News

POST TYPE

TIP

အသက် သုံးဆယ်မပြည့်ခင် သင်ယူရမယ့် ဘဝသင်ခန်းစာ ဆယ်ချက်
07-Jun-2017

၁။ အမှားလုပ်ဖို့ ဘယ်တော့မှ မကြောက်ပါနဲ့။

အမှားဆိုတာ ရှောင်လွှဲလို့မရပါဘူး။ “လူသားတိုင်း အမှားနဲ့ မကင်းပါဘူး”။ မှားယွင်းမှု မရှိပဲနဲ့ ကိုယ့်ဘာသာ သင်ယူတတ်မြောက်သွားတာ ဘယ်သူမှ မရှိပါဘူး။အမှားလုပ်ပြီး တစ်ခုခု မအောင်မမြင်ဖြစ်သွားချိန်မှာ လူတွေက အောင်မြင်ဖို့ မျှော်လင့်ချက်တွေ အားလုံး ဆုံးရှုံးသွားတတ်တာကြောင့် ဒီဘဝ သင်ခန်းစာလေးကို စိတ်ထဲ မှာစွဲမြဲနေအောင် မှတ်ထားဖို့လိုပါတယ်။

၂။ မသိတာက ရှက်စရာ မဟုတ်ပါ။

အရှက်တရားဆိုတာက ကြောက်စိတ်ကနေ စတင် ဖြစ်ပေါ်လာတာပါ။ ကိုယ့်ကိုယ်ကို ယုံကြည်ချက်က ကိုယ့်ရဲ့ အားနည်းချက်တွေကို ရင်ဆိုင်နိုင်လောက်တဲ့အထိ ရှိလာတဲ့အချိန်ဆိုရင်တော့ ကြောက်နေစရာ မလိုတော့ပါဘူး။ မသိတာက ရှက်စရာ မဟုတ်ပါဘူး။ မသိတာက ပိုပြီး သင်ယူချင်တဲ့စိတ်နဲ့ သင်ယူနိုင်အောင်တောင် သင့်ကို လုပ်ပေးပါသေးတယ်။

၃။ အမြဲတမ်းသင့် အကြောင်းပဲ မဟုတ်ပါဘူး။

ဒီအချက်ကတော့ သိသင့်တဲ့ အချက်တွေထဲမှာ အရေးကြီးဆုံး ဖြစ်ပါတယ်။ လူအများစုက အခြေနေတိုင်းကို သူတို့အကြောင်း ဖြစ်အောင်လုပ်လေ့ရှိ တတ်ကြပါတယ်။ “ငါ့ အတွက်ကရော”၊ “ငါ့အတွက် အကျိုးအမြတ်က ဘာလဲ”လို့ အမြဲတွေးနေလေ့ ရှိပါတယ်။ ကိုယ့်အကြောင်းကိုယ် အမြဲတမ်းပဲ တွေးနေမယ့်အစား ကိုယ့်ပတ်ဝန်းကျင်က လူတွေအကြောင်းကို တွေးတောနေတာက ပိုပြီးအရေးပါပါတယ်။

၎။ ပိုက်ဆံက တကယ့် အစစ်အမှန် ပြဿနာတိုင်းကို မဖြေရှင်းပေးနိုင်ပါဘူး။

ပိုက်ဆံက အပေါ်ယံ ပြဿနာများ သို့မဟုတ် ဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ ပြဿနာများကိုသာ ဖြေရှင်းပေးနိုင်ပါတယ်။ အဲ့လိုဖြေရှင်းနိုင်ပေးတာကလည်း ခဏတာအတွက်ပဲ ကောင်းပြီးတော့ ရေရှည်အတွက်ကျတော့ ပိုက်ဆံက ပြဿနာအားလုံးကို မဖြေရှင်းပေးနိုင်ပါဘူး။ နောက်ဆုံးမှာတော့ လူတွေက ပျော်ပျော်ရွှင်ရွှင် နေချင်ကြတာပါ။ အဲ့ဒါကြောင့် ပိုက်ဆံနဲ့ ပျော်ရွှင်မှုကိုဝယ်လို့ မရဘူးလို့တောင် ဆိုရိုးရှိပါတယ်။

၅။ တာဝန်ယူမှုက သင့်အပေါ် ရောက်နေပါပြီ။

လူတိုင်းက ကားမောင်းတတ်ချင်ကြပါတယ်။ ဒါပေမဲ့ အဲ့ဒီကားကြောင့်ဖြစ်တဲ့ မတော်တဆမှုတွေကို တာဝန်မယူချင်ကြပါဘူး။ သင် အသက်ကြီးလာတာနဲ့အမျှ သင့်ဆီမှာ သင်လုပ်လိုက်တဲ့ အရာဆိုးသည်ဖြစ်စေ ကောင်းသည်ဖြစ်စေ ဖြစ်လာတဲ့ ပြဿနာတွေကို သူတစ်ပါးကို အပြစ်မတင်ပဲ ကိုယ်ကိုယ်တိုင် တာဝန်ယူနိုင်တဲ့ စိတ်ကို မွေးထားရမယ်ဆိုတာကို သင် နားလည်လာပါလိမ့်မယ်။

၆။ ကမ္ဘာကြီးက သင့်ကို ဂရုမစိုက်ပါဘူး။

ကမ္ဘာကြီးက အလွန် ကြီးမားပါတယ်။ အလွန် ကျယ်ပြောပြီးတော့ လူပေါင်း မြောက်များစွာ သန်းထောင်ချီ နေထိုင်ကြပါတယ်။ သင်ဆိုတာက အဲ့ဒီအထဲကမှ တစ်ယောက်ပါ။ သင့်ကို သူများတွေ ဘယ်လို မြင်လဲဆိုတဲ့ ကြောက်စိတ်က သင့်ရဲ့ဘဝကို သတ်မှတ်ပိုင်းခြားနိုင်အောင် အလျှော့ပေးလိုက်ဖို့ဆိုတာ လုံးဝ မဖြစ်သင့်ပါဘူး။ သူများတွေ ကိုယ့်အပေါ် ဘယ်လိုမြင်လဲဆိုတာကို အရေးတယူ လုပ်နေသူတွေက အရေးမပါတဲ့သူတွေ ဖြစ်သလိုပဲ အရေးပါ အရာရောက်တဲ့သူတွေကလည်း ဘယ်သောအခါမှ သူများအမြင်ကို အရေးတယူ လုပ်လေ့ မရှိပါဘူး။ ဒီအချက်ကို သင် နားလည် သဘောပေါက်ပြီးတော့ ကျင့်သုံးလာနိုင်တဲ့ အချိန်ကျရင်တော့ သင့်ရဲ့ဘဝကို အမှန်တကယ် သင်နေထိုင်နေပါပြီ။

၇။ သင့်ရဲ့ အသက်က ရင့်ကျက်မှုကို မဖော်ပြပါဘူး၊ သင့်ရဲ့အတန်းပညာက သင့်ရဲ့ ဉာဏ်ပညာကို မသတ်မှတ်ပါဘူး၊ ဘေးစကားတွေက သင် ဘယ်သူဆိုတာကို မဆုံးဖြတ်ပေးပါဘူး။


လူတစ်ယောက်က ဘာ ဘယ်လိုဆိုတာကို ဆုံးဖြတ်ပေးတယ်လို့ ထင်ရတဲ့ အသက်အရွယ်၊ အတန်းပညာ၊ ပိုက်ဆံ စတဲ့ အရာတွေလိုမျိုး များစွာ ရှိပါတယ်။သင် ဘယ်သူလဲဆိုတာကို အဲ့လိုအရာတွေကိုသာ ဆုံးဖြတ်ခိုင်းလိုက်ပြီဆိုရင်တော့ သင် ဘာဖြစ်သင့်သလဲ ဆိုတာကို သင် စတင် ဆုံးရှုံးနေပြီဖြစ်ပါတယ်။

၈။ လူတိုင်း စိတ်ကျေနပ်အောင် သင် မလုပ်နိုင်ဘူး။

သင်ဘာလုပ်လုပ် လုံးဝ မကျေနပ်နိုင်တဲ့သူ သင့်ရဲ့ဘဝမှာ အနည်းဆုံးတော့ တစ်ယောက်တော့ ရှိတယ်။ အမြဲတမ်း နှလုံးသွင်းထားရမယ့် အချက်ကတော့ သင် လူတိုင်း ကျေနပ်အောင် ဘယ်တော့မှ လုပ်လို့မရပါဘူး။ ပိုအရေးကြီးတဲ့ အချက်ကတော့ လူတိုင်းကို လိုက်ပြီး တောင်းပန်ဖို့ဆိုတာက မဖြစ်နိုင်ပါဘူး။

၉။ ပြောင်းလဲမှုကို ရှောင်လွှဲလို့ မရပါဘူး။

ဘဝမှာ အရာအားလုံးက ပြောင်းလဲကြတယ်ဆိုတာကို ကျွန်ုပ်တို့ လက်ခံကြရပါမယ်။ ဘာလို့လဲဆိုတော့ ပြောင်းလဲမှုက အမြဲတမ်း ဖြစ်ပျက်နေတဲ့ ဖြစ်ရပ်ကြီးတစ်ခုမို့ပါ။ လူတွေပြောင်းလဲတယ်။ အခြေအနေတွေ ပြောင်းလဲတယ်။ အဲ့ဒါတွေကြောင့် ရှု့ထောင့်တွေလည်း ပြောင်းလဲကြတယ်။ပြောင်းလဲမှုတွေကြားထဲမှာမှ သင် ဘယ်လို ရှု့ထောင့်ကို ဖန်တီးသလဲဆိုတာက ဘဝမှာ သင်ဘယ်လို ရှေ့ဆက်မလဲဆိုတာကို ဖော်ပြပေးနေပါတယ်။

၁၀။ သင်လိုချင်တဲ့အရာကို အမြဲတမ်း မရနိုင်ပါဘူး။

တစ်ခါတစ်လေ သင်လိုချင်တာကို သင် မရနိုင်ပေမဲ့ အဲ့ဒါက ပုံမှန်ပါပဲ။ ဘာကြောင့်လဲဆိုတော့ ကျွန်ုပ်တို့လိုချင်တဲ့အရာက ကျွန်ုပ်တို့လိုအပ်တဲ့အရာ အမြဲတမ်း မဟုတ်ဘူးဆိုတာကို သဘော မပေါက်ကြလို့ပါ။ လိုချင်တာကို မရတဲ့အခါမှာ နားလည်ရမှာက ကိုယ်လိုချင်တာထက် ကောင်းတာတွေ အများကြီး ရှိနေသေးပြီး ပိုကောင်းမွန်တဲ့ဟာတွေကလည်း အချိန်တန်ရင် ကိုယ့်ဆီကိုပဲ ရောက်လာနိုင်သေးတယ် ဆိုတဲ့အချက်ကိုပါ။

  • VIA