News

POST TYPE

TIP

အိပ်မက်များဖြင့် ချမ်းသာလာသူ မိုက်ကလဲ (Mike Clare)
21-May-2017 tagged as


“လူကောင်းတွေမွေး၊ ရအောင်ထိန်း၊ သူတို့ကို စိတ်ဓာတ်လည်း မြှင့်တင်ပေး”

သူသည် Dreams ကုမ္ပဏီကို ထူထောင်သူတစ်ဦး ဖြစ်သည်။ သူနှင့်ဇနီးဖြစ်သူတို့ နှစ်ယောက် ပေါင်းပြီး စိတ်ကူးခဲ့သော Dreams ဆိုသည်မှာ မွေ့ရာလုပ်ငန်းတစ်ခုဖြစ်ပြီး ဗြိတိန်နိုင်ငံ၏ လုပ်ငန်းကြီးတစ်ခု ဖြစ်လာသည်။ ယနေ့ဆိုလျှင် စတာလင်ပေါင် ၂၂၂ သန်းကျော် ရင်းနှီးမြှုပ်နှံပြီး လုပ်ဆောင်နေသည့် လုပ်ငန်းကြီးတစ်ခုအဖြစ် ရပ်တည်နေနိုင်ပြီဖြစ်သည်။

“ကျွန်တော်တို့ ဖြန့်ချိရေးတွေက ခုဆိုရင် အမေရိကအထိ ခြေဆန့်နေပါပြီ”ဟုဆိုသည်။ မိုက်တစ်ယောက်ခုဆိုလျှင် Dreams Plc ဆိုသည့်ကုမ္ပဏီကြီးကို ထူထောင်ခဲ့သူတစ်ဦး သာမက ဥက္ကဋ္ဌရာထူးကိုပါ ရယူထားသူလည်း ဖြစ်သည်။ သူက -

“ပြဿနာက ဖြန့်ချိရေးပဲ။ မွေ့ရာတွေကို ပို့ပေးမယ့် ဒရိုင်ဘာတွေက စီးထားတဲ့ ဘွတ်ဖိနပ်ကြီးတွေက ညစ်ပတ်နေတယ်။ အိပ်ခန်းတွေက သန့်ရှင်းတဲ့ ကော်ဇောတွေ ခင်းထားတာ များတယ်။ ပို့တဲ့ဒရိုင်ဘာတွေက ဖိနပ်ချွတ်လည်း သူတို့ခြေအိတ်တွေက အပေါက်တွေနဲ့ဆိုတော့ မွေ့ရာမှာတဲ့ ဖောက်သည်တွေက သိပ်သဘောမကျကြဘူး။ သူတို့က ကြမ်းပြင်တွေပေါ်ကို အချိန်မီ တစ်ခုခု ခင်းဖို့ဆိုတာလည်း မဖြစ်နိုင်ဘူးလေ။ ဒါကြောင့် ကျွန်တော်တို့က မွေ့ရာပို့တဲ့သူတွေကို အသစ်စက်စက် ဖိနပ်တွေ ထုတ်ပေးထားရတယ်။ သူတို့ကို မွေ့ရာတွေ သွားပို့ရင် အဲဒီအထူး ဖိနပ်တွေစီးပြီးမှ ပို့စေတယ်။ ဖောက်သည်တွေက ဒီမြင်ကွင်းကို ယုံတောင် မယုံကြဘူး။ ဒါပေမဲ့ အဲဒါက တကယ့်ကို အထင်ကြီး လေးစားစရာ ကိစ္စတစ်ခု ဖြစ်သွားစေတယ်”

၁၉၈၇ ခုနှစ်ကဆိုလျှင် သူမွေ့ရာ အရောင်းဆိုင်တစ်ဆိုင်သာ ဖွင့်နိုင်ခဲ့သည်။ ယနေ့ဆိုလျှင် ဗြိတိန်၌ သူ့ဆိုင်ခွဲပေါင်း ၁၅၀ ကျော်ရှိသည်။ သူရင်းနှီးမြှုပ်နှံထားသည်ကပင် စတာလင်ပေါင် သန်း ၂၀ဝ ကျော် ရှိနေပြီ။ လွန်ခဲ့သည့် ငါးနှစ်တာ ကာလကို ပြန်တွက်လျှင် နှစ်စဉ် ၃၀ ရာခိုင်နှုန်းကျော် တိုးတက်လာခဲ့ခြင်း ဖြစ်သည်။ သို့သော် သူ့လုပ်ငန်းက ၁၀ဝ ရာခိုင်နှုန်း သူပိုင်ဖြစ်သည်။ 

သူ့ကုမ္ပဏီနှင့် ပတ်သက်ပြီး သူက -

“လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကျွန်တော့်ကုမ္ပဏီကို ရောင်းမယ်ဆိုတဲ့ အသံတွေ ထွက်လာတယ်။ ဒါပေမဲ့ နှစ်တိုင်းဆိုင်တွေက အတိုးပဲရှိတယ်။ ကျွန်တော်က ကျွန်တော့်မှာ သားသမီး ငါးယောက်ရှိတယ်လို့ ပြောလိုက်တော့ လူတွေ ထင်ကြမယ်။ လေးယောက်ပဲရှိတာ များလို့။ ကျွန်တော့် ငါးယောက်မြောက် သားသမီးက Dreams ပဲ။ ကျွန်တော်က သူတို့အားလုံးကို မွေးထုတ်ခဲ့ရတာပါ။ သဘာဝအတိုင်း မွေးထုတ်ခဲ့ပြီးတော့ ကြီးပြင်းအောင် ကျွေးမွေးစောင့်ရှောက်ခဲ့ရတာပါ။ ညဥ့်လယ်ဆိုရင် စိုးရိမ်ပြီးတော့တောင် ထထကြည့်ခဲ့ရတာပါ။ သူတို့ကို ကျွန်တော် ဘယ်လို ရောင်းပစ်နိုင်မှာလဲဗျာ”

မိုက်သည် ၁၉၈၇ ခုနှစ်တွင် Dreams ကို စတင် မထူထောင်မီကတည်းက ပရိဘောဂ ထုတ်လုပ်သည့် ကုမ္ပဏီကြီးများကို လေ့လာခဲ့ပြီး ဖြစ်သည်။ထိုကုမ္ပဏီကြီးတွေပုံစံက ဗြူရိုကရက်ဆန်သည်။ ရှေးရိုးဆန်ပြီး စွန့်ဦးတီထွင် ဖောက်ထွက်ထားသည့် အသွင် မပေါက်ခဲ့ပေ။ သူ့ကုမ္ပဏီကို စတင်သည့်အခါတွင် ဆိုဖာမွေ့ရာများကို စတင် ရောင်းခဲ့သည်။ သို့သော် ၁၉၉၀ ပြည့်နှစ်တွင် မွေ့ရာပုံစံတစ်မျိုးကို ပြောင်းလဲထုတ်ခဲ့သည်။ 

“ကျွန်တော်တို့က အင်္ဂါနေ့တိုင်း အစည်းအဝေး ထိုင်တယ်။ ကျွန်တော်တို့ ဘာတွေ ပြောင်းသင့်သလဲဆိုတာ ဆွေးနွေးကြတယ်။ အဲဒီကနေ Dreams ဆိုပြီးတော့ ပြောင်းလိုက်ကြတယ်။ ကျွန်တော့် စာရင်းကိုင်က အဲဒီနာမည်ကို သိပ်ပြီး သဘော မကျကြဘူး။ ဘာကြောင့် သဘောမကျဘူး ဆိုတာကိုလည်း သူမပြောတတ်ဘူး။ အေးလေ သူက ဘယ်ပြောနိုင်မလဲ။ စာရင်းကိုင်ကိုး”

နောက် ခြောက်လအတွင်း သူတို့ ဆိုဖာမွေ့ရာများ ရောင်းရသည့် အရေအတွက်ထက် Dreams မွေ့ရာတွေက ပိုပြီး ရောင်းလာရသည်။ သူတို့ အောင်မြင်မှုများ စတင် ရလာခဲ့ပြီဟု ဆိုရမည်။ သူတို့ ဆိုင်သစ်တစ်ခု စတင် ဖွင့်နိုင်ခဲ့သည်ကို သူက -

“ဒါပေမဲ့ ကျွန်တော်တို့မှာ ပြဿနာတွေနဲ့။ လုပ်ငန်းမှာကိုက ပြဿနာပေါ်နေတာ။ ၁၉၈၀ ဝန်းကျင်မှာ ကားတိုက်တာတွေ ကြုံတယ်။ ကွန်ပျူတာ ပျက်တယ်။  ဝန်ထမ်းတွေက ခိုးတယ်။ ပြိုင်ဘက်တွေက အမျိုးမျိုး နှောင့်ယှက်တယ်။ ဒါပေမဲ့ စီးပွားရေး လုပ်ငန်းပဲ။ အဲဒီလောက် လွယ်နေမှတော့ လူတိုင်း လိုက်လုပ်လို့ အောင်မြင်ကုန်မှာပေါ့။ ကျွန်တော်တို့ ခမ်းနားအောင်ပြင်၊ ပါတီပွဲတွေလုပ်၊ မြို့တော်ဝန်ကိုဖိတ်၊ ကိတ်မုန့်ကိုလည်း မွေ့ရာပုံစံလုပ်ပြီး ခွဲခိုင်းတာတွေ လုပ်ပစ်လိုက်တာ”

နောက်ဆုံး Dreams ကို ပြခန်းကြီး တစ်ခုအသွင်ဖြင့် အကြီးကျယ် အခမ်းနားဆုံး ဆိုင်ကြီးတစ်ခု ဖွင့်နိုင်ခဲ့ပြီဖြစ်သည်။ သူနှင့် ပြိုင်ဘက်တွေထက် ဈေးသက်သာသည့် မွေ့ရာများကို ရောင်းချနိုင်ခဲ့သည်။ သူ့မွေ့ရာတွေက ဈေးပေါရခြင်းမှာ အဟောင်းတွေကို ပြန်ဝယ်ပြီး ပြန်သုံး၍ရသည့် အပိုင်းတွေကို ပြန်သုံးခြင်းကြောင့် ဖြစ်သည်။ သူတို့ မွေ့ရာဖျက်စက် တစ်လုံးထောင်သည်။ သတ္တုတွေ၊ သံတွေ၊ သစ်သားတွေကို သီးခြား ခွဲပြီး ပြန်သုံး၍ရသည် တို့ကိုပြန်သုံးသည်။

သူ့လုပ်ငန်း အောင်မြင်ခဲ့ရခြင်းနှင့် ပတ်သက်ပြီး -

“ကျွန်တော့်မှာ ဝန်ထမ်း ၁၂၀ဝ လောက် ရှိလာတယ်။ လူကောင်းတွေ မွေး၊ ရအောင်ထိန်း၊ သူတို့ကို စိတ်ဓာတ်လည်း မြှင့်တင်ပေးရတယ်။ ဝန်ထမ်းတွေကို အကောင်းမြင်စိတ်တွေ မွေးနိုင်အောင် လေ့ကျင့်ပေးရတယ်။ အဆိုးမြင်တတ်တဲ့သူတွေကို မခန့်ဘူး။ ကျွန်တော်တို့ လူရှာတာ ရိုးရိုးလေးပါ။ စိတ်ဓာတ် ကောင်းတဲ့သူတွေနဲ့ ကိုယ်ရည်ကိုယ်သွေး ကောင်းသူတွေပဲ ခန့်တယ်။ ပျင်းရင်၊ ဆိုးရင်၊ မရိုးသားရင် ကျွန်တော် မငှားဘူး”ဟုဆိုသည်။ သူက အင်တာဗျူးလုပ်ပုံနှင့် ပတ်သက်ပြီး -

“လူတွေကို ဆက်ဆံရတာ လွယ်တော့ မလွယ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်က ရယ်တတ်သလား၊ ပြုံးတတ်သလား ဆိုတာတွေလည်း ကြည့်တယ်။ အင်တာဗျူး တစ်ခုမှာဆိုရင် တစ်ယောက်က အတော်လေး ကောင်းနေတယ်။ ဒါပေမဲ့ သူက မှိုင်တိုင်တိုင်။ ဒါနဲ့ ကျွန်တော်က သူ့ကို မင်း ဟာသလေး ဘာလေးရလားလို့ မေးလိုက်တယ်။ သူက ထိတ်လန့်သွားပြီးတော့ ဘာဟာသလဲတဲ့။ ဒီကောင် ဟာသတောင် မသိဘူး။ ဒီကောင့်ကို မခန့်ပါဘူး”

မိုက်ကလဲသည် ခြောက်နှစ်အတွင်း လုပ်ငန်းကို နှစ်ဆချဲ့နိုင်ခဲ့သည်။ သူ့လုပ်ငန်း အောင်မြင်ခဲ့ရသည့် ဒဿနက ရိုးရိုးလေးပင်။

“ဖိနပ်နဲ့ အိပ်ရာဆိုတာ တစ်ခုမဟုတ် တစ်ခုကတော့ ရှိနေမှဖြစ်မှာ”

  • VIA
  • TAGS