News

POST TYPE

TIP

စနစ်တကျ (Diet) အစားထိန်းပြီး ဝိတ်ချချင်သူတွေအတွက် ကျန်းမာရေး အကြံပြုချက်များ
14-Jun-2017


ခေတ်အဆက်ဆက်က အမျိုးသမီးအများစု အမြဲကြုံတွေ့နေရတဲ့ ပြဿနာကို ပြောပါဆိုရင်တော့ ဝိတ်ထိန်းတာနဲ့ ဝိတ်ချတာပဲ ဖြစ်ပါတယ်။ မိန်းကလေးတွေရဲ့ လှပချင်စိတ်က ရောင့်ရဲတယ်လို့ မရှိတဲ့အတွက် လှသည်ထက် ပိုလှချင်ကြပါတယ်။ မိန်းကလေးတွေထဲမှာလည်း ဝချင်တာနဲ့ ပိန်ချင်တာဆို ပိန်ချင်တဲ့သူ၊ ဝိတ်ချချင်တဲ့သူ ပိုများတာကြောင့် ဘယ်လိုစနစ်တကျ (Diet) အစားထိန်းပြီး ဝိတ်ချမယ်ဆိုတာမျိုးကို Personal Trainer လည်းဖြစ်၊ Fitness Blog ရေးသူလည်းဖြစ်တဲ့ မဝင်းယုကို The Voice က မေးမြန်းထားတာတွေကနေ ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

အဆီကျအသားကျစ် ကျန်းမာအောင် ဘယ်လိုလေ့ကျင့်မလဲ

ကိုယ်အလေးချိန်ကျပြီး ကျစ်ကျစ်လျစ်လျစ်နဲ့ ကျန်းမာတဲ့ခန္ဓာကိုယ် ရဖို့ဆိုတာ အစီအစဉ်လိုက် လုပ်ရပါတယ်။ အဆင့် ၁ ပြီးမှ ၂၊ ဒီကနေမှ အဆင်ပြေပြီဆိုရင် အဆင့် ၃ ကို ဆက်သွားရမယ်။ အဆင့်တွေကတော့ အစားအသောက်နဲ့ထိန်းခြင်း၊ အနေအထိုင်လည်း ဆင်ခြင်ခြင်း၊ ပုံမှန်ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလေးတွေ ပေါ့ပေါ့ပါးပါး လုပ်ခြင်းတို့ပါ။ အဆီတွေလည်း ထပ်တက်မလာတော့ဘူး၊ ပိန်သင့်သလောက် ပိန်လာပြီဆိုရင် နည်းနည်း ပြင်းထန်တဲ့ Body Transforming လို့ဆိုတဲ့ ကိုယ်လိုချင်တဲ့ အနေအထား တစ်ခုကိုပြောင်းလဲဖို့ လေ့ကျင့်ခန်း အပြင်းစားလေးတွေကို လုပ်ရမှာပါ။

Diet (အစားထိန်းပြီး ဝိတ်ချခြင်း) ဘယ်အချိန်ထိ လုပ်မလဲ

Diet လုပ်တာ ဘယ်အချိန်အထိ လုပ်ရမလဲလို့ မေးလေ့ရှိပါတယ်။ လှချင်နေတဲ့အချိန်အထိ Diet လုပ်ပါ။ အသက် ၅၀ အထိ လှချင်ရင် ၅၀ အထိ ထိန်းထားရမှာပါ။ အမှန်တော့ လူတွေ Diet ကို တကူးတက လုပ်နေကြတာပါ။ ပုံမှန် ထိန်းသိမ်းသွားမယ်ဆိုရင် အသည်းအသန် Diet လုပ်စရာ မလိုပါဘူး။ မထိန်းသိမ်းမိလို့ ဝသွားတာဖြစ်ဖြစ်၊ သဘာဝ အကြောင်းတရားတွေ၊ ဆေးတွေကြောင့် ဝတာဖြစ်ဖြစ် နည်းစနစ်တကျ Diet လုပ်မယ်ဆို ပိန်လာမှာပါ။ ဇွဲလေးတော့ လိုပါတယ်။ လှနေပြီးသား လူတွေအနေနဲ့ ပုံမှန်ထိန်းထားပါ။

အစားဘယ်လိုထိန်းမလဲ

အစားထိန်းတဲ့အခါ ခန္ဓာကိုယ်က လိုအပ်တဲ့ အာဟာရလည်း ပြည့်ဝနေဖို့ လိုအပ်ပါတယ်။ တစ်နေ့တာအတွက် အရေးပါတဲ့ နံနက်စာ၊ နေ့လယ်စာ၊ ညစာကို စနစ်တကျ လိုက်နာစားသောက်မယ်ဆိုရင် ကိုယ်လိုချင်တဲ့ ခန္ဓာကိုယ်အချိုးအစားကို ရလာမှာပါ။ Diet ဆိုတာ ကာလတိုလုပ်ရတဲ့ကိစ္စ မဟုတ်ဘူးဆိုတာကို သိထားရပါမယ်။ ဘယ်နှလ၊ ဘယ်နှပေါင်ချမယ်ဆိုပြီး အတင်းကာရော အစာဖြတ်၊ ရေဖြတ်လုပ်တာမျိုး မလုပ်သင့်ပါဘူး။ လူတစ်ယောက်နဲ့တစ်ယောက် ခံနိုင်ရည်ချင်း မတူကြလိုသလို ကိုယ်အလေး ချိန်ကျတဲ့နှုန်းကလည်း တစ်သမတ်တည်း မတူနိုင်ပါဘူး။ ကာလတိုတစ်ခုအမီ ပိန်ရမယ်ဆိုတဲ့ စိတ်ဖိစီးမှုကြောင့်လည်း ဝလာတတ်တာကို သတိပြုရပါမယ်။

Diet ဖြစ်အောင် ဘယ်လိုစားမလဲ

မနက်နိုးနိုးချင်း ရေနှစ်ခွက်လောက် သောက်ပါ။ ပြီးရင်တော့ ကယ်လိုရီလား၊ ဝစေလားဆိုတဲ့စိတ်ကို ဘေးဖယ်ထားပြီး တစ်နေ့တာလုံးအတွက် အားပြည့်အောင် စားပေးဖို့လိုပါတယ်။ အိပ်ရာကနိုးပြီး တစ်နာရီအတွင်း စားပေးမယ်ဆို ပိုကောင်းပါတယ်။ တစ်ညလုံး အစာမရှိလို့ ရှင်းနေတဲ့အူက အစာအာဟာရအပြည့် စုပ်ယူပါလိမ့်မယ်။ မနက်စာအတွက် ကယ်လိုရီနည်းလွန်းရင် တစ်နေကုန် မလန်းသလို များလွန်းရင်လည်း အီလည်လည်ကြီး ဖြစ်နေနိုင်ပါတယ်။ နေ့လယ်စာ အတွက်ကတော့ အသားနဲ့ ထမင်းအထိ စားလို့ရပါတယ်။ ဆီကိုတော့ အတတ်နိုင်ဆုံး ရှောင်စေချင်ပါတယ်။ ညစာကတော့ သတိထားရမယ့်အပိုင်းပါ။ လှုပ်ရှားမှုလည်း နည်းလာတဲ့အတွက် ဒီအချိန်စားသမျှတွေ အဆီအဖြစ်စုဖို့ သေချာနေပါပြီ။ ညစာနဲ့အိပ်ချိန် ၃ နာရီလောက်ခွာတာ အကောင်းဆုံးပါ။ အဆီ၊ အချို၊ ကာဗိုဟိုက်ဒရိတ်တွေကို အတတ်နိုင်ဆုံး ရှောင်ရမှာဖြစ်တာကြောင့် ထမင်းမစားဘဲ မနေနိုင်ဘူးဆိုရင် အတတ်နိုင်ဆုံး လျှော့စားပါ။ စားနေကျလူက မစားရရင် မနေနိုင်တဲ့အတွက် တစ်ပတ်ကို တစ်လုပ်စီ လျှော့သွားတာမျိုး စမ်းကြည့်ပါ။ ဖြစ်နိုင်ရင် အသီးအရွက်ပြုတ်၊ ဒါမှမဟုတ် ဆီမပါတဲ့ အသုပ်စားပါ။ စားတဲ့အခါတိုင်းကို ဗိုက်ဝရုံစားပါ။ ဆာတိုင်း အာသာပြေရုံစားဖို့ တိုက်တွန်းချင်ပါတယ်။

ညစာမရှောင်ပါနဲ့

တချို့က ညစာ လုံးဝ ရှောင်ပါတယ်။ လုံးဝ ရှောင်လိုက်ခြင်းကို ဇီဝနာရီက မှတ်ထားပြီး အူကမရနိုင်မယ့် အာဟာရပြတ်မယ့် အချိန်တွေအတွက်ပါ သူကကြိုပြီး စုဆောင်းပါလိမ့်မယ်။ လိုအပ်တဲ့ လှုပ်ရှားမှုတွေအတွက်ပါ အာဟာရတွေ အပြည့်မပေးနိုင်ရင် ရောဂါတွေ ဝင်လာတတ်ပါတယ်။ ဒါ့ကြောင့် အစာကို အချိန်မှန်စားပါ။ လိုအပ်တဲ့အချိန် စားပေးပါ။ Diet ဆိုတာ လန်းဆန်းပြီး အားပြည့်နေမှ ထိထိရောက်ရောက် စနစ်တကျ ဝိတ်ချနိုင်မှာပါ။ အဆာအရမ်းခံထားပြီးမှ စားမယ်ဆိုရင်တော့ တွေ့တာ အကုန်စားချင်လာပါတယ်။ အချိုကိုပိုပြီး တောင့်တတတ်တာကို သတိမထားမိဘဲ စားတတ်ကြပါတယ်။

အသီးအနှံ ဘယ်အချိန်စားသင့်လဲ

တချို့က ညစာကို အသီးစားတတ်ကြပါတယ်။ အသီးတိုင်းက သဘာဝအတိုင်း အချိုပါနေပါတယ်။ သကြားဓာတ် ဘယ်လောက်ပါတယ်ကို အတိအကျ အလွတ်မရနိုင်တာကြောင့် နေ့လယ်နေ့ခင်း အဆာပြေအတွက်သာ စားစေချင်ပါတယ်။ ထမင်း တဝစားပြီးတဲ့အချိန် အသီးကို အချိုတည်းတာလည်း ဝစေတဲ့အကြောင်း အရင်းတစ်ခုဆိုတာကို လူတွေက သတိမထားမိကြပါဘူး။

Diet လုပ်တဲ့အခါ ဘာတွေစားမလဲ

ဝချင်တဲ့သူတွေက ပရိုတင်းပါတာ များများစားပါ။ အစားစားပြီး ရေသောက်ပါ။ ပိန်ချင်တဲ့သူတွေကတော့ အမျှင်ဓာတ် ပါတဲ့အစားအစာ၊ အသီးများများစားပါ။ အစာမစားမီ ရေအဝသောက်ပါ။ အစားစားရင်လည်း ပန်းကန်ရဲ့တစ်ဝက်ကို အသီးအရွက်၊ ကျန်လေးပုံတစ်ပုံကို အသားငါး၊ ကျန်တဲ့ လေးပုံတစ်ပုံကို ထမင်းစားရပါမယ်။ အချိုရည်ဘူး၊ ပြင်ပအအေးဆိုင်က အချိုရည်တွေကတော့ အလွန်တရာ ဆိုးရွားတဲ့ ဝစေတဲ့အကြောင်းအရင်းဖြစ်တာကြောင့် လုံးဝ ရှောင်ရပါမယ်။

စားသင့်တဲ့ဆန်လုံးညို

စစချင်းကတော့ မစားတတ်ဘူး ဖြစ်နိုင်ပါတယ်။ စားလေ့ရှိသွားရင် အဆင်ပြေသွားပါလိမ့်မယ်။ အပြင်မှာ စားသောက်ဖို့ကိစ္စရှိတဲ့အခါ ဆန်လုံးညိုထမင်းကို ဘူးလေးနဲ့ ယူသွားပြီးစားပါ။ ပုံမှန်ဆန်ထက် ကယ်လိုရီနည်းပါတယ်။ ကိုယ် အလေးချိန် လျော့ချင်သူတွေ၊ ထိန်းချင်သူတွေ စားသင့်ပါတယ်။ ဗီတာမင် ပိုပြည့်ဝပါတယ်။ အမျှင်ဓာတ်ပါတာကြောင့် အသား ပိုကျစ်စေပါတယ်။ ဆန်ကြောမာတာကြောင့် ချက်တဲ့အခါ ရေပိုထည့်ရပါတယ်။

ရလေး

  • VIA