News

POST TYPE

TIP

ကလေးတွေအတွက် အာဟာရ ပြည့်ဝတဲ့ ထမင်းဘူး ပြင်ဆင်နည်း
20-May-2017


ကျောင်းဖွင့်တဲ့ရာသီ ရောက်တဲ့အခါ ကလေးတွေအကြိုက် ထမင်းဘူး ထည့်ပေးရတာ လွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ကလေးလည်း စားချင်မယ့်အပြင် ကျန်းမာရေးနဲ့လည်း ညီညွတ်မယ့် ထမင်းဘူးတွေ ပြင်ဆင်တဲ့အခါ အထောက်အကူဖြစ်မယ့် အချက်အချို့ကို ဖော်ပြပေးလိုက်ပါတယ်။

နေ့လယ်စာ ထမင်းဘူးပြင်တဲ့အခါ ဘာတွေ ထည့်ပေးမလဲ

အခြေခံအားဖြင့် ထမင်း၊ အာလူး၊ ပေါင်မုန့်၊ ခေါက်ဆွဲတို့လို ကာဗိုဟိုက်ဒရိတ်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို မပါမဖြစ် ထည့်ပေးပါ။

လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေကို ထည့်ပါ။

အသားဓာတ်အတွက် ပဲအမျိုးမျိုး၊ ကြက်ဥ၊ ငါး၊ အသားနဲ့ နို့ထွက်ပစ္စည်းတွေ ထည့်ပါ။

အရည်အနေနဲ့ သောက်ရေ၊ သကြားပါဝင်မှု နည်းတဲ့ အချိုရည် ထည့်ပေးနိုင်ပါတယ်။

သန့်ရှင်းတဲ့ အဆာပြေစာအတွက် ဘယ်လို ပြင်ပေးမလဲ

ကလေးတွေက အစာစားတဲ့အခါ လက်ချောင်းတွေနဲ့ နှိုက်စားရတာကို ကြိုက်ကြပါတယ်။ ကလေးတွေအတွက် ကန်ဇွန်းဥပြုတ်၊ ပန်းသီး၊ လိမ္မော်သီး၊ သရက်သီးတို့လို လတ်ဆတ်တဲ့ အသီးအနှံတွေကို ရာသီပေါ်သီးနှံအလိုက် မုန့်ဘူးထဲကို လှီးဖြတ် ထည့်ပေးပါ။

စတော်ဘယ်ရီ၊ စပျစ်သီးစတဲ့ အလုံးလိုက် စားလို့ရတဲ့ အသီးတွေဆိုရင်လည်း ကလေးတွေအတွက် မိဘ၊ ဆရာ အကူအညီ မလိုဘဲ သူ့ဘာသာသူ ယူစားလို့ရတဲ့ အသီးအနှံတွေပါ။

ပေါင်မုန့်ခြောက်၊ ကိတ်မုန့်ခြောက်ဆိုရင်လည်း လက်နဲ့ အလွယ်တကူ ယူစားနိုင်တဲ့ အစားအစာတွေ ဖြစ်ပါတယ်။ မုန့်ဘူးပြင်ပေးတဲ့အခါ သတိထားရမှာက အဆီများလွန်းတဲ့၊ အချိုများလွန်းတဲ့ အစားအစာတွေ မထည့်ဖို့ပဲ ဖြစ်ပါတယ်။

ယိုခြောက်၊ အသီးခြောက်တွေကိုတော့ အဆာပြေအဖြစ် ထည့်ပေးဖို့ မတိုက်တွန်းချင်ပါဘူး။ များသောအားဖြင့် အခြောက်လုပ်ထားတဲ့ အသီးတွေဟာ သကြားဓာတ်ပါဝင်မှု အလွန်များပါတယ်။ ချိုလွန်းတဲ့ အစားအစာတွေက ကလေးတွေရဲ့ သွား ကျန်းမာရေးအတွက် မကောင်းပါဘူး။

ကလေးကို အစားစားချင်စိတ် ဖြစ်အောင် ဘယ်လိုလုပ်မလဲ

အစားရွေးတဲ့ကလေး၊ အစားနည်းတဲ့ ကလေးတွေအတွက် ကျောင်းတက်တဲ့အချိန်မှာ နေ့လယ်စာကိုကုန်အောင် မစားကြမှာကို မိဘတွေက စိတ်ပူတတ်ကြပါတယ်။ ဒါ့ကြောင့် ကျောင်းတက်ရတဲ့နေ့တွေမှာ နေ့လယ်စာကို ကုန်အောင် စားဖို့ မိဘတွေက ဆွဲဆောင်ရမယ့် နည်းလမ်းလေး ရှိပါတယ်။

ကလေးအတွက် ထမင်းဘူးပြင်တဲ့အခါ ထမင်းဘူးထဲမှာ ဘာတွေထည့်မယ်ဆိုတာကို ကလေးနဲ့ စကားပြောဆိုပြီး ထည့်ပါ။ သူစားချင်တယ် ပြောတာလေးတွေ ထည့်ပေးပါ။ သူကိုယ်တိုင် ထည့်ချင်တယ် ဆိုရင်လည်း ထည့်ခိုင်းပါ။

ဈေးဝယ်ထွက်တဲ့အခါ ကလေးနဲ့ အတူသွားပါ။ ကိုယ်ဝယ်မယ့် ဟင်းသီးဟင်းရွက်၊ အသားငါး လတ်ဆတ်သန့်ရှင်းမှုကို ကလေးတွေကို ရွေးခိုင်းပါ။  ဈေးဝယ်စင်တာတွေမှာဆိုရင် အညွှန်း ရေးထားတဲ့စာတွေကို ကလေးတွေကို ဖတ်ခိုင်းပါ။ သူတို့စားမယ့် အစားအစာအပေါ် သူတို့ စိတ်ဝင်စားလာပါလိမ့်မယ်။

Reference: http://www.nhs.uk

  • VIA