News

POST TYPE

TIP

အုပ်စုတိုက်ပွဲ နိုင်ငံရေးနှင့် ပန်းတိုင် (Daily Vol-4/No-75)
07-Jul-2016
ယခုရက်ပိုင်းအတွင်း ယခင်အစိုးရ လက်ထက်က လုပ်ပိုင်ခွင့်အာဏာနှင့် ကိုယ်ကျိုးစီးပွား အလို့ငှာ ဖြစ်ပွားခဲ့သော အုပ်စုတိုက်ပွဲ၏ အရိပ်အယောင် နောက်ဆက်တွဲ ဂယက်ရိုက်ခတ်မှုအချို့ တွေ့မြင်ရပေရာ မကြာခင် ယခုထက် ပိုသိသာထင်ရှားလာဖွယ် ရှိပေသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာသုံးရပ်ကို သီးခြားစီ ခွဲခြားကျင့်သုံးသည့် စနစ်သို့ စတင်ကူးပြောင်းသည့် ကနဦးကာလ အာဏာသုံးရပ်တွင် မူလလျာထား သတ်မှတ်မှု သို့မဟုတ် မျှော်လင့်ထားသည်များနှင့် မတူညီဘဲ လူပုဂ္ဂိုလ်များ ခန့်ထား တာဝန်ပေးအပ်ပြီးနောက် ဥပဒေပြုအာဏာနှင့် အုပ်ချုပ်ရေးအာဏာ အကြား သိသာစွာ ပွတ်တိုက်မှုများ၊ ထိပ်တိုက်တွေ့မှုများ တွေ့မြင်ခဲ့ရသည်။

ထို့ကြောင့် ပြီးခဲ့သည့် ငါးနှစ်သက်တမ်း ကာလအတွင်း အာဏာသုံးရပ်တွင် ကြံ့ခိုင်ရေး ပါတီဝင်များ ကြီးစိုးခဲ့သော်ငြား ဦးသိန်းစိန်နှင့် သူရဦးရွှေမန်းတို့ အကြား ပုဂ္ဂိုလ်ရေး အားပြိုင်မှုများကြောင့် လွှတ်တော်နှင့် အစိုးရ အပြန်အလှန် ထိန်းညှိမှုပုံစံ ပီပြင်သွားခဲ့ခြင်း ဖြစ်သည်။

၎င်းတို့နှစ်ဦးအကြား ပုဂ္ဂိုလ်ရေး ပြိုင်ဆိုင်မှုကြောင့်ပင် လွှတ်တော်က အစိုးရ စီမံကိန်းများ၊ အသုံးစရိတ်များကို ကန့်သတ်ခြင်း၊ ဝန်ကြီးဌာန ငါးခုတွင် အလွဲသုံးစားမှုများ ရှိကြောင်း လွှတ်တော်မှတစ်ဆင့် သွယ်ဝိုက်ဖွင့်ချခြင်း၊ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့်ကို သာသနာရေး ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ပြောင်းရွှေ့ခြင်း၊ တရားစွဲဆို၊ ထောင်ချအရေးယူခြင်းတို့မှသည် ကြံ့ခိုင်ရေးပါတီရုံးချုပ် သန်းခေါင်ယံ အာဏာသိမ်းပွဲအထိ ပွတ်တိုက်မှုများ၊ တင်းမာမှုများနှင့် အပြန်အလှန် ဖယ်ရှားရှင်းလင်းခဲ့သည်များ အထိ ဖြစ်သွားခဲ့သည်။

သို့သော် နိုင်ငံရေး ခြေလှမ်းသွက်သော သူရဦးရွှေမန်းက ဒေါ်အောင်ဆန်းစုကြည်နှင့် နီးကပ်သွားခဲ့ပြီးနောက် ပြည်သူ့လွှတ်တော်၏ အရေးပါလှသော ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌအဖြစ် တာဝန်အပေးခံရပြီးနောက် ဦးသိန်းစိန် ဦးဆောင်သော အုပ်စုနှင့် ပို၍ အလှမ်းကွာ တင်းမာသွားခဲ့သည်။

ထိုအခြေအနေတွင် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အပတ်စဉ် (၁၁) ၏ ၄၇ နှစ်မြောက် ကျောင်းဆင်းပွဲနေ့ အထိမ်းအမှတ် မေတ္တာမွန် ခေါင်းစဉ်ဖြင့် ၎င်း၏ အွန်လိုင်းလူမှုရေး စာမျက်နှာတွင် ဧပြီလအတွင်းက ရေးသားထားချက်ကို ကိုးကားဖော်ပြသော ဇွန်လ ၂၆ ရက်ထုတ် 7Day သတင်းစာကို တပ်မတော်က အမှုဖွင့်လိုက်ခြင်းဖြင့် ပုဂ္ဂိုလ်ရေး တင်းမာမှု ပြန်အားကောင်းလာခြင်း ပေလောဟု စောကြောစရာ ဖြစ်သွားခဲ့သည်။

ဦးသိန်းစိန်နှင့် သူရဦးရွှေမန်းတို့ အကြား ပုဂ္ဂိုလ်ရေး တင်းမာမှုမှာ အရပ်သားများ ဖြစ်နေသည့်အပြင် နိုင်ငံရေးပါတီတစ်ခုအတွင်း အာဏာနှင့် နေရာတို့အတွက် ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည့်အတွက် သဘာဝကျသည်ဟု ဆိုနိုင်သော်လည်း နိုင်ငံတော်နှင့် နိုင်ငံသားအားလုံးနှင့် သက်ဆိုင်သော တပ်မတော်ကဲ့သို့ အင်စတီကျူးရှင်းမျိုးက ယင်းသို့ ပုဂ္ဂိုလ်ရေး အားပြု နိုင်ငံရေး ပဋိပက္ခအတွင်း ပါဝင်နေသည်ဟု အထင်ရောက်သွားစေခြင်းမှာမူ ကောင်းသည့်လက္ခဏာ မဟုတ်ပေ။

မီဒီယာလောက အတွင်းတွင်လည်း ယင်းအုပ်စုနှစ်စု နောက်ခံ ထုတ်ဝေနေသော ပုံနှိပ်မီဒီယာများ သိသာထင်ရှားစွာ ရှိနေသည့်အတွက် ယင်းမီဒီယာများတွင် ဖော်ပြရေးသားချက်များကို ကြည့်လျှင်ပင် နှစ်ဖက်အကြား ပဋိပက္ခ၏ အတိမ်အနက်ကို လွယ်ကူစွာ ခန့်မှန်းမိစေသည်။

မြန်မာနိုင်ငံတွင် ရင့်ကျက်မှု၊ သဘောထားကြီးမှုနှင့် မေတ္တာကို အခြေခံသော ပရော်ဖက်ရှင်နယ် နိုင်ငံရေး သို့မဟုတ် နိုင်ငံကြီးသားများအတွက် နိုင်ငံရေးမျိုး ခေတ်စားလာစေရန်မှာ အထက်ဆိုခဲ့ပါ ပုဂ္ဂိုလ်ရေး အလေးကဲလွန်းသော နိုင်ငံရေးမျိုး၊ အုပ်စုတိုက်ပွဲဆန်သော နိုင်ငံရေးမျိုးကို ခဝါချ အဆုံးသတ်နိုင်မှသာ ဖြစ်နိုင်ခြေရှိမည် ဖြစ်ပြီး ဖြစ်နိုင်ခြေ အနည်းအများကို မူတည်ကာ ပန်းတိုင်နှင့် အနီးအဝေး ခန့်မှန်းနိုင်မည် ဖြစ်ကြောင်း သိစေလိုရင်းဖြစ်သည်။

အယ်ဒီတာ (၆-၇-၂၀၁၆)