News

POST TYPE

TIP

ကွန်ပျူတာကို အသက်သွင်းခဲ့သူ ဘီလ်ဂိတ်စ် (Bill Gates)
28-May-2017 tagged as


“ကိုယ့်ထုတ်ကုန်ပစ္စည်းကို ယုံကြည်ပါ”

မိုက်ခရိုဆော့ဖ် ကုမ္ပဏီကို ထူထောင်သူ ဘီလ်ဂိတ်စ်က သူ၏အောင်မြင်မှုရခဲ့ခြင်းမှာ သူ၏မိခင်ဖြစ်သူကြောင့်ဟု ဆိုပါသည်။ သူ IBM ကုမ္ပဏီတွင် အလုပ်လုပ်နေချိန်ကတည်းက မိုက်ခရိုဆော့ဖ် ကုမ္ပဏီကို စတင် ထူထောင်ချိန်အထိ မိခင်ဖြစ်သူက ဘေးနားတွင် ရှိနေပြီး ကွန်ပျူတာနှင့် ဆက်စပ်သည့် အကြံကောင်း၊ ဉာဏ်ကောင်းများ ပေးနေသောကြောင့် သူဤမျှအောင်မြင်ခဲ့ခြင်း ဖြစ်သည်ဟု ဘီလိဂိတ်စ်က ဆိုသည်။ သူက ဤအကြောင်းနှင့်ပတ်သက်ပြီး -
“မိုက်ခရိုဆော့ဖ်ကို စတင်တော့ ကျွန်တော်တို့ အလုပ်ကိုလာချိန်မှာ ကားလေးတစ်စီး ပန်းခြံထဲမှာရပ်ထားတာကို အမြဲတွေ့ကြရတယ်။ ကျွန်တော်တို့ အလုပ်ကို စောစောလာလည်း အဲဒီကားလေးက ပန်းခြံထဲမှာ ရောက်နေပြီ။ ကျွန်တော်တို့ အလုပ်က နောက်ကျမှ ပြန်လည်း ကားလေးက ပန်းခြံထဲမှာ ရှိနေတုန်းပဲ။ အဲဒီကားကို ပြိုင်ချင်တာနဲ့ ကျွန်တော်တို့ အလုပ်ကို စောစောလာပြီး နောက်ကျမှ ပြန်ကြတယ်။ ဒါပေမဲ့ ကားလေးအမြဲ ရှိနေတာပဲ။ ကျွန်တော်တို့က တစ်ယောက်နဲ့တစ်ယောက် ကြည့်ပြီးတော့ အဲဒီကားပိုင်ရှင် ဘယ်သူလဲ၊ ဘယ်လောက်တောင် အလုပ်လုပ်တဲ့သူလဲ ဆိုပြီးတော့ အံ့အားသင့်ကြတာပေါ့”ဟုဆိုသည်။ လပေါင်းများစွာ သူတို့ ထိုကားနှင့်ပတ်သက်ပြီး အဖြေရှာမရ ဖြစ်နေကြသည်။ 

ယနေ့ မိုက်ခရိုဆော့ဖ်၏ ဈေးကွက်လည်ပတ်အားက ဒေါ်လာ ၂၃၀ ဘီလီယံခန့် ရှိနေသည်။ ၂၀ဝ၈ ခုနှစ် ဝင်ငွေက ဒေါ်လာ ဘီလီယံ ၆၀ ကျော်သည်။ ကမ္ဘာအနှံ့ မိုက်ခရိုဆော့ဖ် ကုမ္ပဏီဝန်ထမ်းပေါင်း ၉၀ဝ၀ ခန့်ရှိသည်။ ၂၀ဝ၀ ပြည့်နှစ်တွင် ဘီလ်ဂိတ်စ်သည် မိုက်ခရိုဆော့ဖ်ကို တတ်နိုင်သမျှ လွှတ်ထားလိုက်ပြီး ကုမ္ပဏီ၏ အမှုဆောင်ဥက္ကဋ္ဌ ရာထူးလောက်ကိုသာ ယူထားခဲ့သည်။ ယနေ့ သူချမ်းသာကြွယ်ဝမှုမှာ ဒေါ်လာ ၈၇ ဘီလီယံ ကျော်နေပြီဖြစ်သည်။ သူကတော့ အလှူတွေနှင့် မွေ့လျော်နေသည်။ Bill & Melinda Gates ဖောင်ဒေးရှင်းကို ထူထောင်ပြီး ကမ္ဘာ့အနှံ့ အကျိုးရှိသည့် အလှူများပေးလျက် ရှိသည်။

၁၉၇၀ ပြည့်နှစ်ခန့်က ဂိတ်စ်သည် ဘီဘီစီသတင်းဌာနသို့ -

“ကျွန်တော်တို့ဟာ ကွန်ပျူတာကို အသုံးပြုပြီးတော့ ကြွယ်ဝချမ်းသာလာကြတာပါ။ ဆီရက်တဲလ်က ကုမ္ပဏီမှာ အလွန်ဈေးကြီးတဲ့ ကွန်ပျူတာလေးတစ်လုံး ဝယ်ထားတယ်။ ကျွန်တော်တို့ကို သူတို့က ညဘက်မှာပဲ အဲဒီကွန်ပျူတာကို သုံးစေချင်ကြတယ်။ အထူးသဖြင့်တော့ သူတို့ပြဿနာတွေကို ကူညီဖြေရှင်းပေးဖို့ပေါ့။ ဒါကြောင့် ကျွန်တော်တို့က ညဘက်မှာ ကုမ္ပဏီကိုလာပြီး ကွန်ပျူတာကို အခမဲ့ သုံးကြတယ်။ ကျွန်တော်တို့ တစ်ညလုံး ကွန်ပျူတာနဲ့နေပြီး သူ့မှာပါလာတဲ့ အညွှန်းကို နားလည်အောင် လုပ်ကြတယ်။ တကယ့်ကို ပဟေဠိပုစ္ဆာတွေကို ဖြေရှင်းနေရသလိုပဲ။ ကျွန်တော်တို့ ထူးဆန်းမှုနောက်ကို လိုက်ရင်းနဲ့ ရပ်လို့မရတော့ဘူး။ အစပိုင်းမှာ ကျွန်တော်တို့ ကလိတဲ့အဆင့်ပဲ ရှိသေးတယ်။ နောက်ပိုင်း ကွန်ပျူတာလည်ပတ်တဲ့ စနစ်ရဲ့ Source Code ကို သွားပြီးတော့ ဖော်ထုတ်လိုက်နိုင်တယ်။ တွေ့သူကတော့ ပေါလ်အယ်လန်ပါ။ သူ့ကို ဦးညွှတ်မိပါတယ်”

ဂိတ်စ်က ကွန်ပျူတာများကို အသုံးပြုခဲ့ရပုံနှင့် ပတ်သက်ပြီး -

“ကျွန်တော်တို့ ပထမဆုံး အသုံးပြုခဲ့တဲ့ ကွန်ပျူတာက မီနီကွန်ပျူတာ ဆိုပေမယ့် အခန်းတစ်ခန်းရဲ့ ငါးပုံတစ်ပုံစာလောက် ကြီးသေးတယ်။ နောက်တော့ ကွန်ပျူတာကို သေးသည်ထက် သေးအောင် ဆားကစ်ဘုတ်တွေကို ချုံ့ပြီးတော့ လုပ်လာကြတယ်။ ဈေးကလည်း ပိုကြီးသွားတယ်။ ဒေါ်လာ ၂၀ဝ၀ဝ လောက်ဆိုတာ ဈေးအပေါဆုံးပဲ။ နောက်ပိုင်း Intel ပေါ်လာတယ်။ Chip တွေ ထုတ်လာနိုင်တယ်။ အစပိုင်းမှာ အစွမ်းထက်တဲ့ Chip တွေ မဟုတ်သေးဘူးလို့ ပေါလ်ကပြောပေမယ့် လုပ်ဆောင်မှုကတော့ ရင်သပ်ရှုမောပဲ” ဟုဆိုသည်။

ဂိတ်စ်နှင့် သူ့အပေါင်းအသင်းများသည် မကြာမီ ဆော့ဖ်ဝဲများကို စတင် ရေးကြသည်။ Chip အသစ်နှင့်ကိုက်ညီစွာ လုပ်ဆောင်နိုင်မည့် ဆော့ဖ်ဝဲများ ဖြစ်သည်။ 
“ပေါလ်က လူတွေငှားဖို့၊ ဈေးတွက်ဖို့၊ ရောင်းချဖို့ အားလုံး ကျွန်တော့်ကို အားထားတယ်။ ဒါကြောင့် ကျွန်တော်က အဖွဲ့မှာ တာဝန်ခံဦးဆောင်သူ ဖြစ်လာတယ်။ ဒါပေမဲ့ ပေါလ်က အားလုံးမှာ အခရာပဲ”

ဂိတ်စ်က အပြင်ထွက်ပြီး သူတို့ တီထွင်ထားမှုများကို သုံးစွဲမည့် ဖောက်သည်များ စိတ်ဝင်စားအောင် လုပ်ရသည်။ ကုမ္ပဏီများတွင် ဝယ်ယူထားသည့် ကွန်ပျူတာများတွင် သူတို့အဖွဲ့ တီထွင်ရေးထားသော ဆော့ဖ်ဝဲများကို အသုံးပြုရန်ဖြစ်သည်။ ဂိတ်စ်က ဤနေရာတွင် ထူးချွန်သူဖြစ်သည်။ 

“ကျွန်တော်တို့ ကိုယ့်ဖောက်သည်တွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ဖြစ်လာအောင် ကြံဆောင်ရတယ်။ သူတို့ လုပ်ချင်တာတွေ၊ ဖြစ်ချင်တာတွေ၊ တောင်းဆိုတာတွေကို ကျွန်တော်တို့က လုပ်ပေးရတယ်။ ကျွန်တော်တို့ အခက်အခဲကတော့ တစ်ယောက်တစ်မျိုး ဖြစ်နေတာတွေကို စုစည်းပေးရတာပဲ”
ဂိတ်စ်က သူ့ကုမ္ပဏီ အောင်မြင်ခဲ့ပုံနှင့် ပတ်သက်ပြီး လျှို့ဝှက်ချက်မှာ သူတို့ တီထွင်ထားသော ဆော့ဖ်ဝဲ အတွဲလိုက်ကို ဆရာဝန်များ၊ အင်ဂျင်နီယာများ သာမက သုဘရာဇာအဆုံး သုံးစွဲလာနိုင်စေရန် တီထွင်နိုင်ခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။ 

“ကျွန်တော်တို့ ဆော့ဖ်ဝဲတွေ အများကြီး ရေးလာနိုင်လေ လူတွေက ကွန်ပျူတာတွေကို ဝယ်သုံးလာကြလေပဲ။ ကွန်ပျူတာတွေကလည်း ဈေးချိုလာတော့ လူတိုင်း ဝယ်သုံးနိုင်တဲ့အဆင့် ဖြစ်လာကြတယ်လေ။ ဒါကြောင့် IBM PC ကွန်ပျူတာတွေလည်း အောင်မြင်လာရတော့တာပေါ့”

ဂိတ်စ်က သူတို့အနေနှင့် IBM ကုမ္ပဏီနှင့် ညှိနှိုင်းဆောင်ရွက်သည်များ သိပ်မရှိကြောင်း၊ သို့သော် IBM ကွန်ပျူတာများပေါ်တွင် မိုက်ခရိုဆော့ဖ်ကထုတ်သည့် Windows Operating System (OS) ကို မဖြစ်မနေ သုံးစွဲလာရသည့် အနေအထားကို ရောက်လာခဲ့ကြောင်း၊ ယင်းသို့ ဖြစ်လာရသည်မှာ မိမိနှင့်တကွ မိမိအဖွဲ့သည် ကိုယ်ထုတ်လုပ်လိုက်သည့် ထုတ်ကုန်ပစ္စည်းတစ်ခုအပေါ်တွင် ယုံကြည်မှု ရှိခြင်းကြောင့် ဖြစ်သည်ဟု ပြောပြသည်။
 
“ကျွန်တော်တို့မှာ တန်ဖိုးကြီးတဲ့ အမြင်တွေရှိတယ်။ အဲဒီအမြင်တွေကြောင့်ပဲ ကျွန်တော်တို့ လုပ်ချင်တာတွေကို လုပ်ဆောင်နိုင်ခဲ့တယ်။ ကျွန်တော်တို့နဲ့ ပြိုင်ဘက်တွေဟာ ကျွန်တော်တို့ကို လိုက်မမီတာလည်း အဲဒီလိုအမြင်တွေ မရှိကြလို့ပဲ။ သူတို့က ကမ္ဘာကြီး ဘာတွေဖြစ်နေပြီလဲဆိုတာ နားမလည်ကြဘူး။ လူတွေရဲ့ စီးပွားရေး လုပ်ငန်းတွေဆီကို ဘာတွေ ယူသွားပေးရမယ်၊ တပ်ဆင်ပေးရမယ်ဆိုတာ နားမလည်ကြဘူး”

သူတို့ နားမလည်သည့်အရာတစ်ခုကို ဂိတ်စ်က ကောင်းစွာ လုပ်ဆောင်ပေးနိုင်ခဲ့သည်။ သူက -

“ကျွန်တော်တို့ အမှားတွေ လုပ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ အမှားတွေက ကျွန်တော်တို့ ပြန်ပြီးတော့ သင်ယူခဲ့ကြတယ်။ ကျွန်တော်တို့နဲ့ ပြိုင်ဘက်တွေက တီထွင်ကြတာပါပဲ။ ဒါပေမဲ့ သူတို့က သူတို့ တီထွင်လိုက်တာဟာ အသုံးချပစ္စည်းတစ်ခုလား၊ မရှိမဖြစ် လိုအပ်ချက် တစ်ခုလားဆိုတာ မခွဲခြားတတ်ကြဘူး”

ယခု ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီးတစ်ဦးဖြစ်နေသူ ဂိတ်စ်က လူငယ်များကို ပြောကြားသည့် စကားမှာလည်း စိတ်ဝင်စားစရာဖြစ်သည်။

“ကျွန်တော်တို့ရဲ့ လူငယ်တွေမှာရှိတဲ့ အစွမ်းအစတွေကို ဖော်ထုတ်ပေးရမယ်။ ဒါမှ သူတို့ ဆင်းရဲတွင်းက လွတ်ကင်းနိုင်မယ်။ ရောဂါဘယတွေကို ကာကွယ်နိုင်ပြီး စမတ်ကျကျ နေထိုင်နိုင်မယ်။ သူတို့ဝင်ငွေကို ဘယ်လောက်ပဲ မျှော်မှန်းသည်ဆိုစေ သူတို့ကို တိုးတက်အောင် လုပ်ပေးရမယ်။ သူတို့အနာဂတ် တောက်ပလာအောင် ကျွန်တော်တို့ ရင်းနှီးမြှုပ်နှံပေးဖို့ လိုတယ်”

  • VIA
  • TAGS