News

POST TYPE

TIP

အမျိုးသားတွေ ဆံပင်ညှပ်တဲ့အခါ လိုက်နာသင့်တဲ့ စည်းမျဉ်းတွေ
19-Aug-2016

ဆံပင်ညှပ်ဆိုင် တစ်ခါသွားမယ့် ကိစ္စက ဘာမှရေးကြီးခွင်ကျယ်တော့ မဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် ဆံပင်ညှပ်ခုံမှာ ထိုင်လို့ရပြီဆိုတဲ့ အရွယ်ကတည်းက ခင်ဗျား တစ်သက်လုံး ဒီလိုပဲ ညှပ်လာတာပဲ မဟုတ်လား။ ဒါပေမဲ့ စိတ်ဝင်စားမယ်ဆိုရင် ခင်ဗျားအတွက်ရော ဆံသဆရာ အတွက်ပါ နှစ်ဦးနှစ်ဖက် ပိုအဆင်ပြေမယ့် အချက်လေးတွေ ရှိပါတယ်။

(၁) စိတ်ရှည်ရှည်ထား

ကျွမ်းကျင်တဲ့ ဆံသဆရာတွေဟာ အလုပ်များတတ်ပါတယ်။ နောက်ပြီး တော်တဲ့သူဖြစ်လို့ အချိန်လည်း ယူပါတယ်။ အစီအစဉ်အတိုင်းလုပ်ဖို့ အမြဲတမ်း ကြိုးစားကြပေမယ့် တစ်ခါတစ်လေမှာ အထူးသဖြင့် ကတ်သီးကတ်သတ်နိုင်တဲ့ သူတွေနဲ့ တွေ့တဲ့အခါမျိုးဆို အရှိန်ပျက်သွားတတ်ပါတယ်။ ရှေ့က လူပြီးသွားနဲ့ တစ်ပြိုင်နက် ခုံမှာ ဗြုန်းကနဲ သွားဝင်မထိုင်ပါနဲ့။

(၂) မကြောက်နဲ့

ဆံပင်တွေ အများကြီး ပါသွားမှာကို သိပ်မလန့်ပါနဲ့။ အကောင်းဆုံးကိုရဖို့ ရင်းနှီးရတာတွေ ရှိမှာပါပဲ။

(၃) ပဉ္စလက်ဆရာလို့ မအောက်မေ့နဲ့

ကိုယ်ညှပ်မယ့်ပုံစံအတွက် ဓာတ်ပုံယူသွားတာ အကျိုးရှိတဲ့ ကိစ္စပါ။ ဒါပေမဲ့ ဓာတ်ပုံထဲကလူဟာ ကိုယ်နဲ့ဆံပင်သားရော ဦးခေါင်းပုံစံရော မတူဘူးဆိုတာ သတိရပါ။ ခင်ဗျားရမယ့် ဆံပင်ပုံစံက ပုံထဲက တစ်ယောက်ကို ပြေးမြင်သွားလောက်အောင် အတိအကျ ဖြစ်နေမှာ မဟုတ်ပါဘူး။

(၄) ခေါင်းမညိတ်ပါနဲ့

စကားစမြည်လေးတွေ ပြောတတ်ကြတာပါပဲ။ တစ်ခါတစ်လေဆို အကျိုးတောင် ရှိပါသေးတယ်။ ဒါပေမဲ့ စကားပြောတဲ့အခါ လက်ဟန်ခြေဟန်လောက်ပဲ ပါပါစေ။ ခေါင်းပါမညိတ်ပါနဲ့။ ခင်ဗျား ခေါင်းငြိမ်အောင် ဆံသဆရာက လက်နှစ်ဖက်နဲ့ ကိုင်လိုက်ပြီဆိုရင် ဒါဟာ မလှုပ်နဲ့တော့လို့ ပြောချင်တဲ့ နိုင်ငံတကာသုံး သင်္ကေတ ဖြစ်ပါတယ်။

(၅) ညွှန်ကြားချက်တွေ မထုတ်ပြန်ပါနဲ့

သုံးမယ့်ကိရိယာကို ဆံသဆရာ ရွေးပါစေ။ ပိုသပ်ရပ်မယ်ထင်လို့ ကတ်ကြေးနဲ့ ညှပ်ပါလို့ မလုပ်ပါနဲ့။ ဆံပင်အရှည်ထားနေတာလို့လည်း အတင်းအကြပ် မပြောပါနဲ့။ တကယ်သာ အရှည်ထားချင်ရင် အစတည်းက ဆံပင်ညှပ်ခုံမှာ သွားထိုင်နေမှာ မဟုတ်ပါဘူး။ ဆံသဆရာကို ယုံပါ။

(၆) ချေးမထူပါနဲ့

ခင်ဗျားကြိုက်တဲ့ ဆံပင်ပုံစံကို ဆံသဆရာက ညှပ်ပေးချင်မှာပါပဲ။ ဒါပေမဲ့ ညှပ်လို့ မပြီးခင်ကတည်းက ဘယ်လိုကြိုက်တယ် ဆိုတာ ပြောထားပါ။

(၇) ညစ်ပတ် ရှုပ်ပွနေတဲ့ခေါင်းနဲ့ မသွားပါနဲ့

ဆံပင်ပဲညှပ်မှာဆိုရင် ညစ်ပတ်ရှုပ်ပွနေတဲ့ခေါင်းနဲ့ မသွားပါနဲ့။ သန့်ရှင်းနေအောင် ခေါင်းလျှော်ပြီးမှ သွားပါ။ ဘီးဖြီးသွားပါ။ ခေါင်းလိမ်းဆီတော့ လိမ်းမသွားပါနဲ့။

(၈) နှုတ်မနည်းပါနဲ့

ညှပ်ပြီးလို့ သဘောကျတယ်ဆိုရင် ခင်ဗျား ဘယ်လောက်ကြိုက်တဲ့ အကြောင်း ဆံသဆရာကိုပြောဖို့ ဝန်မလေးပါနဲ့။ နောက်တစ်ခါအတွက် အကျိုးရှိပါတယ်။

Ref: businessinsider.com