POST TYPE

TIP

သူများကိုအားကျ ဘဝကိုစခဲ့ရသူ ဒယ်နီရယ် ပရစ်လေ (Daniel Priestley)
15-May-2017 tagged as


“လုပ်ငန်းက အကျိုးအမြတ် လိုချင်ရင် လုပ်ငန်းကို ပိုပြီးတော့ ကျွမ်းကျင်အောင်လုပ်ပါ”

ဒယ်နီရယ် ပရစ်လေ၏ မိခင်သည် သူအသက် ၁၀ နှစ်သားအရွယ်တွင်  ဘရစ်ဘိန်းရှိ သူတို့နေအိမ်ကြီး မီးလောင်သည့်အခါ တစ်ကိုယ်လုံးနီးပါး မီးလောင်ခံခဲ့ရသည်။ သူ့ဖခင်ကလည်း တစ်အိမ်လုံးရှိ ပစ္စည်းများ အားလုံးနီးပါး မီးလောင်ပျက်စီး ဆုံးရှုံးခြင်း ခံလိုက်ရသည်။ ပရစ်လေက အိမ်ကို ရှင်းလင်းရာက ကောင်းသည့် ပစ္စည်းလေးများကို ပြန်လည် စုဆောင်းပြီး ရောင်းချခွင့်ကို ဖခင်ထံမှ ခွင့်တောင်းသည်။ ထို့နောက် သူက အိမ်နီးချင်းများထံကို သူ့ထံတွင် ပစ္စည်းများ ရောင်းစရာရှိကြောင်း လိုက်လံ အကြောင်းကြားသည်။

ပစ္စည်းဟောင်းများကို ရောင်းချသည့်အတွက် ရသည့်ငွေဖြင့် သူက ကွန်ပျူတာအသစ် တစ်လုံးသာမက BMX စက်ဘီးအသစ် တစ်စီးကိုပါ ဝယ်လိုက်နိုင်သည်။ ယင်းအတွေ့အကြုံသည် သူ၏ ပထမဆုံး လုပ်ငန်း အတွေ့အကြုံပင်ဖြစ်သည်။ 

နောက်ပိုင်းတွင် သူသည် McDonald ဆိုင်တွင် အလုပ် ဝင်လုပ်သည်။ သူ့အလုပ်က ဆိုင်ခွဲများတွင် တာဝန် ထမ်းဆောင်မည့် ဝန်ထမ်းသစ်များကို လေ့ကျင့်ပေးရသည့် အလုပ်ဖြစ်သည်။ သူသည် တဖြည်းဖြည်း လုပ်ငန်းတွင် ဆရာကြီးတစ်ယောက် ဘဝကို ရောက်လာရသည်။ သူက အလုပ်သမားတစ်ယောက် တစ်နာရီကို ငါးဒေါ်လာ ရနေချိန်တွင်၊ အလုပ်ရှင်က ဘာမှမလုပ်ဘဲ တစ်နာရီ ၁၀ ဒေါ်လာ ထိုင်ယူနေသည့် သဘောတရားကို ရှင်းပြသည်။

သူအသက် ၁၈ နှစ်အရွယ် ဗာလင်တိုင်းနေ့နှင့် ဆုံသည့်အချိန်တွင် ပရစ်လေသည် ဒေါ်လာ ၄၀ ဖိုး နှင်းဆီပန်း အပွင့် ၁၀ဝ ဝယ်လိုက်သည်။ သူ့ဖခင်၏ ဝတ်စုံကို ကျကျနန စတိုင်ကျကျ ဝတ်ဆင်ပြီး နှင်းဆီပန်းများကို တစ်အိမ်တက်ဆင်းလိုက်ရောင်းသည်။ ဒေါ်လာ ၄၀ဝ ရလိုက်သည်။ ကောလိပ် တက်ရသည့်အချိန်တွင် စီးပွားရေး လုပ်ငန်းဆိုင်ရာ ဘာသာရပ်ကို ယူသည်။ သူ့ကို ကျောင်းသားတွေက စီးပွားရေး စိတ်ကူးစိတ်သန်းတွေအကြောင်း ဟောပြောပေးရန် တောင်းဆိုခြင်း ခံရသည်။

ပရစ်လေက အသက် ၁၅ နှစ်မှ ၁၈ နှစ်သားများကို အရက် မသောက်သည့် နိုက်ကလပ်တစ်ခု ဖွင့်ခိုင်းသည်။ သူက ကျောင်းသားတွေထံက ပြန်ပြီး သုတေသန လုပ်သည်။ သူတို့မိဘ နောက်ခံ၊ ငွေဘယ်လောက် သုံးနိုင်သနည်း စသည့်အချက်များကို သူက သုတေသန လုပ်ခဲ့သည်။ နောက်ဆုံး ဘယ်တော့ နိုက်ကလပ် ဖွင့်ချင်သနည်းဟု သူက ကျောင်းသားတွေကို မေးကြည့်သည်။ အားလုံးက ယနေ့ည စဖွင့်မည်ဟု တောင်းဆိုကြသည်။

ထိုညတွင်ပင် သူတို့ ဘရစ်ဘိန်း၌ ကျောင်းသားများအတွက် အကြီးဆုံး နိုက်ကလပ်တစ်ခုကို စတင် ဖွင့်နိုင်ခဲ့ကြသည်။ ပထမညတွင် ကျောင်းသားတစ်ဦးကို ၅ ဒေါ်လာ ကောက်သည်။ ကျောင်းသား ၆၀ဝ လာကြသည်။ သူက နိုက်ကလပ်ပွဲကို ၇ ကြိမ်တိုင် ဦးဆောင် ကျင်းပပေးခဲ့သည်။ ကျောင်းသားပေါင်း ၁၂၀ဝ ခန့်ကို စည်းရုံးထားနိုင်ခဲ့သည်။ ဝင်ကြေးကိုလည်း ၁၂ ဒေါ်လာအထိ တိုးမြှင့်ကောက်ခံခဲ့သည်။ သူလည်း ကောလိပ်က ထွက်ပစ်လိုက်တော့သည်။

ယနေ့ဆိုလျှင် ပရစ်လေတစ်ယောက် Triumphant Events ဆိုသည့် လုပ်ငန်းထောင်ကာ သူကိုယ်တိုင် MD ရာထူးကို ယူထားနိုင်ခဲ့သည်။ သူ့လုပ်ငန်းကို ဩစတြေးလျတွင် စတင်ခဲ့သော်လည်း ယခုအခါ လန်ဒန်အထိ ခရီးရောက်နေပြီဖြစ်သည်။ သူက လုပ်ငန်း အဘယ်ကြောင့် အောင်မြင်ခဲ့ရကြောင်းကို -

“ကျွန်တော်လုပ်ငန်း စဖြစ်ခဲ့တာက စွန့်ဦးတီထွင် လုပ်ငန်းရှင်အကြောင်း သင်တန်းကို သုံးရက်လောက် တက်ပြီးချိန် မှာဖြစ်ပါတယ်။ သင်တန်းကြေးက ဒေါ်လာ ၁၀ဝ၀ ပေးရတယ်။ တကယ့်ကို စိတ်ဝင်စားစရာ ကောင်းတဲ့ သင်တန်းပါ။ ပိုပြီး စိတ်ဝင်စားစရာ ကောင်းတာက သင်တန်းက အကျိုးအမြတ်။ အဲဒီသင်တန်းကို လူပေါင်း ၇၀ လာတက်ပြီး သူပြောတာကို နားထောင်ကြတယ်။ သူရသွားတဲ့ ငွေကြေး ပမာဏက ဒေါ်လာ ၇၀ဝ၀ဝ လေ”

သူက လုပ်ငန်းကို ပွဲတွေလုပ်ပေးပြီး အကျိုးအမြတ် ရရန် စိတ်ကူးမိသည်။ သူ့ကို တောင်းဆိုမှုတွေကလည်း ရှိလာသည်။ ထိုလုပ်ငန်းနှင့် ကုမ္ပဏီ ထောင်ပြီး အောင်မြင်ရန် ဆိုသည်မှာ လူငယ်တစ်ဦးအဖို့ အိပ်မက်ပင် မက်မိမည် မဟုတ်ပေ။ 

ပရစ်လေသည် အသက် ၂၁ နှစ်အရွယ်တွင် လုပ်ငန်းကြီးတစ်ခုကို စတင် လည်ပတ်နိုင်နေပြီဖြစ်သည်။ အသက် ၂၅ နှစ်ရောက်မီ ဈေးကွက် စီးပွားရေးဆိုင်ရာ ပညာပေး ဟောပြောပို့ချမှုများ၊ စီမံခန့်ခွဲရေးဆိုင်ရာ သင်တန်း ပို့ချပေးမှုများဖြင့် ဒေါ်လာ သန်းချီပြီး ရှာနိုင်သူ လုပ်ငန်းရှင်တစ်ဦး ဖြစ်လာသည်။ 

Dent Global ဆိုသည့် လုပ်ငန်းကြီးကို ထူထောင်ကာ နိုင်ငံတကာတွင် စီးပွားရေးဆိုင်ရာ အကြံပေးမှုများနှင့် ဟောပြော ပို့ချပေးမှုများကို လိုက်လုပ်ပေးနိုင်သည်အထိ အောင်မြင်မှုတွေ ရရှိလာခဲ့သည်။ သူ့အဖွဲ့များကို ဗြိတိန်၊ အမေရိကနှင့် ဩစတြေးလျ နိုင်ငံများတွင် အဖွဲ့ခွဲများအဖြစ် ထူထောင်နိုင်ခဲ့သည်။ နှစ်စဉ် သူ့လုပ်ငန်းမှ ကမ္ဘာ့စီးပွားရေး စွမ်းဆောင်ရှင်နှင့် လုပ်ငန်းရှင်ပေါင်း ၁၀ဝ၀ ခန့် မွေးထုတ်ပေးနေရသည့် လုပ်ငန်းကြီးတစ်ခု ဖြစ်လာခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် စွန့်ဦးတီထွင် အောင်မြင်သော လူငယ်လုပ်ငန်းရှင် ၁၀ဝ စာရင်းတွင် သူပါဝင်လာခဲ့သည်။ 

သူက လုပ်ငန်းတစ်ခု လုပ်ရာတွင် အဓိက အချက် လေးချက်ကို သတိပြုသင့်ကြောင်း ပြောသည်။

၁။ တန်ဖိုးရှိသည့်အရာကိုသာ ပေးမည်ဖြစ်ကြောင်း သက်သေပြနိုင်ရမည်
၂။ ကိုယ့်လုပ်ငန်းကို ဩဇာတိက္ကမရှိသော လုပ်ငန်းကြီးတစ်ခု ဖြစ်လာအောင် ထူထောင်နိုင်ရမည်
၃။ ကိုယ့်ဝန်ဆောင်မှု သို့မဟုတ် ကိုယ့်ထုတ်ကုန်ကို ကောင်းသည်ထက် ကောင်း အောင် လုပ်ဆောင်နိုင်ရမည်
၎။ ကိုယ့်လုပ်ငန်းထဲတွင် ကိုယ်ပိုင်နိုင်ကျွမ်းကျင်အောင် လုပ်ဆောင်နိုင်ရမည်

သူဗြိတိန်တွင် ဖွင့်လှစ်ထားသော လုပ်ငန်းခွဲကလည်း အခြေအနေ ကောင်းသည်။ ယခု သူနှင့်ပူးတွဲ လုပ်ကိုင်နေသည့် ဈေးကွက် လုပ်ငန်းပေါင်း ၁၂၀ ခန့်ရှိသည်။ 

“ကျွန်တော့်ကို လူတွေ အဖွဲ့အစည်းတွေက ဖိတ်ကြတယ်။ အီးမေးလ်တွေလည်း ပို့ကြတယ်။ သူတို့ဆီမှာ လာပြီး ဟောပြောပေးပါပေါ့။ သူတို့ အကျိုးအမြတ်တွေရရင် ကျွန်တော်လည်း ရတာပဲ”

ကုမ္ပဏီတွေက အတွေးအခေါ် ကောင်းကောင်း အကြံကောင်းကောင်းပေးမည့် ပြောနိုင်ဆိုနိုင်သူများကို လိုအပ်နေသည်။ ပရစ်လေတစ်ယောက် လက်မလည်နိုင်လောက်အောင် ဟောပြောပို့ချမှုတွေ လုပ်နေရသည်။ သူက သုံးလအတွင်း ဒေါ်လာသန်းချီပြီး ရှာပြလိုက်နိုင်သည်။ အသက် ၂၀ ကျော် လူငယ် တစ်ယောက်၏ အောင်မြင်မှုမှာ ကြောက်ခမန်းလိလိပင်။

  • TAGS