက်ပြီးသား ဖြစ်သွားတယ်လို့ အထည်ဆိုင် တော်တော်များများက အကြံပြုကြပါတယ်။

ဘောင်းဘီတို့၊ စကပ်တို့က ဝတဲ့သူတွေအတွက်၊ ပိန်တဲ့သူတွေ အတွက်ဆို ပစ္စည်းရှားတာမျိုး ရှိတတ်တာမို့ ဆိုဒ်ကြီးတွေ၊ ဆိုဒ်အသေးတွေကို အဓိကထားပြီး တင်မယ်ဆိုရင်လည်း နောက်ပိုင်း သူတို့တွေ လိုအပ်လာရင် ကိုယ့်ဆိုင်ကိုပဲ ပြန်လာဝယ်ကြတာမျိုး ရှိပါတယ်။

ဈေးနှုန်းဘယ်လိုသတ်မှတ်ကြမလဲ

တစ်ထည်ကို အနည်းဆုံးတစ်ထောင်လောက် အမြတ်ယူပြီး ရောင်းချတယ်လို့ လက်ရှိ အထည်ရောင်းချနေသူတွေက ဆိုပါတယ်။ ပစ္စည်းသယ်ယူစရိတ်၊ အလုပ်သမားစရိတ် စတဲ့ စရိတ်တွေ အကုန်တွက်ပြီး တစ်ထည်ကို အနည်းဆုံး အသားတင် တစ်ထောင်လောက် အမြတ်တင်ပြီး ရောင်းချတာပါ။ အရောင်းသွက်တဲ့ပစ္စည်း ဆိုရင်တော့ အမြတ်နည်းနည်းပဲ တင်ထားပေမယ့် များများရောင်းရရင်တဲ့အတွက် အမြတ်များများ ကျန်မှာပါ။

မရောင်းရတဲ့ ပစ္စည်းတွေကို ဘယ်လိုလုပ်မလဲ

တစ်ခါတလေမှာ ကိုယ်ဝယ်လာတဲ့ ပစ္စည်းတွေက ဘယ်လိုမှ ရောင်းမထွက်တာမျိုးကိုလည်း ကြုံရမှာပါ။ အရောင်မကြိုက်တာ၊ ဒီဇိုင်းမကြိုက်တာတွေကြောင့် ရောင်းမထွက်နိုင်တဲ့ အထည် တစ်ထည်တလေလည်း ရှိနိုင်ပါတယ်။

အဲဒီလို တစ်ထည်တလေ ကျန်တာမျိုး ဆိုရင်တော့ တစ်ယောက်မကြိုက်လည်း တစ်ယောက်ကြိုက်နိုင်တာကြောင့် ဆိုင်က လူမြင်သာတဲ့ နေရာမှာ ချိတ်ပြီး ပြထားလိုက်တာကလည်း ဖြေရှင်းနိုင်တဲ့ နည်းလမ်းကောင်းတစ်ခု ဖြစ်မှာပါ။

ဒါပေမဲ့ အဝယ်မှားပြီး ဒီဇိုင်းတစ်ခုလုံး မရောင်းရဘူး ဆိုတာမျိုးလည်း ရှားရှားပါးပါး ကြုံတောင့်ကြုံခဲ အနေနဲ့  ကြုံရနိုင်ပါတယ်။ အဲ့ဒီလိုမှ ရောင်းမထွက်ဘူး ဆိုရင်တော့လည်း တစ်ထည်ကို ရာဂဏန်းလောက်ပေးပြီး ပုတ်ပြတ်လာဝယ်ကြတဲ့သူတွေ ရှိတာမို့ ပြန်ရောင်းနိုင်ပါတယ်။

(အထက်ပါ ဆောင်းပါးအတွက် လိုအပ်တဲ့ အချက်အလက်တွေကို မိုးစံအထည်ဆိုင်က ကူညီဖြေကြားပေးထားပါတယ်။)